စီးပွားရေးပညာရပ်များ

စီးပွားရေးပညာရပ်များ
Published 26 March 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် ဆောင်းပါးခေါင်းစဉ်ကို “စီးပွားရေးပညာရပ်များ”အဖြစ် ဖော်ပြထားခြင်းသည် ဆောင်းပါးအဆင့်နှင့် တင်ပြရမည့်အကြောင်းအရာမှာ မည်သို့မျှ လိုက်လျောညီထွေ မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ပညာရပ်တစ်ခုဆိုသည်နှင့် ကြီးမားကျယ်ပြန့်လှသည့်အပြင် ပညာရပ်နယ်ပယ်တွင် အကျုံးဝင်လျက်ရှိသည့် ဘာသာရပ်များ (Subject) သည်လည်း အမြောက်အမြား တည်ရှိနေသောကြောင့် ဖြစ်ပါသည်။

ယခု “စီးပွားရေးပညာရပ်များ” ဆိုသည့် အဓိပ္ပာယ်မှာ ပညာရပ် တစ်ခုမကဆိုသည့် အဓိပ္ပာယ်ဖြစ်သည့်အတွက် အကျုံးဝင်လျက်ရှိသည့် ဘာသာရပ်များ (Subject) အားလုံးတို့အား သာမန်လူတစ်ဦးအဖို့ သိမြင်နိုင်ရန် ကြားဖူးရန်ပင် လွယ်ကူမည်မဟုတ်ပါ။

ထို့ကြောင့် စာရေးသူ ယခုရေးသားတင်ပြမည့် ဆောင်းပါးသည် “စီးပွားရေးပညာရပ်များ” အကြောင်းကို လေ့လာဆန်းစစ် တင်ပြမည့် ဆောင်းပါးမဟုတ်ပါ။

“စီးပွားရေးပညာရပ်များ” အကြောင်းကို ဆောင်းပါးအဆင့်ဖြင့် လေ့လာတင်ပြရန်မဖြစ်နိုင်ပါ။ စာရေးသူ ဦးတည် လေ့လာတင်ပြမည့် သဘောတရားမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် စာရေးသူ တွေ့ကြုံသိမြင်ကြားသိရလျက်ရှိသည့် စီးပွားရေးနှင့်ပတ်သက်သည့် အကောင်အထည်ဖော်ဆောင်ရွက် လုပ်ကိုင်နေခြင်းများနှင့် “စီးပွားရေး ပညာရပ်များ” ၏ သဘောသဘာဝကို နှိုင်းယှဉ်ချိန်ထိုး လေ့လာစဉ်းစား တွေးခေါ်ကြည့်ခြင်းသာ ဖြစ်ပါသည်။

ယခုကဲ့သို့သော ဆောင်းပါး အမျိုးအစားသည် လက်တွေ့ကွင်းဆင်း စစ်တမ်းကောက်ယူ သုတေသနပြုလုပ်ပြီး လေ့လာတွေ့ရှိချက်များကို အခြေခံကာ ရေးသားတင်ပြရမည့် အခြေအနေဖြစ်ပါသော်လည်း စာရေးသူအနေဖြင့် စစ်တမ်း ပြုလုပ်ပြီး လေ့လာသုတေသန ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။ ယျေဘုယျအားဖြင့် တွေ့ကြုံသိမြင်ရသည်များကို အခြေခံကာ ရေးသားတင်ပြခြင်းအဆင့်သာဖြစ်ပါသည်။

တိုင်းပြည် နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများတွင် တာဝန်ယူလျက်ရှိသူများက လေ့လာဖော်ထုတ်ရှင်းလင်းတင်ပြနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။

တစ်ဖန် စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စာရင်းအင်းပညာ ဘာသာရပ်ကို အထူးပြုလေ့လာသင်ယူခဲ့ရသူတစ်ဦးဖြစ်သည့်အတွက် ယခုဆောင်းပါးတွင် တင်ပြမည့် အကြောင်းအရာများအား စီးပွားရေးပညာ (ဘောဂဗေဒ) ဌာနတွင် တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာကြီး၊ ဆရာမကြီး တစ်ဦးဦးက ရေးသားတင်ပြနိုင်မည်ဆိုပါကလည်း ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းကို ဦးစွာတင်ပြအပ်ပါသည်။

စာရေးသူသည် မြန်မာ့လူ့အဖွဲ့အစည်းနှင့်ပတ်သက်သည့် အကြောင်းအရာကလေးများကို “မြန်မာစကားပုံ” စာအုပ်နှင့် “မြန်မာဆိုရိုးစကား” စာအုပ်များတွင် ဖော်ပြထားရှိသည့် သတင်းအချက်အလက်များကို အခြေခံပြီး လေ့လာဆန်းစစ်သည့်အခါတွင် ဘေဘုယျအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း၏ ဦးစားပေးသည့်နယ်ပယ်မှာ စီးပွားဥစ္စာ ရှာဖွေရရှိမှုထက် ပညာကို ရှာဖွေရရှိမှုကို ဦးစားပေးသည့်အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် စီးပွားဥစ္စာရှာဖွေ ရရှိနိုင်စေရန်အတွက် လမ်းညွှန်ချက်များမှာ လွန်စွာအားနည်းရှားပါးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။

အထက်ဖော်ပြပါ ယဉ်ကျေးမှု၏ အကျိုးဆက်အဖြစ် “စီးပွားရေးပညာရပ်များ”တွင် လေ့လာတွေ့ မြင်ရသည့် စီးပွားရေးသဘောတရားများသည် လက်တွေ့စီးပွား ဥစ္စာရှာဖွေခြင်း သဘောတရားများနှင့် အဆင်ပြေချောမွေ့စွာ ထပ်တူထပ်မျှ ကိုက်ညီခြင်းမရှိတော့ဘဲ သီးခြားစီ ရပ်တည်လျက်တည်ရှိနေပါတော့သည်။ တစ်ခါတစ်ရံ စီးပွားရေးပညာရပ်များ သင်ကြားပို့ချခြင်းတွင် အဓိကပါဝင်လျက်ရှိသည့် အကြောင်းအရာများသည် လက်တွေ့စီးပွားဥစ္စာ ရှာဖွေခြင်း သဘောတရားများတွင် တွေ့မြင်ရခြင်း မရှိသကဲ့သို့ လက်တွေ့စီးပွားဥစ္စာ ရှာဖွေခြင်း သဘောတရားများသည်လည်း စီးပွားရေးပညာရပ်များ သင်ကြားပို့ချခြင်းတွင် ပါဝင်ခြင်းမရှိသည့် အခြေအနေများ ဖြစ်ပေါ်စေလျက်ရှိနေပါသည်။

ယနေ့အချိန်အခါ ကမ္ဘာပေါ်တွင် တည်ရှိနေသည့် အချို့သော တက္ကသိုလ်ကြီးများက “စီးပွားရေး ပညာရပ်များ”အဖြစ် ဖော်ထုတ်ထားရှိပြီး တွင်ကျယ်စွာ အသုံးပြု လျက်ရှိသည့် ဘာသာရပ်များ၊ သဘောတရားများအား စာရေးသူတို့ တိုင်းပြည်နိုင်ငံရှိ အချို့သော အဖွဲ့အစည်းများက လက်တွေ့ စီးပွားဥစ္စာရှာဖွေခြင်း သဘောတရားများတွင် အသုံးပြုလျက်ရှိသည်ကို တွေ့မြင်နေရပါသော်လည်း စီးပွားရေးပညာရပ်များ သင်ကြားပို့ချသည့် နယ်ပယ်များတွင်မူ အဆိုပါ သဘောတရားများအား စာရေးသူအနေဖြင့် ထင်ရှားစွာတွေ့မြင်ရခြင်း မရှိသေးပါ။

အထက်ဖော်ပြပါ ယဉ်ကျေးမှု၏ အကျိုးဆက်သည် ရပ်တန့်ခြင်းမရှိဘဲ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးပြီး တိုင်းပြည် နိုင်ငံကြီးများကဲ့သို့  ကျယ်ပြန့်ကြီးထွားနိုင်ခြင်း မရှိတော့သည့် အခြေအနေကို ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့ပါသည်။ စာဖတ်သူများအနေဖြင့် အလွယ်တကူ လေ့လာသိမြင် ကြည့်နိုင်စေရန်အတွက် စာရေးသူသည် (Reference: 1) တွင် ဖော်ပြထားရှိသည့် စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် (Reference: 2) တွင် ရရှိနိုင်စေမည့် အမေရိကန် တစ်ဒေါ်လာလျှင် သတ်မှတ်ထားရှိသည့် ငွေလဲလှယ်နှုန်း ကျပ်တန်ဖိုး ကို ရယူကာ  အကြမ်းလေ့လာဆန်း စစ်တင်ပြပါမည်။

သို့သော်လည်း (Reference: 2) တွင် ဖော်ပြထားရှိသည့် ငွေလဲလှယ်နှုန်းတန်ဖိုးများသည် ပြင်ပစျေးကွက်တွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် စျေးနှုန်းများ မဟုတ်ကြပါ။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အတွက် ငွေလဲလှယ်နှုန်းတန်ဖိုးအား (Reference: 2) တွင် တွေ့မြင်ရသည်မှာ အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၉၉ ဒသမ ၄၉ ကျပ် ဖြစ်ပါသော်လည်း ပြင်ပပေါက်စျေးတွင် တွေ့မြင်ရသည်မှာ အမေရိကန် တစ်ဒေါ်လာလျှင် ၂၈၄၅ ကျပ်ဖြစ်လျက်ရှိနေ ပါသည်။

ထို့ကြောင့် စာရေးသူ အကြမ်း လေ့လာဆန်းစစ်ခြင်းသည် အတိအကျ စာရင်းအင်းသဘောတရားများအရ လေ့လာဆန်းစစ်ခြင်း မဟုတ်ဘဲ စာဖတ်သူများအလွယ်တကူ သိမြင်နိုင်စေရန်အတွက် ဥပမာပေးကာ ရှင်းလင်းတင်ပြခြင်း အဆင့်သာလျှင် ဖြစ်ပါသည်။ အဓိကအားဖြင့် စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ ဂျီဒီပီ တန်ဖိုး (Reference: 1) တွင် ဖော်ပြထားသည်များအား (Reference: 2) ကို အသုံးပြုကာ အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ပြောင်းလဲတင်ပြခြင်းသာလျှင် ဖြစ်ပါသည်။

စာရေးသူတို့ တိုင်းပြည် နိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက် လက်ရှိ ကာလပေါက်စျေးနှုန်းများနှင့် ဖော်ပြထားရှိသည့် ဂျီဒီပီတန်ဖိုး (Reference: 1) ကို ထိုနှစ်တွင်ရှိ ပျမ်းမျှ အမေရိကန်ဒေါ်လာ (US$) ပေါက်စျေး (Reference: 2) ဖြင့် တန်ဖိုး သင့်ကြည့်ပါက အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။ ပြင်ပပေါက်စျေးနှင့် တွက်ချက်မည်ဆိုပါက ဂျီဒီပီတန်ဖိုး (အမေရိကန်ဒေါ်လာ ဘီလျံ) မှာ ယခုထက် များစွာလျော့ နည်းနိုင်ပါသည်။

စာရေးသူအနေဖြင့် စာဖတ်သူများအား အကြံပြုတင်ပြလိုသည်မှာ လူဦးရေ သန်း ၅၀ ကျော်နှင့် အရှေ့တောင်အာရှတွင် ပင်မကုန်းမြေ အကြီးဆုံး တိုင်းပြည်နိုင်ငံကြီး၏ တစ်နှစ်အတွက် ဂျီဒီပီတန်ဖိုးကို ကမ္ဘာ့နိုင်ငံကြီးများတွင် လည်ပတ် လုပ်ကိုင်လျက်ရှိသည့် နည်းပညာ ကုမ္ပဏီတစ်ခု၏ တစ်နှစ်အတွက် ထုတ်လုပ်မှု တန်ဖိုးနှင့် နှိုင်းယှဉ်လေ့လာကြည့်ပြီး ဝေဖန်ဆန်းစစ်သုံးသပ်ကြရန် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လေ့လာသင်ယူလျက်ရှိသည့် “စီးပွားရေးပညာရပ်များ” နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရပ်များအကြားတွင် ကွာဟချက်များ နည်းနိုင်သမျှ နည်းပါးစေ ပြီးလျှင် လက်တွေ့နှင့် သဘောတရား၊ သဘောတရားနှင့်လက်တွေ့ အပြန်အလှန်မှီခိုလျက် အကျိုးဖြစ် ထွန်းစေခြင်းများ ဖြစ်ပေါ်စေကာ တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ နိုင်ငံသားများ၏ အကျိုးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ စီးပွားရေးပညာရပ်များ ပြောင်းလဲခြင်းသဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ ပုံတွင် စီးပွားရေးပညာ (ဘောဂဗေဒ) နှင့် ပတ်သက်ပြီး သိပ္ပံပညာ သဘောတရားများအရ ရွေးချယ်ခြင်းဆိုင်ရာ သိပ္ပံပညာ (Science of Choice) နှင့် သဘောတူစာချုပ် ကန်ထရိုက်ဆိုင်ရာ သိပ္ပံပညာ (Science of Contract)) များဖြင့် ခွဲခြား ဖော်ပြထားပါသည်။ ရွေးချယ်ခြင်းဆိုင်ရာ သိပ္ပံပညာဆိုသည်မှာ စာရေးသူတို့ ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်းနှင့် မဟာတန်းတို့တွင် လေ့လာသင်ယူခဲ့ရသည့် ရှေးရိုးစွဲအတွေးအခေါ်၊ ရှေးရိုးဝါဒ၊ ရှားပါးမှုနှင့် အရင်းအမြစ်များကို ခွဲဝေခြင်း (Orthodoxy: Scarcity and Resource Allocation) ဖြစ်ပါသည်။

၎င်းကို အဓိကဘာသာရပ်ကြီးများအနေဖြင့် ကျမ်းရိုးဘောဂဗေဒ (Classical Economics) နှင့် ကျမ်းရိုးလက်သစ်ဘောဂဗေဒ (Neoclassical Economics) အဖြစ် ခေါ်ဆိုကြပါသည်။

သဘောတူစာချုပ်ကန်ထရိုက် ဆိုင်ရာသိပ္ပံပညာ (Science of Contract) ကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ခွဲခြားထားပါသည်။ ပထမအပိုင်းမှာ ပြည်သူလူထု အများပြည်သူဆိုင်ရာ တရားဝင် ပြဋ္ဌာန်းချက်များ (Public Ordering) အပိုင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စီးပွားရေးအခြေအနေကို လေ့လာစိစစ်ခြင်း (Constitutional Economics) လည်း ပါဝင်ပါသည်။

ဒုတိယအပိုင်းမှာ ပုဂ္ဂလိက ကဏ္ဍက လိုက်နာရမည့် တရားဝင် လုပ်ထုံးလုပ်နည်းများ (Private Ordering) ဖြစ်ပြီး ၎င်းကို ပင်မ အစိတ်အပိုင်း နှစ်ပိုင်း ခွဲခြားနိုင်ပါသည်။ ပထမအစိတ်အပိုင်းမှာ အမှန်တကယ်ရလဒ်ထက် ခန့်မှန်းခြေအရ မက်လုံးပေး ဆွဲဆောင် ပေါင်းစည်းခြင်း (Ex Ante Incentive Alignment) ဖြစ်ပြီး ၎င်းတွင် ယန္တရား လုပ်ထုံးလုပ်နည်း နည်းလမ်းများ (Mechanism)၊ ဒီဇိုင်းပုံစံ (Design)၊ ကိုယ်စားလှယ်လုပ်ငန်း သီအိုရီ (Agency Theory)၊ နှင့် တရားဝင်မူပိုင်ခွင့် စာအုပ်စာတမ်းများ (the Formal Property Rights Literature) တို့ ပါဝင်ပါသည်။

ဒုတိယအစိတ်အပိုင်းမှာ ခန့်မှန်းခြေထက် အမှန်တကယ် ရလဒ်အရ အုပ်ချုပ်ရေး (Ex Post Gover-nance) နှင့် ပတ်သက်သည့်အပိုင်းဖြစ်ပြီး ပထမအစိတ်အပိုင်းနှင့် ဒုတိယအစိတ်အပိုင်းတို့၏ ဆက်သွယ်ချက်များနှင့် ၎င်းတို့အကြား အားပြိုင်မှုများအရ ကူးသန်းရောင်းဝယ်ရေးကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) အဖြစ် ပေါ်ထွက်လာစေခဲ့ပါသည်။

စာရေးသူသည် ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) နှင့်ပတ်သက်သည့်အကြောင်းအရာများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 8, Vol. 18, The Daily ELEVEN Newspaper တွင် “အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist)” ခေါင်းစဉ်နှင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ယခုဆောင်းပါးနှင့် တွဲဖက် ဖတ်ရှုလေ့လာကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

ဒုတိယအနေဖြင့် စီးပွားရေးပညာရပ်များနှင့် စီးပွားရေးလုပ်ငန်းရပ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အချို့သော တိုင်းပြည်နိုင်ငံများ အနေနှင့် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြသည်များကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားကြသူများအနေဖြင့် အရေးအကြီးဆုံးအချက်မှာ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများ နိုင်ငံသားများအနေဖြင့် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြစ်လျက် ပျော်ရွှင်စွာနှင့် အသက်ရှင်ရပ်တည်နိုင်ရန်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ အသက်ရှင်ရပ်တည်နိုင်စေရန်မှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဘဝများ လုံခြုံနေစေရမည်ဖြစ်ပြီး တိုင်းပြည်နိုင်ငံတော်အဆင့် ဖွံ့ဖြိုးလာစေရန်ကိုလည်း တစ်ပါတည်း လွတ်လပ်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြရမည် ဖြစ်ပါသည်။

တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ နိုင်ငံသားများ အလွယ်တကူ အသက်ရှင်ရပ်တည်နိုင်စေရန်မှာ “ယာယီ လုပ်အားစျေးကွက် အခြေပြု ဘောဂဗေဒ (Gig Economy)” သဘောတရားများကို အခြေခံကာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ စာရေးသူသည် ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 32, Vol. 16 တွင် “ယာယီလုပ်အားစျေးကွက် အခြေပြု ဘောဂဗေဒ (Gig Economy)” ခေါင်းစဉ်နှင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ယခု ဆောင်းပါးနှင့် တွဲဖက်ဖတ်ရှုလေ့လာကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

ထို့ပြင် တိုင်းပြည် နိုင်ငံတော်အဆင့် စီးပွားရေး ဖွံ့ဖြိုးလာစေရန်အတွက်ကိုမူ သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံ၏ အားသာချက်များကို အခြေခံကာ စီးပွားရေး ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရေး (Economic Democratization) ကို အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။

၎င်းတွင် “စီးပွားရေးပညာရပ်များ” ၏ အရေးပါပုံကို တွေ့မြင်နိုင်ပါသည်။

တတိယအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြံပြုချက်များကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ အထက်တွင် ဖော်ပြထားသည့် ဂျီဒီပီတန်ဖိုး (အမေရိကန်ဒေါ်လာ ဘီလျံ) နှင့် တင်ပြထားချက်များအရ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကမ္ဘာပေါ်ရှိ နည်းပညာကုမ္ပဏီတစ်ခု၏ ထုတ်လုပ်မှုတန်ဖိုးအဆင့်မျှပင် မရှိပါ။ သို့သော်လည်း ဖော်ပြပါ ဂျီဒီပီတန်ဖိုးကို ရရှိနိုင်စေရန်အတွက် အကောင်အထည်ဖော်လျက်ရှိကြသည်မှာ ဗျူရိုကရေစီယန္တရားကြီးနှင့်တကွ ဝန်ကြီးများ၊ ဝန်ကလေးများ မြောက်မြားစွာ ပါဝင်လျက်ရှိသည့်အပြင် ပုဂ္ဂလိကအခန်းကဏ္ဍသည်လည်း ပါဝင်လျက်ရှိနေပါသည်။

အထက်ဖော်ပြပါ တိုင်းပြည်နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့မြင်ရသည့် အခြေအနေကို မြန်မာစကားပုံတွင် ဖော်ပြထားရှိသည့် “ခရု ခါးတောင်း ကျိုက်ဖမ်း” ဆိုသည့် အချက်ကလေးနှင့် တင်ပြလိုပါသည်။ အဓိပ္ပာယ်မှာ “ခရုငယ်ကို အလွယ်တကူ ကောက်ယူရုံမျှနှင့် ရနိုင်ပါလျက် ပုဆိုးခါးတောင်းကျိုက်၍ အင်တိုက်အားတိုက် ဖမ်းဘိသကဲ့သို့ အလုပ်တစ်ခုကို အလွယ်တကူနှင့် ပြီးနိုင်ပါလျက် မလိုအပ်ဘဲ အကျယ်ချဲ့ကာ ပင်ပန်းကြီးစွာခံ၍ လုပ်ကိုင်သည်” ဖြစ်ပါသည်။ ဖော်ပြထားသည့် ဂျီဒီပီတန်ဖိုးကလေး (အမေရိကန်ဒေါ်လာ ဘီလျံ) ကို ရရှိနိုင်စေရန်မှာ ယခုကဲ့သို့ ဗျူရိုကရေစီယန္တရားကြီးနှင့်တကွ ဝန်ကြီးများ၊ ဝန်ကလေးများလိုအပ်ပါသလားဆိုသည့် မေးခွန်းကိုမူ စာဖတ်သူများကပင် ဖြေကြားပေးကြစေလိုပါသည်။

အထက်ဖော်ပြပါ ဆိုးရွားသည့်  စီးပွားရေးအခြေအနေဖြစ်ရပ်မှန်များမှ ရုန်းထွက်နိုင်ရန်မှာ စီးပွားရေး ပညာရပ်များ၏ အရေးပါမှု အခြေအနေများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူလျက် ရှိကြသူများက အလွယ်တကူ သိမြင်နားလည်ရန် လိုအပ်လျက်ရှိသည့် အပြင်ပုံတွင်ဖော်ပြထားရှိသည့် စီးပွားရေးပညာရပ်များ၏ သဘောတရားများအား ထဲထဲဝင်ဝင် လေ့လာကာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံနှင့် ကိုက်ညီမည့် စီးပွားရေး ဒီဇိုင်းမိုဒယ်ပုံစံများကို ရှာဖွေချမှတ်ပြီးလျှင် လက်တွေ့ စီးပွားရေးလုပ်ငန်းရပ် နယ်ပယ်များတွင် ထိထိရောက်ရောက် စတင်အကောင် အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လေ့လာသင်ယူလျက်ရှိသည့် “စီးပွားရေးပညာရပ်များ” နှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရပ်များအကြားတွင် ကွာဟချက်များ နည်းနိုင်သမျှ နည်းပါးစေပြီးလျှင် လက်တွေ့နှင့် သဘောတရား၊ သဘောတရားနှင့် လက်တွေ့ အပြန်အလှန်မှီခိုလျက် အကျိုးဖြစ်ထွန်းစေခြင်းများ ဖြစ်ပေါ်စေကာ တိုင်းပြည်နိုင်ငံတော် အကျိုးနှင့် ပြည်သူပြည်သားများ နိုင်ငံသားများ၏ အကျိုးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ယခုအချိန်မှစတင်ပြီး အစွမ်းကုန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Central Statistical Organization (CSO), (2021), “2021 Statistical Year Book”.

2. www.xe.com/curren-cyconverter/