တီဘီရောဂါသည် တီဘီရောဂါပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည်။ လူမှုစီးပွားရေးနှင့်သက်ဆိုင်သောရောဂါတစ်မျိုးဖြစ်သည်။ မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။ လူတွင် တီဘီရောဂါဖြစ်စေသော ပိုးများမှာ mycobacterium Tuberculosis, bovis, africanum တို့ဖြစ်ကြသည်။ တီဘီရောဂါကိုဖြစ်စေသော mycobacterium Tuberculosis ကို ဂျာမန်သိပ္ပံပညာရှင် Robert Koch (Father of Medical Microbiology) က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိချက်ကို ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဘာလင်ဇီဝဗေဒအသင်းတွင် ကြေညာခဲ့သည်။ ၎င်းကြေညာခဲ့သော မတ်လ ၂၄ ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) ဟု သတ်မှတ်ခဲ့သည်။
တီဘီရောဂါသည် ကုသလျှင်ပျောက်ကင်းသော ရောဂါတစ်ခုဖြစ်သည်။ မကုသခဲ့လျှင် အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ပြင် မိသားစုဝင်များ၊ မိတ်ဆွေများ၊ ပတ်ဝန်းကျင်ရှိသူများကိုလည်း ကူးစက်သွားနိုင်ပါသည်။ တီဘီရောဂါသည် ဆောလျင်စွာ ကုသနိုင်လေ ရောဂါပျောက်ကင်းရန် အခွင့်အရေးများလေဖြစ်ပြီး အခြားသူများသို့ ကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါသည်။
''ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအခြေအနေ''
တီဘီရောဂါသည် ကိုဗစ်ရောဂါပြီးလျှင် ဒုတိယမြောက်ကူးစက်မှုအများဆုံးရောဂါဖြစ်သည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါဖြင့် သေဆုံးမှုသည် သေဆုံးမှုများတွင် ၁၃ ခုမြောက်တွင်ရှိသည်။ တီဘီရောဂါဖြင့်သေဆုံးမှုတွင် ဆေးယဉ်ပါးတီဘီဖြင့် သေဆုံးမှုသည် အဓိကအကြောင်းဖြစ်သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားနှုန်းမှာ ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဆေးယဉ်ပါးတီဘီ (Rifampicin ဆေးယဉ်ပါးမှုလူနာသစ်) ၄၅၀၀၀၀ ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေတီဘီလူနာ ၁၀ ဒသမ ၆ သန်းရှိပြီး အမျိုးသား ခြောက်သန်း၊ အမျိုးသမီး ၃ ဒသမ ၄ သန်းနှင့် ကလေး ၁ ဒသမ ၂ သန်းရှိသည်။ နိုင်ငံတိုင်းတွင်အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံသည် ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ၊ တီဘီနှင့် အိပ်ချ်အိုင်ဗီ ဒွန်တွဲအဖြစ်အများဆုံးနိုင်ငံ ၃၀ တွင်ပါဝင်ပါသည်။
''ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆောင်ရွက်ချက်များ''
၂၀၁၄ ခုနှစ် မေလတွင် ကျင်းပသောအစည်းအဝေးတွင် ရည်မှန်းချက်များ ချမှတ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင်ရှိသည့် အခြေအနေမှ ၂၀၃၅ ခုနှစ်တွင် တီဘီရောဂါကြောင့် သေပျောက်နှုန်းကို ၉၅ ရာခိုင်နှုန်းကျဆင်းစေရန်၊ တီဘီရောဂါသစ်ဖြစ်ပွားနှုန်းကို ၉၀ ရာခိုင်နှုန်းကျဆင်းစေရန်၊ ကြီးမားသောကုန်ကျစရိတ်များကို သုညအထိ ကျဆင်းလာစေရန်တို့ကို ချမှတ်ခဲ့ပါသည်။ကမ္ဘာ့ကုသလသမဂ္ဂကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Gold SDG) ပြည့်မီရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် End TB strategy နည်းဗျူဟာများရေးဆွဲ၍ WHO TB Programme နှင့် ဒေသကြီးများ၊ မိတ်ဖက်အဖွဲ့ အစည်းများပူးပေါင်း၍
ဆောင်ရွက်လျက်ရှိပါသည်။
''ဆေးယဉ်ပါးတီဘီ (သို့မဟုတ်) ဆေးမတိုးသောတီဘီရောဂါ (Multi Drugs Resistant TB MDR-TB)''
ဆေးယဉ်ပါးတီဘီ (သို့မဟုတ်) ဆေးမတိုးသောတီဘီရောဂါဆိုသည်မှာ ရိုးရိုးတီဘီရောဂါကုသရာတွင် အသုံးပြုသော ပထမအဆင့်တီဘီဆေးများအနက် rifampicin နှင့် Isoniazid ဆေးနှစ်မျိုးစလုံးကို အနည်းဆုံးယဉ်ပါးနေသော (သို့မဟုတ်) ဆေးမတိုး တီဘီပိုးများကြောင့်ဖြစ်သော တီဘီရောဂါကို ဆိုလိုပါသည်။
''ပြင်းထန် ဆေးယဉ်ပါး တီဘီ''
ပြင်းထန် ဆေးယဉ်ပါးတီဘီဆိုသည်မှာ Rifampicin, Isoniazid ကိုယဉ်ပါးရုံတင်မကဘဲ ဆေးယဉ်ပါးတီဘီကို ကုသသောဆေးများထဲမှ Fluroquinolone အုပ်စုထဲမှ ဆေးတစ်ခုခုနှင့် ဆေးအသစ်များဖြစ်သည့် Bedaquiline (သို့မဟုတ်) linozolid စုစုပေါင်းအနည်းဆုံးဆေး လေးမျိုးကို ယဉ်ပါးနေခြင်းဖြစ်သည်။ ဆေးယဉ်ပါးတီဘီကို စနစ်တကျကုသမှုမရှိခြင်းမှ ဖြစ်လာခြင်းဖြစ်သည်။
''ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားပုံ''
(၁) တီဘီဆေးသောက်သုံးခြင်းမရှိဘဲ ဆေးယဉ်ပါးခြင်းကို ကနဦးမူလဆေးယဉ်ပါးခြင်းဟု ခေါ်ပါသည်။ ဆေးယဉ်ပါးတီဘီပိုးရှိသူထံမှ ရောဂါပိုးတိုက်ရိုက်ကူးစက်ခံရခြင်းဖြစ်သည်။
(၂) ရိုးရိုးတီဘီကို ပထမအဆင့် တီဘီဆေးများနှင့် ကုသမှုခံယူနေစဉ်အတွင်း (သို့မဟုတ်) ဆေးကုသမှုခံယူခဲ့ပြီးမှ ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း၊ ထိုအမျိုးအစားသည်အဖြစ်များပြီး လူတို့ပြုလုပ်သောရောဂါဟုဆိုစမှတ်ပြုကြသည်။ သတ်မှတ်ထားသောအချိန်ကာလ ပြည့်သည့်အထိ ကုသမှု မခံယူခြင်း၊ အာနိသင်မပြည့်ဝသော ဆေးများသောက်ခြင်း၊ ဆေးညွှန်းအတိုင်းမသောက်ခြင်း၊ (ဆေးချန်၍သောက်ခြင်း၊ ရွေးချယ်၍သောက်ခြင်း) မှားယွင်းသောဆေး ကုထုံးနှင့် ကုသခြင်း၊ ဆေးသောက်ပျက်ကွက်ခြင်းများကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
''ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်နိုင်သောနည်းလမ်းများ''
တီဘီရောဂါအားလုံးအတူတူဖြစ်ပါသည်။ ရောဂါပိုးရှိသော သူက ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားကျယ်လောင်စွာပြောခြင်းစသည်တို့ဖြင့် တီဘီပိုးလေထဲသို့ ပိုးမွှားများပျံ့လွင့်ပြီး ရှူရှိုက်မိသူ၏ အဆုတ်အတွင်းသို့ ဝင်ရောက်၍ ရောဂါပိုးကူးစက်မှုကို ဖြစ်စေပါသည်။
''ဆေးယဉ်ပါးတီဘီ လွယ်ကူစွာ ကူးစက်ခံရနိုင်သူများ''
ဆေးယဉ်ပါးတီဘီ လွယ်ကူစွာ ကူးစက်ခံရနိုင်သူများမှာ လူနာနှင့်ထိတွေ့ဆက်ဆံနေရသော ဆေးရုံဝန်ထမ်းများ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဆေးယဉ်ပါးတီဘီလူနာနှင့် အတူနေထိုင်သူများ၊ အနီးကပ်နေသူများဖြစ်ကြသည်။
အာဟာရချို့တဲ့သူများ၊ ကိုယ်တွင်းခုခံအားကျဆင်းနေသူများ (ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါး သောက်သုံးသူများ၊ အိပ်ချ်အိုင်ဗီပိုးကူးစက်ခံထားရသူများ၊ ဆီးချိုရောဂါသည်များ၊ အစာအိမ်ဖြတ်တောက်ကုသခံထားရသူများ) သည် တီဘီရောဂါဖြစ်ပွားစေရန်အားပေးသော အချက်များဖြစ်သည်။
''ဆေးယဉ်ပါးတီဘီရောဂါဖြစ်နိုင်ခြေရှိသောသူများ''
(၁) တီဘီဆေးပြန်ကုလူနာ - ရိုးရိုးတီဘီရောဂါကုသပြီး ပြန်ဖြစ်သော လူနာများ၊ ဆေးကုသမှု မအောင်မြင်၍ ပြန်ကုရသော လူနာများ၊
(၂) ဆေးကုသနေစဉ် သလိပ်စစ်ဆေးရာ၌ သလိပ်ထဲတွင် တီဘီပိုးဆက်တိုက်တွေ့ရှိနေသူများ၊
(၃) လူနာအသစ် - ဆေးယဉ်ပါးတီဘီလူနာနှင့်အတူနေခြင်း၊ ဆီးချိုသွေးချိုရှိနေခြင်း၊ အိပ်ချ်အိုင်ဗီပိုးရှိခြင်း စသည်တို့အနက် တစ်ခုခုရှိပြီး တီဘီရောဂါဖော်
ထုတ်တွေ့ရှိပါက ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်နိုင်ခြေရှိသူများတွင် ပါဝင်ပါသည်။
''ဆေးယဉ်ပါးတီဘီရောဂါ လက္ခဏာများ''
ဆေးယဉ်ပါးတီဘီ၊ ပြင်းထန်ဆေးယဉ်ပါးတီဘီနှင့် ရိုးရိုးတီဘီလက္ခဏာများအတူတူပင်ဖြစ်သည်။ အဆုတ်တွင်အများဆုံးဖြစ်ပွားပြီး အဆုတ်ပြင်ပခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားသည့် အင်္ဂါအစိတ်အပိုင်းပေါ်မူတည်၍ လက္ခဏာများဖြစ်ပေါ်လာပါသည်။
''ယေဘုယျလက္ခဏာများ''
ဖျားခြင်း၊ ညဘက်ချွေးအလွန်ထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အဆုတ်တွင်ဖြစ်ပေါ်ပါက ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ကျောရင့်အောင်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း။
အဆုတ်ပြင်ပတီဘီများဖြစ်သော အကျိတ်တီဘီ၊ အူတီဘီ၊ အရိုးတီဘီ၊ ကျောရိုးဆစ်တီဘီ၊ ဦးနှောက်အမြှေးရောင်တီဘီတို့သည် ဖြစ်သည့်နေရာများပေါ်မူတည်၍ လက္ခဏာများဖြစ်ပေါ်ပါသည်။ လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာန၊ ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
''ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်း''
(၁) ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း
တီဘီရောဂါလက္ခဏာရှိသူတိုင်းသည် ရင်ခေါင်းဓာတ်မှန်ရိုက်သင့်ပါသည်။ ရင်ခေါင်းဓာတ်မှန်တွင် တီဘီပုံရိပ်တွေ့ရှိသူတိုင်း Gene Xpert စစ်ဆေးခြင်းတို့ မလွဲမသွေ ခံယူရပါမည်။
(၂) သလိပ်စစ်ဆေးခြင်း
သလိပ်ကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်းသည် ဆေးယဉ်ပါးတီဘီရောဂါကို မဖော်ထုတ်နိုင်ပါ။ Gene Xpert စက်ဖြင့်စမ်းသပ်စစ်ဆေးမှသာ ဆေးယဉ်ပါးတီဘီရောဂါကို အတည်ပြု သတ်မှတ်နိုင်ပါသည်။
သလိပ်နမူနာခံယူပုံ
သလိပ် နှစ်ခွက်ကို Genexpert ရှိသည့် ဓာတ်ခွဲခန်းသို့ တစ်ပြိုင်တည်းပေးပို့ရပါမည်။ ပြည့်စုံ ကောင်းမွန်သောသလိပ်မှာ ပြည် (သို့မဟုတ်) ချွဲများပါဝင်ရပါမည်။ ကွမ်းတံတွေး၊ သွေးစ၊ အစာများ၊ တံတွေးမပါရပါ။ သလိပ်ထွေးသော လူနာရှေ့တွင် မည်သူမျှရှိမနေရပါ။
၁။ သလိပ်မထွေးမီ ပါးစပ်ကို ရေနှင့်ကျင်းရပါမည်။
၂။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် အသက်ပြင်းပြင်းရှူသွင်းပြီး စက္ကန့်အနည်းငယ် အသက်အောင့်ထား၍ ဖြည်းဖြည်းချင်းရှူထုတ်ရပါမည်။
၃။ တတိယအကြိမ်ထပ်ရှူသွင်းပြီး ပြင်းပြင်းရှူထုတ်ရပါမည်။
၄။ သလိပ်ခွက်ကိုနှုတ်ခမ်းနား ကပ်ထားပြီး ရင်ခေါင်းထဲမှ သလိပ်အတုံးအခဲကို အားနှင့်ဟပ်၍ ဖြည်းဖြည်းထွေးထုတ်ပါ။ ခွက်တွင်သလိပ်သုံးပုံတစ်ပုံခန့်ပါ
အောင် ထွေးရပါမည်။
၅။ သလိပ်ခွက်၏ အဖုံးကိုသေချာစွာ ရစ်၍ပိတ်ပါ။
၆။ ပြီးလျှင် လက်ကို ရေဆပ်ပြာဖြင့် ဆေးရပါမည်။
''ဆေးကုသမှုအတွက်ပြင်ဆင်ခြင်း''
(၁) လူနာနှင့် မိသားစုဝင်များကို တီဘီရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း၊
(၂) နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊
(၃) သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနများနှင့် ဆက်သွယ်ပြီး ဆေးတိုက်ကျွေးမည့်သူ (Treat -ment supporter) ကို ကြိုတင်ရွေးချယ်၍ သင်တန်းပေးရန် စီစဉ်ခြင်း၊
(၄) Patient informed Consent for Treatment ၌ လူနာနှင့် တီဘီဆရာဝန်ခေါင်းဆောင်ဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ခရိုင်တီဘီအဖွဲ့ခေါင်းဆောင် ဆရာဝန်တို့ လက်မှတ်ရေးထိုးရပါသည်။
''နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (Counseling)''
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုသည်မှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးပြဿနာများရှိနေသော လူတစ်ယောက်အား မိမိကိုယ်တိုင်ပြဿနာများဖြေရှင်းနိုင်အောင် နှစ်သိမ့်ဆွေးနွေးပညာပေးသူက အတိုင်ပင်ခံသဖွယ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ထိုသူ၏ စိတ်ဒုက္ခခံစားရမှုများကို ရင်ဖွင့်နိုင်အောင် နားထောင်ပေးခြင်း၊ အားပေးနှစ်သိမ့်ခြင်း၊ ပြဿနာများအတွက် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဝိုင်းကူစဉ်းစားပေးခြင်းနှင့် ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီခြင်းတို့ ပါဝင်ပါသည်။
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသည် ဆေးယဉ်ပါးတီဘီ လူနာများအတွက်အရေးကြီးသည်။ လူနာများသည် ဆေးလုံးရေများစွာသောက်ရခြင်း၊ အချို့ဆေးများကို ခံနိုင်ရည်မရှိခြင်း၊ ကုသသည့်ကာလ ကြာမြင့်ခြင်းကြောင့် ဆေးကိုပြီးဆုံးသည်အထိ စွဲမြဲစွာ ကုသမှုခံယူရန်အတွက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို လူနာကို စတွေ့သည်မှ ဆေးကုသမှုပြီးသည်အထိ ဆောင်ရွက်ကြပါသည်။
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို သင်တန်းရပြီးသည့် အမျိုးသားတီဘီရောဂါ တိုက်ဖျက် ရေးဌာန၊ ဆေးရုံဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ ဆေးလူမှုဆက်ဆံရေးမှူးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့်စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများမှ ဆောင်ရွက်ကြ ပါသည်။
''နှစ်သိမ့်ဆွေးနွေးပညာပေးသည့် နည်းလမ်းအဆင့်ဆင့်''
(၁) ဆေးယဉ်ပါးမှုရှိမရှိ စစ်ဆေးခြင်းမပြုမီ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
ဆေးယဉ်ပါးတီဘီ ရောဂါအကြောင်းကူးစက်ပုံ၊ သလိပ်ကို Gene Xpert စက်ဖြင့်စမ်းသပ်ရန် လိုအပ်ကြောင်း၊ စစ်ဆေးပေးသည့်နေရာ၊ ကြာချိန်၊ ရောဂါမပျံ့နှံ့ရန် ဆေးကုသမှုခံယူရန်အရေးကြီးကြောင်းများ ဆွေးနွေးပါသည်။
(၂) ဆေးယဉ်ပါးမှုအဖြေသိရှိပြီး လူနာမှဆေးကုသမှုခံယူရန် ဆုံးဖြတ်ခြင်းမပြုမီ နှစ်သိမ့်ဆွေး နွေးပညာပေးခြင်း
- ဆေးယဉ်ပါးတီဘီသည် ဆေးမှန်မှန်ကုသခြင်းဖြင့် ပျောက်ကင်းကြောင်း၊ ဆေးမကုမီ ကျန်းမာရေးစစ်ဆေးခြင်း၊ စိတ်ကျန်းမာရေးစစ်ဆေးခြင်း၊
သွေးဖောက်စစ်ဆေးရန်လိုအပ်ကြောင်း၊
- လူနာ၏ နေရပ်လိပ်စာအတိအကျ၊ အိမ်ငှားနေသူဖြစ်ပါက ဆေးကုသနေသည့် ကာလတစ်လျှောက်လုံး နေထိုင်ပါမည်ဆိုသည့် ခံဝန်ချက်များအကြောင်း
ဆွေးနွေးပါသည်။
(၃) ဆေးယဉ်ပါးတီဘီလူနာအား ဆေးတိကျမှန်ကန်စွာသောက်ရန် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
(က) ဆေးယဉ်ပါးတီဘီလူနာ၏ ဆေးကုသခံယူမှုအပေါ် စိတ်အားထက်သန်မှုအဆင့် မည်မျှရှိသည်ကို ဆန်းစစ်ဆွေးနွေးခြင်းဖြစ်ပြီး လူနာ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာအခြေအနေကို ဆန်းစစ်သည့် ပုံစံများနှင့် ဆန်းစစ်ပါသည်။
(ခ) ဆေးတိကျမှန်ကန်စွာသောက်ရန် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
- လူနာ၏ ကျန်းမာရေးအခြေအနေ၊ စိတ်ကျန်းမာရေးအခြေအနေ၊ အိပ်ချ်အိုင်ဗီပိုး စစ်ဆေးခြင်း ရှိ-မရှိ၊ အခြားဆေးဝါးများသောက်သုံးခြင်းရှိမရှိ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း ရှိ-မရှိ ဆွေးနွေးပါသည်။
- ဆေးဝါးများအကြောင်းဆွေးနွေးခြင်း
သောက်ရမည့်ဆေးအမည်နှင့် ပမာဏ၊ ဆေးအားလုံးကို ပေါင်းစပ်သောက်မှသာ ဆေးယဉ်ပါးခြင်းကိုကာကွယ်နိုင်ကြောင်း၊ ဘေးထွက်ဆိုးကျိုးများ၊ ဆေးကိုမှန်ကန်စွာသောက်ရန်၊ မှန်မှန်မသောက်ပါက ဖြစ်နိုင်သောဆိုးကျိုးများကို ရှင်းပြပါသည်။
- လူနာ၏အိမ်တွင် ဆေးတိုက်ကျွေးမည့် ကျန်းမာရေးဝန်ထမ်း စီစဉ်ထားမှု အခြေအနေ၊
- ဆေးမှန်မှန်သောက်ခြင်းကို အနှောင့်အယှက်ဖြစ်နိုင်သော အရာများကိုမေးမြန်းပြီး ၎င်းတို့ကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဆွေးနွေးပါသည်။
- မိသားစုမိတ်ဆွေများ၏ ကူညီပံ့ပိုးမှုရနိုင်မည့်အခြေအနေများကို ဆွေးနွေးပါသည်။
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို တစ်ကြိမ်နှင့် တစ်ကြိမ် တစ်ပတ်ခြားပြီးအနည်းဆုံး သုံးကြိမ် ပြုလုပ်ပေးရန်လိုပါသည်။
(၄) ဆေးစတင်တိုက်ကျွေးစဉ် အိမ်တွင် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
ဆေးစတင်တိုက်ကျွေးသည့် ပထမ တစ်ပတ်အတွင်း လိုအပ်သလို အကြိမ်များစွာ တွေ့ဆုံဆွေးနွေးပါသည်။ဆေးကုသမှုခံယူနေစဉ် တစ်လလျှင်တစ်ကြိမ် ပုံမှန်သွားရောက်၍ လူနာမှဆေးမှန်မှန်သောက် မသောက်ဘေးထွက်ဆိုးကျိုးများ၊ နှာခေါင်းစည်းတပ်မတပ်ဆန်းစစ်ပါသည်။ ဆေးစွဲမြဲစွာ သောက်ရန် စိတ်ဓာတ်မြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်ပါသည်။ သလိပ်ခံယူပုံ၊ ပေးပို့ပုံတို့ကို ဆန်းစစ်ပါသည်။ လူနာနှင့်အတူနေ မိသားစုဝင်များမှ တီဘီရောဂါ ရှိမရှိ နှစ်ကြိမ်စစ်ဆေးရန် လိုကြောင်း ဆွေးနွေးပါသည်။ဆေးရုံတက်နေသူဖြစ်ပါက ဆေးရုံသို့သွားရောက်ရန် တွေ့ဆုံဆွေးနွေးပေးပါသည်။
၅။ ဆေးကုသမှုအောင်မြင်ပြီးနောက် ဆရာဝန်နှင့်ပြန်လည်ပြသရန် ဆွေးနွေးခြင်း
ထိုသို့နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို လူနာဆေးကုသမှုခံယူနေစဉ်ကာလတစ်လျှောက်လုံး အနီးကပ်ဆောင်ရွက်ပေးနေခြင်းကြောင့် ဆေးယဉ်ပါးတီဘီအပေါ် လူနာ၏စိုးရိမ်မှုများကို လျော့ပါးစေခြင်း၊ လူနာ၏ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ဆုံးဖြတ်ချက်ချနိုင်ရန် အထောက် အကူဖြစ်စေခြင်းနှင့် ဆေးကုသမှုအပေါ် စိတ်အားထက်သန်စေခြင်းစသည့် ကောင်းကျိုးများကိုရရှိစေပါသည်။
''ဆေးယဉ်ပါးတီဘီကုသမှုကို စောင့်ကြပ်စစ်ဆေးခြင်း (Monitoring)''
ဆေးယဉ်ပါးတီဘီလူနာအား ဆေးကုသမှုပေးရာတွင် အနီးကပ်စောင့်ကြပ်စစ်ဆေးရန် အထူးလိုအပ်ပါသည်။ စောင့်ကြပ်စစ်ဆေးခြင်းသည် ဆေးကုသမှု အောင်မြင်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။
(၁) ဆေးကုသမှုမစတင်မီ စောင့်ကြပ်စစ်ဆေးခြင်း
ဆေးယဉ်ပါးလူနာကုသမှု မစတင်မီ လူနာ၏မူလအခြေအနေကို သိရှိရန်အခြားရောဂါများနှင့် ယဉ်တွဲခြင်းရှိ-မရှိကို ဖော်ထုတ်ရန်စစ်ဆေးမှုများပြုလုပ်ထားရပါသည်။ ဆေးယဉ်ပါးတီဘီရှိသည့် လူနာများတွင် ဆီးချို၊ သွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သိုင်းရွိုက်ရောဂါ၊ စိတ်ရောဂါ၊ ဆေးစွဲ၊ အရက်စွဲရောဂါ၊ အိပ်ချ်အိုင်ဗီပိုးတို့ရှိခဲ့လျှင်ဒုတိယအဆင့် တီဘီဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုဖြစ်ပေါ်ခံစားရနိုင်ပါသည်။ ဆရာဝန်က လူနာအား စမ်းသပ်စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ နားအကြားအာရုံ/ စိတ်ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ နှလုံးစက်ဖြင့် စမ်းသပ်ခြင်း (ECG) နှင့် ကိုယ်ဝန်ရှိ မရှိ စစ်ဆေးပါသည်။ ကိုယ်ဝန်ရှိလျှင် ဆေးယဉ်ပါးတီဘီဆေးများကို ကိုယ်ဝန်ပထမ သုံးလပတ်တွင် ပေး၍မရသောကြောင့် စစ်ဆေးခြင်းဖြစ်သည်။
(၂) ဆေးကုသမှုခံယူနေစဉ်အတွင်း စောင့်ကြပ်စစ်ဆေးခြင်း
လူနာအားရက်ချိန်းများအတိုင်း ခေါ်ယူ၍ ဆရာဝန်က လူနာအား စမ်းသပ်ခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ ဆေး၏ဘေးထွက်ဆိုးကျိုးများရှိ - မရှိမေးမြန်းခြင်း၊ စိတ်ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ သလိပ်ပိုးရှိမရှိစစ်ဆေးခြင်း/ပိုးမွေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများကို သတ်မှတ်လများအလိုက် လုပ်ဆောင်ပါသည်။
(၃) ဆေးကုသမှုပြီးစီးနောက် ပြန်လည်စစ်ဆေးခြင်း
ဆေးကုသမှုပြီးစီးသူတိုင်းကို ခြောက်လလျှင် တစ်ကြိမ်ကျနှင့် စုစုပေါင်း လေးကြိမ် ခေါ်ယူပြီး နှစ်နှစ်တိတိ ဆရာဝန်များက စစ်ဆေးပါသည်။ သလိပ်ပိုးရှိ-မရှိစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတို့ကို ဆောင်ရွက်ပါသည်။
ထိုသို့ ဆေးယဉ်ပါးတီဘီလူနာအား ဆရာဝန်များက အချိန်နှင့် တစ်ပြေးညီ စောင့်ကြပ်စစ်ဆေးနေခြင်းဖြင့် လူနာ၏ဆေးကုသမှုအပေါ် တုံ့ပြန်ချက်၊ ဆေး၏ဘေးထွက်ဆိုးကျိုးများကိုသိရှိပြီး လိုအပ်သောကုသချက်များကို အချိန်မီပေးနိုင်သဖြင့် စောင့်ကြပ်စစ်ဆေးခြင်းသည် ဆေးကုသမှု အောင်မြင်ရေးအတွက်
အဓိကသော့ချက်ဖြစ်ပါသည်။ လူနာများမှလည်း မိမိရောဂါပျောက်ကင်းရန် ရက်ချိန်းများအတိုင်း ပြန်လည်ပြသရန်လိုပါသည်။
''တိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးခြင်း (Directly Observed Treatment DOT)''
ဆေးတိုက်ကျွေးသူ (Treatment Provider) ကို ကြီးကြပ်သူသည် လူနာ၏အိမ်သို့ ကနဦး သွားရောက်ပြီး လိပ်စာမှန်မမှန် စစ်ဆေးခြင်း၊ လူနာနှင့်မိသားစုဝင်များအား ကျန်းမာရေးပညာပေးခြင်းနှင့် အတူနေမိသားစုများတွင် တီဘီရောဂါရှိမရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ အိမ်တိုင်ရာရောက်စစ်ဆေးတိုက်ကျွေးခြင်းဖြစ်ပြီး သင်တန်းတက်ရောက်ပြီးသော ကျန်းမာရေးဝန်ထမ်း (သို့မဟုတ်) စေတနာ့ဝန်ထမ်းကျန်းမာရေး
လုပ်သားတစ်ဦးဦးက စောင့်ကြပ်ကြည့်ရှု ဆေးတိုက်ကျွေးပါသည်။ ဆေးတိုက်ကျွေးသူက လူနာသောက်မည့်ဆေးများကို စစ်ဆေးပြီး ဆေးအားလုံး သောက်ပြီးသည်အထိ စောင့်ကြည့်ရပါသည်။ လူနာဆေးသောက်တစ်ရက်ပျက်ကွက်ပါက ကြီးကြပ်သူကို နေ့ချင်း သတင်းပို့ကြပါသည်။
- ဆေး၏ဘေးထွက်ဆိုးကျိုးများကို စစ်ဆေးပြီး လိုအပ်ပါက ကုသမှုပေးနေသည့် ဌာနသို့ လွှဲပို့ပေးပါသည်။
- ပြန်လည်ပြသရမည့် ရက်ချိန်းများ၊ သလိပ်၊ သွေးနှင့် သွေးစစ်ဆေးရမည့်ရက်များ၊ ဓာတ်မှန်ရိုက်ရမည့်ရက်များကို အသိပေးပါသည်။
- အာဟာရပြည့်ဝအောင် စားသောက်ပုံ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ရန် ပညာပေးပြောဆိုပါသည်။
- လူနာနှင့်အတူနေသူများအား တီဘီဖြစ်နိုင်ခြေရှိသည့် လက္ခဏာများအား စစ်ဆေးပေးခြင်းနှင့် လိုအပ်ပါက ဆက်လက်စစ်ဆေးရန်လွှဲပို့ပေးပါသည်။
ထိုသို့တိုက်ရိုက်ကြည့်ရှု ဆေးတိုက်ကျွေးခြင်းဖြင့် လူနာသည် မှန်ကန်သောဆေးအမျိုးအစားနှင့် ပမာဏကို အကြိမ်မှန်၊ အချိန်မှန်သောက်ရခြင်း၊ ဆေး၏ဘေးထွက်ဆိုးကျိုးများကို အချိန်မီသိရှိသဖြင့် ဆေးကုသမှုအောင်မြင်ရေးကို များစွာအထောက်အကူဖြစ်စေပါသည်။ ဆေးယဉ်ပါးတီဘီလူနာများသည် ညွှန်ကြားချက်များအတိုင်း အတိအကျလိုက်ပါလုပ်ဆောင်ကြခြင်းဖြင့် ရောဂါပျောက်ကင်းသည့်လူနာ (cured)
ဆိုသည့်ရလဒ်ကို ရရှိမည်ဖြစ်ပါသည်။
''ဆေးယဉ်ပါးတီဘီကုထုံးများ''
ဆေးယဉ်ပါးတီဘီကို ဒုတိယအဆင့်တီဘီဆေးများဖြင့် ကုသပါသည်။ ရိုးရိုးတီဘီဆေးများထက် ဘေးထွက်ဆိုးကျိုးပိုများပါသည်။ ကုသချိန်ပိုများပါသည်။ ဆေးများမှာ တန်ဖိုးကြီးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံကုထုံးများဖြစ်ပြီး သက်ဆိုင်ရာပညာရှင်များသည် ဆေးယဉ်ပါးတီဘီရော ဂါကုထုံးများကို ဆိုးကျိုးနည်းနိုင်သမျှနည်းအောင်ပေါင်းစပ်ကုသပေးလျက်ရှိရာ နှစ်စဉ်ဆေးကုထုံး အသစ်များပေါ်ထွက်လာပါသည်။ ထို့ကြောင့် လက်ရှိဆေးယဉ်ပါးတီဘီကုထုံးများမှာ ယခင်ကထက် စာလျှင် ဘေးထွက်ဆိုးကျိုးများစွာ လျော့နည်းသွားပါသည်။
ဆေးကုထုံးရွေးချယ်ရာတွင် လူနာ၏ ရောဂါအချက်အလက်များကို ဆန်းစစ်၍ တီဘီကျွမ်းကျင်ဆရာဝန်များက ဆုံးဖြတ်ပေးပါသည်။
''ဆေးယဉ်ပါးတီဘီအချိန်တိုကုထုံး
ကုထုံးတို့သည် ကိုးလမှ ၁၁ လခန့်အထိကြာမြင့်ပြီး သောက်ဆေး ခုနစ်မျိုးပါပါသည်။
''ဆေးယဉ်ပါးတီဘီအချိန်ကြာကုထုံး''
ဆေးကုချိန် ၁၈ လကြာပြီး သောက်ဆေး ငါးမျိုးပါဝင်ပါသည်။
လူနာ၏အခြေအနေပေါ်မူတည်၍ သောက်ရမည့်ဆေးနှင့်အချိန်ကာလပြောင်းလဲမှုရှိပါသည်။
''ဆေး၏ ဘေးထွက်ဆိုးကျိုးများ''
ဖြစ်လေ့ဖြစ်ထရှိသော ဘေးထွက်ဆိုးကျိုးများမှာ အရေပြားယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ပျို့ခြင်းအန်ခြင်း၊ ဝမ်းလျှောခြင်း၊ စိတ်ဓာတ်ကျခြင်း၊
စိုးရိမ်စိတ်လွန်ကဲခြင်း၊ ပြင်းထန်သောစိတ်ဝေဒနာဖြစ်ခြင်း၊ အသည်းရောင်အသားဝါခြင်း၊ အရိုးအဆစ်များနာခြင်း၊ ကြွက်တက်ခြင်း၊ ရင်တုန်ခြင်းများဖြစ်ကြပါသည်။
သလိပ်တွင် တီဘီပိုးစစ်ဆေးခြင်းနှင့် တီဘီဆေးဝါးများကို တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် ကျန်းမာရေးဌာနများတွင် အခမဲ့ရရှိပါသည်။
''ဆေးယဉ်ပါးတီဘီရောဂါကူးစက်ပုံနှင့် ပျံ့နှံ့မှုကိုထိန်းချုပ်ခြင်း''
ဆေးယဉ်ပါး တီဘီရောဂါထိန်းချုပ်ခြင်းမှာ ရိုးရိုးတီဘီရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်းနှင့် ကွဲပြားခြင်းမရှိပါ။
(၁) အုပ်ချုပ်ရေးနည်းလမ်းဖြင့် ထိန်းချုပ်ခြင်း
တီဘီသံသယရှိသူများကို စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ တီဘီရောဂါမရှိသူများအား သီးခြားခွဲခြားထားခြင်းနှင့် တီဘီရောဂါ ဖြစ်ပွားသူတို့ကို
စောစီးစွာ ကုသပေးခြင်းတို့သည် အဓိကကျသော ထိန်းချုပ်ခြင်းဖြစ်သည်။
(၂) ပတ်ဝန်းကျင်လေထုမှ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်း
သဘာဝလေကို အကျိုးရှိစွာ အသုံးချခြင်းဖြစ်သည်။ နေရောင်ခြည်သည် တီဘီရောဂါပိုးကို ကုသစေနိုင်သဖြင့် ပြတင်းပေါက်များ အမြဲဖွင့်ထားရန်၊
လေတိုက်သောဦးတည်ရာအရပ်ကို တားဆီးပိတ်ပင်ခြင်းမပြုရန် ဆောင်ရွက်ရပါမည်။ သဘာဝလေမရပါက ပန်ကာဖွင့်ခြင်း၊ လေအေးစက်ပေးခြင်းနှင့် ၎င်းလေကို
ထုတ်ပစ်သော Exhaust Fan များတပ်ပြီး လေအမြဲလည်ပတ်အောင် ဆောင်ရွက်ရပါမည်။
(၃) အသက်ရှူလမ်းကြောင်းမှ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်း
တစ်ဦးမှတစ်ဦး ရောဂါမကူးစက်ရန် အသက်ရှူလမ်းကြောင်းကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းသည် N-95 နှာခေါင်းစည်းများတပ်ဆင်ပြီး
အလုပ်လုပ်ရပါမည်။ တပ်ဆင်လျှင် မျက်နှာနှင့် သင့်တော်သောအရွယ်အစားဖြစ်ရပါမည်။
(၄) လူနာများမှ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်း
လူနာများသည် ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ (သို့မဟုတ်) လက်ဖြင့် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားရန် နှာခေါင်းစည်း (Surgical Mask) ကို
မိမိတစ်ဦးတည်းနေထိုင်သည့် အချိန်မှလွဲ၍ အမြဲတပ်ဆင်ထားရန်လိုအပ်ပါသည်။
သီးသန့်ထားရှိသော အဖုံးပါသည့် ထွေးခံထဲသို့ သလိပ်ထွေးရမည်။ ၎င်းသလိပ်ကို ပိုးသတ်ဆေးဖြင့် ပိုးသတ်ပြီးမှ မီးရှို့ခြင်း၊ ကျင်းနက်နက်ထဲသို့ စွန့်ပစ်ခြင်း ပြုလုပ်ရပါမည်။ လူထူထပ်သည့်နေရာသို့ သွားခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ရပါမည်။လူနာများသည်ဆေးကို ညွှန်ကြားထားသည့်အတိုင်း မှန်မှန်နှင့်ပြီးဆုံးအောင်သောက်ခြင်း၊ သလိပ် ပြန်လည်စစ်ဆေးပေးခြင်းဖြင့် မိမိကိုယ်တိုင်တီဘီပိုးကင်းစင်ပြီး အခြားသူများသို့ ကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် တီဘီရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေပါသည်။ ဆေးယဉ်ပါးတီဘီများဖြစ်လာခြင်းကြောင့် ကုသရာတွင် ငွေကြေးပိုမိုကုန်ကျလျက်ရှိသည်။ ကမ္ဘာကြီးတွင် တီဘီရောဂါအဆုံးသတ်ရေး (End TB) မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တီဘီရောဂါအဆုံးသတ်ရေးတိုက်ပွဲ၌ တိုးတက်မှုတို့မှာ နှစ်နှင့်ချီ၍ နောက်ဆုတ်သွားစေပါသည်။ ကမ္ဘာတစ်လွှားဖြစ်ပွားနေသော စစ်ပွဲများသည် တီဘီရောဂါပပျောက် ရေးကို အဟန့်အတားဖြစ်စေပါသည်။ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းက တီဘီရောဂါဖြစ်ရန်အားပေးလျက်ရှိသည်။
နိုင်ငံများသည် ရည်မှန်းချက်ပန်းတိုင်ရောက်ရန် တီဘီလူနာများအား စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် ဆေးဝါးကုသမှုပေးခြင်းကို လူတိုင်းလက်လှမ်းမီရရှိအောင် ဆောင်ရွက်ရင်း ရောဂါကာကွယ်ခြင်းနှင့် ကူးစက်မှုထိန်းချုပ်ခြင်းတို့ကို ဟန်ချက်ညီညီဆောင်ရွက်ကြရပါမည်။
တီဘီရောဂါပပျောက်ရေးတွင် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်နေ၍မရဘဲ စုပေါင်း ဆောင်ရွက်ကြရပါမည်။ နိုင်ငံအစိုးရများ၏ ဦးဆောင်ဦးရွက်ပြုမှုနှင့် တာဝန်ခံမှုရှိခြင်း၊ မြို့ပြ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ခိုင်ခိုင်မာမာ ပေါင်းစည်းဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ အထွေထွေရောဂါကုဆရာဝန်များမှ ပံ့ပိုးကူညီခြင်း၊ ပြည်သူများ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် စုပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် ကမ္ဘာကြီးတွင် တီဘီရောဂါသည် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ အဆုံးသတ်သွားမည် (End TB) ဖြစ်ပါကြောင်း မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ်ရေးသားလိုက်ပါသည်။
ကိုးကား
(၁) WHO Website
(၂) ဆေးယဉ်ပါးတီဘီရောဂါကုသရေး
သင်ရိုးညွှန်တန်းစာအုပ်၊ ဖေဖော်ဝါရီ ၂၀၁၅
(၃) ကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါ
တိုက်ဖျက်ရေးလက်စွဲစာအုပ်၊ ဒီဇင်ဘာ ၂၀၁၉
(၄) တီဘီလက်ကမ်းစာစောင်များ