ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့်ပါတီ ၆၃ ပါတီရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့်ပါတီ ၆၃ ပါတီရှိ
Published 29 March 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိကြောင်း UEC က မတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ထိိုသို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ UEC သို့ လာရောက်လျှောက်ထားသည့် ပါတီ ၅၀ ရှိပြီး၊ ပုဒ်မ ၃ အရ လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ တွင် တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း UEC သို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့လျှောက်ထားခြင်းမရှိပါက အလိုအလျှောက် ပယ်ဖျက်မည်ဖြစ်ကြောင်းလည်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ ၉၀ အနက် သတ်မှတ်ကာလရက်ပေါင်း ၆၀ ပြည့်မြောက်သည့် မတ် ၂၈ ရက်အထိ ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်ကို နိုင်ငံရေးပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ မတ် ၂၈ ရက်အထိ UEC သို့ ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီမှာ ၁၃ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဒ်မအရ UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၃ ပါတီမှာ - ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ ဒီမိုကရေစီပါတီ၊ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီနှင့် ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးမည့်ပါတီ ၁၂ ပါတီရှိပြီး တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ ၅၁ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။