မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား မြန်မာမှ စိုက်ပျိုးကုန်များတင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား မြန်မာမှ စိုက်ပျိုးကုန်များတင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုး
Published 3 April 2023

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား မြန်မာမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီချက်များ ဧပြီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း ဧပြီ ၂ ရက် ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးတို့၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများဖြစ်သည့် ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေသြဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တာပိန်(၁)ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မစ္စတာဝမ်နင်ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးများသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။