ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ပါလီမန်ကို ဖျက်သိမ်းရန် အမိန့် တစ်ရပ်ကို ပြင်ဆင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြားခဲ့ပြီး ယင်းသည် လေးနှစ်သက်တမ်းရှိသည့် ၎င်းအစိုးရအဖွဲ့၏ လက်ကျန်သက်တမ်းဖြစ်သည့် နောက်ဆုံးသီတင်းပတ်သို့ ရောက်ရှိလာချိန်တွင် မှန်းဆထားခဲ့ပြီးဖြစ်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
ယင်းအမိန့်ကို ထိုင်းဘုရင်က အတည်ပြုရန်လိုအပ်ပြီး တော်ဝင်အမိန့်ပြန်တမ်းဖြင့် ထုတ်ပြန်မည့်အချိန်မှစပြီး အကျုံးဝင်သက်ရောက်မည်ဖြစ်သည်။
ပါလီမန် ဖျက်သိမ်းပြီးနောက် ၄၅ ရက် မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။
“ကျွန်တော် (အမိန့်ကို) ပြင်ဆင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ စောင့်ရမှာပါ။ တော်ဝင်အမိန့်ပြန်တမ်းမှာ ကြေညာတဲ့အချိန်အထိ ကျွန်တော်တို့ စောင့်ရမှာဖြစ်ပါတယ်”ဟု ပရာယွတ်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မည်သည့်အချိန်တွင် တော်ဝင်အမိန့် ပြန်တမ်းထုတ်ပြန်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ပရာယွတ်က “ကျွန်တော်တို့ စောင့်ရမှာပါ” ဟု ဖြေကြားခဲ့သည်။
၁၈ နှစ်ကြာ အာဏာလွန်ဆွဲမှုများ ဖြစ်ပွားခဲ့သည့် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံတွင် ကျင်းပမည့် ယင်းရွေးကောက်ပွဲတွင် ဘီလျံနာ ရှင်နာဝပ်ထရာ မိသားစုသည် စစ်တပ်က ထောက်ခံထားသည့် ပါတီများနှင့် သက်တမ်းရင့် ကွန်ဆာဗေးတစ်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်က ယင်းလပ်ရှင်နာဝပ်ထရာအစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့မှုကို ဦးဆောင်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ် ကြီး ပရာယွတ်သည် ပါတီသစ်ဖြစ်သည့် United Thai Nation ပါတီအောက်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သူသည် ယခင် ထိုင်းဝန်ကြီးချုပ်များဖြစ်သည့် သက်ဆင်ရှင်နာဝပ်ထရာ၏သမီးတော် စပ်ပြီး ယင်းလပ်၏ တူမတော်စပ်သည့် ပါအယ်တောင်တန် ရှင်နာဝပ်ထရာနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
အသက် ၃၆ နှစ်အရွယ် ပါအယ်တောင်တန်သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအကြို လူထုဆန္ဒကောက်ယူမှု စစ်တမ်းများတွင် ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရေပန်းစားနေသူဖြစ်သည်။
ပါအယ်တောင်တန်သည် မတ်လ ၁၇ ရက်က ပြုလုပ်ခဲ့သည့် Pheu Thai ပါတီ၏ ကိုယ်စားလှယ်လောင်းများကို မိတ်ဆက်သည့် အခမ်းအနားတွင် စကားပြောခဲ့ချိန်က သူ့ပါတီကို ဆန့်ကျင်သည့် နိုင်ငံရေးအကြံအစည်များကို ရှောင်ရှားနိုင်ရန် ရည်မှန်း ထားမှုနှင့်အတူ သူသည် လာမည့်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Pheu Thai ပါတီနှင့် ယင်းပါတီမတိုင်မီ ယခင်အမည်များဖြင့် ဖွဲ့စည်းခဲ့သည့် ပါတီများသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့ အစိုးရအဖွဲ့သုံးဖွဲ့သည် တရားစီရင်ခံရမှုများ သို့မဟုတ် စစ်အာဏာသိမ်းခံရမှုများကြောင့် သက်တမ်းတိုတောင်းခဲ့သည်။
“ကျွန်မတို့ဟာ သေချာပေါက် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မယ်လို့ ကျွန်မ ခိုင်ခိုင်မာမာ မျှော်လင့်ထားပါတယ်။ အဲဒါကြောင့် ကျွန်မတို့ဟာ သောင်ပြိုကမ်းပြိုအနိုင်ရဖို့ စည်းရုံး လှုံ့ဆော်သွားမှာဖြစ်ပါတယ်”ဟု ပါအယ်တောင်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏ ပြိုင်ဘက်များသည် ၎င်းတို့ပါတီကို တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းဖွယ်ရှိသည်ဟုလည်း ပါအယ်တောင်တန်က ပြောကြားခဲ့သည်။














