ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ ဖြစ်ပွားခဲ့သည့် အကြီးမားဆုံးစစ်ပွဲသည် လာ မည့်သီတင်းပတ်များအတွင်း အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိလာရန် တာစူနေသည်။
ရုရှားနှင့်ယူကရိန်းတို့ ၁၃ လကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဆုံးသတ်နိုင်မည့် အရိပ်အယောင် မတွေ့ရသေးချိန်တွင် အစောဆုံးဧပြီလ၌ နွေဦးတန်ပြန်ထိုးစစ် စတင်နိုင်ဖွယ်ရှိကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရ ရင်ဆိုင်နေရသည့် နည်းဗျူဟာဆိုင်ရာ အဓိကမေးခွန်းတစ်ခုမှာ ရုရှားတို့ကို သိမ်းပိုက်ခံနယ်မြေများမှ ယူကရိန်းစစ်တပ်က မည်သို့မည်ပုံ တိုက်ထုတ်သွားမည်လောဟူသည့် မေးခွန်းဖြစ်သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးသည် ကာလရှည်စစ်ပွဲကို ကြံ့ကြံ့ခံနိုင်အောင် ၎င်း၏တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စစ်ပွဲအခြေအနေအဆင့်ဆင့်
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို အင်ပြည့်အားပြည့် ကျူးကျော်ခဲ့သော်လည်း အဓိက စစ်ဆင်ရေးရည်မှန်းချက် အချို့ကို အောင်မြင်ခဲ့ခြင်းမရှိဘဲ ယမန်နှစ် ဇူလိုင်လအရောက်တွင် အရှိန်အ ဟုန်ကျဆင်းမှုနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။ ယူကရိန်းတို့က သြဂုတ်လမှ နိုဝင်ဘာလအထိ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အဓိက နယ်မြေအချို့ကိုပင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ရာသီဥတုပြင်းထန်သော ဆောင်းရာသီနှင့် ရွှံ့ထူသော နွေဦးရာသီအစောပိုင်းကာလအတွင်း စစ်ပွဲအရှိန်သည် တစ်စတစ်စ လျော့ကျလာခဲ့ပြီး အရှိန်အဟုန် ရပ်တန့်နေခဲ့သည်။
လက်ရှိတွင် ယူကရိန်းတို့က ရာသီဥတုကောင်းမွန်လာခြင်းကို အသုံးချ၍ တင့်ကားအများအပြားနှင့် အနောက်နိုင်ငံများတွင် လောလောလတ်လတ် စစ်ပညာသင်ကြားထားသည့် တပ်ဖွဲ့ဝင်များနှင့်အတူ အနောက်နိုင်ငံများက ပေးပို့ထားသော စစ်လက်နက်ပစ္စည်း အသစ်များဖြင့် စစ်မြေပြင်တွင် လက်ဦးမှုယူရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်။
သို့ရာတွင် ရုရှားတပ်များက မိုင်းကွင်းများ၏နောက်ကွယ်နှင့် မိုင်ချီရှည်လျားသည့် ကတုတ်ကျင်းများ တစ်လျှောက်တွင် အခိုင်အမာခံ စစ်ပြင်ဆင်ထားသည်။
ရုရှားတို့ မည်သို့ရင်ဆိုင်နေရသနည်း
ယူကရိန်းစစ်ပွဲသည် ရုရှား၏စစ်ရေးစွမ်းရည် အားနည်းချက်များကို လှစ်ဟပြခဲ့သည်။
စစ်မြေပြင်၌ ရုရှားတို့၏ဆုတ်ယုတ်မှုများအနက် စစ်ပွဲ၏အစောပိုင်း ကာလများတွင် မြို့တော်ကိယက်ဗ်ကို မသိမ်းယူနိုင်ခဲ့ခြင်း၊ နယ်မြေအချို့ကို ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိခြင်းနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ခုနစ်လတိုင်တိုင် ရှိလာသော်လည်း ယူကရိန်းအရှေ့ပိုင်းရှိ အကြီးအကျယ် ပျက်စီးနေသော ဘက်ခ်မွတ်မြို့ကို မသိမ်းယူနိုင်ခဲ့ခြင်းတို့လည်း ပါဝင်နေသည်။ ယူကရိန်း၏ ဓာတ်အားကွန်ရက် စနစ်များကို မရပ်မနား တိုက်ခိုက်ဖျက်ဆီးကာ ယူကရိန်း၏ တွန်းလှန်တိုက်ခိုက်လိုစိတ်ကို ချိုးဖျက်ရန် ကြိုးပမ်းမှုများသည်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။
ရုရှားထောက်လှမ်းရေးသည်လည်း ယူကရိန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုအပေါ် ဆိုးဆိုးရွားရွား တွက်ကိန်းမှားခဲ့သည်။ ထို့အပြင် ယခုစစ်ပွဲကြောင့် ရုရှား၏ စစ်အင်အားအရင်းအမြစ်များသည် တစ်စတစ်စ လျော့နည်းလာခဲ့ကာ လက်နက်ခဲယမ်း ထောက်ပံ့ဖြည့်တင်းမှုတွင် အခက်အခဲ ဖြစ်စေရုံသာမက စိတ်ဓာတ်နှင့် တပ်ဖွဲ့ဝင်အင်အားကိုပါ ထိခိုက်စေခဲ့သည်။
၎င်း၏အစိုးရအပေါ် လူထုထောက်ခံမှု ကျဆင်းလာမည်ကို စိုးရိမ်နေပုံရသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ပြည်သူအများအပြားကို မဖြစ်မနေ စစ်စည်းရုံးခြင်းဖြင့် အောင်ပွဲရယူရန်အတွက် မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ခြင်းကို လက်ရှောင်ခဲ့သည်။
“ရုရှားတွေအဖို့ ပြဿနာတွေက မပြီးဆုံးနိုင်သေးပါဘူး”ဟု လန်ဒန်အခြေစိုက် အကြံပေးပညာရှင် အဖွဲ့ဖြစ်သည့် Chatham House ၏ ရုရှားနှင့် ယူရေးရှားရေးရာ ပရိုဂရမ် ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်နစ်ဆီက ဆိုသည်။
စစ်ပွဲကို မြန်မြန်ဆန်ဆန် အနိုင်မတိုက်နိုင်သည်ကို သဘောပေါက်လာသည့် ပူတင်သည် ယူကရိန်းအပေါ် အနောက်နိုင်ငံများ၏ ထောက်ပံ့မှုများ တဖြည်းဖြည်း လျော့ကျသွားရေးကို မျှော်လင့်၍ စစ်ပွဲကာလရှည်ကြာ အောင် အချိန်ဆွဲ၍ တိုက်ခိုက်နေခြင်းဖြစ်ကာ ရုရှား၏မဟာဗျူဟာသည် အနောက်နိုင်ငံများကို တစ်စတစ်စနှင့် ချည့်နဲ့သွားအောင် လုပ်ဆောင်ရန်ဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်ခဲ့သည်။
ယူကရိန်းတို့၏နောက်ထပ်အစီအစဉ်က မည်သို့နည်း
ယူကရိန်းစစ်တပ်အနေဖြင့် ယခုနှစ်နွေဦးရာသီအစတွင် စွမ်းအားကြီးသော စစ်လက်နက်အများအပြားကို လက်ခံရရှိထားသည်။ ယူကရိန်းသို့ ပေးပို့ရန်ကတိပြုထားသော Leopard 2 တင့်ကား ၁၈ စင်းကို လွှဲ ပြောင်းပေးခဲ့သည်ဟု ဂျာမနီက ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ပြောကြားခဲ့ပြီး ပိုလန်၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့ကလည်း ၎င်းတို့ ကတိပြုထားသည့်အတိုင်း Leopard တင့်ကားများကို ပေးပို့ခဲ့သည်။ ဗြိတိန်၏ Challenger တင့်ကားများသည်လည်း ယူကရိန်းသို့ ရောက်ရှိလာပြီဖြစ်သည်။
မဟာမိတ် အနောက်နိုင်ငံများအနေဖြင့် ဧပြီလအရောက်တွင် ဂျာမန်လုပ် Leopard 2 တင့်ကားများကို အနည်းဆုံး တပ်ရင်းနှစ်ရင်း စာပေးပို့လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့ဗ်က ဆိုသည်။ ထို့ပြင် မဟာမိတ်နိုင်ငံများထံမှ လက်နက်ခဲယမ်းများနှင့် အတူ Leopard 1 တင့်ကား တပ်ရင်းခြောက်ရင်း သို့မဟုတ် တပ်ရင်းခုနစ်ရင်းစာ လက်ခံရရှိနိုင်မည်ဟုလည်း ၎င်းက မျှော်လင့်နေသည်။
အမေရိကန်လုပ် အေဘရမ်စ် တင့်ကားများနှင့် ပြင်သစ်လုပ် အပေ့ါစားတင့်ကားများကိုလည်း ယူကရိန်းသို့ ပေးပို့ရန် ကတိပြုထားပြီး မကြာသေးမီက ၎င်းတင့်ကားများကို မောင်းနှင်အသုံးပြုနိုင်ရန် ယူကရိန်းစစ်သား များကို လေ့ကျင့်ပေးခဲ့သည်။
အနောက်နိုင်ငံများ၏ အကူအညီသည် ယူကရိန်း၏ မဆုတ်မနစ် ခုခံတွန်းလှန်မှုကို အားဖြည့်ပေးရန်နှင့် စစ်ပွဲ၏လားရာကို ပုံဖော်ရာတွင် ပဓာနကျနေပြီး ယူကရိန်း သမ္မတဇယ်လန်းစကီးကလည်း အမေရိကန်၏ အကူ အညီသာမရှိလျှင် ယူကရိန်းအနေဖြင့် အောင်ပွဲဆင်နိုင်ရန် အခွင့်အရေးမရှိဟု ဝန်ခံပြောဆိုထားသည်။
ဟောင်ဝစ်ဇာ အမြောက်များ၊ တင့်ဖျက်လက်နက်များနှင့် အမြောက်ကျည်တစ်သန်း အပါအဝင် အနောက်နိုင်ငံများ၏ အကူအညီသစ်များသည် ယူကရိန်းစစ်တပ်ကို ပိုမိုအားကောင်းလာစေမည် ဖြစ်သကဲ့သို့ ပိုမိုထိရောက်သော တိုက်ပွဲဝင်စွမ်းရည်ကိုလည်း ပိုင်ဆိုင်လာစေမည်ဖြစ်သည်။
“တင့်ကားအင်အားနဲ့ ရုရှားထိန်းချုပ်တပ်စွဲထားတဲ့ နေရာတွေကို ပိုမိုနက်ရှိုင်းစွာ ထိုး ဖောက်နိုင်မှာဖြစ်တယ်”ဟု နစ်ဆီက ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်အနေဖြင့် တန်ပြန်ထိုးစစ်ဆင်ရာတွင် ရုရှားနှင့် သိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်အကြားရှိ ကုန်းတွင်းစင်္ကြံလမ်းအတိုင်း ထိုးဖောက်ကာ ဇာပိုရီရှားမှ မယ်လီတို ပိုးလ်နှင့် အဇော့ဗ်ပင်လယ်အထိ လှုပ်ရှားစစ်ဆင်ရန် ရည်မှန်းထားသည်ဟု ယူကရိန်း စစ်ရေးအကဲခတ် အိုလက်ဇာဒါနော့ဗ်က ဆိုသည်။
ယင်းအစီအစဉ် အောင်မြင်ခဲ့မည်ဆိုလျှင် ယူကရိန်းတို့က ရုရှားတပ်များကို နှစ်ခြမ်းကွဲသွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကာ အနောက်ဘက် ပိုကျပြီး ခရိုင်းမီးယားဆီသို့ ဦးတည်နေရာယူထားသော ရုရှား တပ်များ၏ ထောက်ပ့့ံပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်နိုင်လိမ့်မည်ဟုလည်း ဇာဒါနော့ဗ်က သုံးသပ်ခဲ့သည်။
စစ်ပွဲ၏နိဂုံးက မည်သို့ရှိနိုင်သနည်း
၀ါရှင်တန်အခြေစိုက် ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Institute for the Study of War က ယူကရိန်းအနေဖြင့် စစ်ပွဲတွင် အသာစီးယူနိုင်ရန် တန်ပြန်ထိုးစစ်ကို တစ်ကြိမ်မကဘဲ ဆက်တိုက်လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဟု သုံးသပ်ထားသည်။
ရုရှားသမ္မတပူတင်က ဆွေးနွေးညှိနှိုင်းကာ အပေးအယူလုပ်ခြင်းကို လက်ခံလာအောင် ဖိအားပေးနိုင်ရေးနှင့် ပူတင်မည်သို့ ဆုံးဖြတ်သည်ဖြစ်စေ ယူကရိန်းနှင့် မဟာမိတ်အနောက်နိုင်ငံများက စစ်ပွဲကို ၎င်းတို့ဘာသာ ထိထိရောက်ရောက် ရပ်တန့်နိုင်ပြီး ယူကရိန်းတို့ လုံလုံလောက်လောက် အသာစီးရနိုင်မည့် စစ်ရေးအခြေအနေများကို ဖန်တီးနိုင်ရေးဟူသည့် အဓိက ရည်မှန်းချက်နှစ်ခုဖြင့် စစ်ဆင်ရေးများကို လုပ်ဆောင်ရလိမ့်မည် ဖြစ်ကြောင်းလည်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၎င်းအဖွဲ့၏ သုံးသပ်အကဲဖြတ်မှုတွင် ဖော်ပြထားသည်။
ဆွေးနွေးမှုစားပွဲဝိုင်းတွင် အသာစီးယူနိုင်ရေး မျှော်လင့်ချက်ဖြင့် မကြာမီလများအတွင်း ယူကရိန်းနှင့် ရုရှားတို့သည် တစ်ဖက်နှင့်တစ်ဖက် အထိနာစေရန် ကျိန်းသေပေါက် အပြင်းအထန် တိုက်ခိုက်ကြလိမ့်မည်ဟု နစ်ဆီက ဆိုသည်။
သေမြေကြီး ရှင်ရွှေထီးဟုဆိုရမည့် ကာလက ယူကရိန်းကို စောင့်ကြိုနေဖွယ်ရှိပြီး ယူကရိန်းသည် မဟာမိတ် အနောက်နိုင်ငံများက ထောက်ပံ့ထားသည့် စစ်လက်နက်များဖြင့် စစ်မြေပြင်တွင် တိုးတက်မှုရရှိအောင် လုပ် ဆောင်နိုင်ခြင်းမရှိလျှင် မဟာမိတ်များအနေဖြင့် တန်ဖိုးကြီးသော အကြီးစားစစ်လက်နက်များကို ထပ်မံပေးပို့ရန် လက်တွန့်သွားနိုင်သည်။
ယူကရိန်းသာ အရေးနိမ့်သွားပါက အရင်းအနှီးကြီးမားလိမ့်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးကိုပါ ဂယက်ရိုက်စေမည်ဖြစ်ကာ ဥရောပ၏ လုံခြုံရေးသည်လည်း လက်ရှိ မိမိတို့နားလည်သိရှိသကဲ့သို့ ဖြစ်နိုင်တော့မည်မဟုတ်ဟု နစ်ဆီက သုံးသပ်ခဲ့သည်။ Ref: AP










