(၇၈)နှစ်မြော က်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နစကဥက္ကဋ္ဌဦးဆောင်သော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့်အခမ်းအနားကို မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။
အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၉ ဦးနှင့်ဇနီး ခုနစ်ဦးတို့ ကန်တော့ခံတက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နစကဒုတိယဥက္ကဋ္ဌ၊ ညှိနိင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက် ဂါရဝပြုကန်တော့ကြသည်။
တပ်မတော်၏အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် အစဉ်အဆက်တာဝန်များကို ဆက်ခံခဲ့ကြသူများဖြစ်ပြီး အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏ မိဘဆရာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြုကန်တော့လျက်ရှိကြောင်း၊ ယခုကဲ့သို့ တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက်ချီးမြှင့်ပေးသည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ဂါဝရပြုကန်တော့ပြီးနောက် နစကဥက္ကဋ္ဌနှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က သြဝါဒစကားများ ပြန်လည်ပြောကြားကြသည်။
ထို့နောက် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး နစကဥက္ကဋ္ဌနှင့် ဇနီးတို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။