အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ပြန် ယင်းသို့ဖမ်းဝရမ်းထုတ်မှုသည် တရားမဝင်ဟု ရုရှားပယ်ချ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ပြန် ယင်းသို့ဖမ်းဝရမ်းထုတ်မှုသည် တရားမဝင်ဟု ရုရှားပယ်ချ
မတ်လ ၁၇ ရက်က ကရင်မလင်နန်းတော်၎င်း လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုကို ဗီဒီယိုလင့်မှတစ်ဆင့် ကြီးမှူးကျင်းပနေသည့် ရုရှားသမ္မတဗလာဒီမာပူတင်ကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၁၇ ရက်က ကရင်မလင်နန်းတော်၎င်း လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုကို ဗီဒီယိုလင့်မှတစ်ဆင့် ကြီးမှူးကျင်းပနေသည့် ရုရှားသမ္မတဗလာဒီမာပူတင်ကို တွေ့ရစဉ် (Photo – AFP)
Published 18 March 2023
Ref: AFP

ယူကရိန်း ကလေးသူငယ်များကို ဥပဒေနှင့်ဆန့်ကျင်၍ ရုရှားသို့နှင်ထုတ်ခဲ့သည့် စစ်ရာဇဝတ်မှု စွပ်စွဲချက်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြည်ပြည်ဆိုင်ရာရာ ဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြန်ကြောင်း မတ်လ ၁၇ ရက်တွင် ကြေညာခဲ့သည်။

သည်ဟိဂ်မြို့အခြေစိုက် ICC ခုံရုံးသည် ရုရှား၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မရှင်နာဖြစ်သူ မာရီယာ လဗိုဗာ- ဘလိုဗာကိုလည်း အလားတူစွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

ရုရှားအစိုးရကမူ ယင်းသို့ဖမ်းဝရမ်းထုတ်မှုများသည် တရားမဝင်ဟုဆိုကာ ပယ်ချခဲ့သည်။ ရုရှားသည် ICC အဖွဲ့ဝင်မဟုတ်သည့်အတွက် သမ္မတပူတင်အား မည်သို့မည်ပုံ အရေးယူဆောင်ရွက်သွားမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

စစ်ဒဏ်သင့် ယူကရိန်းကမူ ICC ၏ကြေညာချက်ကို ကြိုဆိုခဲ့ပြီး သမ္မတဗိုလိုဒီမာ ဇယ်လန်စကီးကလည်း ယင်းသည် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။

တရုတ်သမ္မတရှီကျင်းပင် မော်စကိုသို့ သွားရောက်မည့် ခရီးစဉ်နှင့် ယူကရိန်းစစ်တပ်အတွက် ဂျက်တိုက်လေယာဉ်များ ထပ်မံပေးပို့မည့် သတင်းများအပါအဝင် ယူကရိန်းစစ်ပွဲအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်သည့်သတင်းများ ထွက်ပေါ်လာခဲ့ပြီး နာရီပိုင်းအကြာတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ အံ့အားသင့်ဖွယ် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားသို့ အတင်းအကျပ် ရွှေ့ပြောင်းခံရသည့် ယူကရိန်းကလေးငယ် ၁၆,၀၀၀ ကျော် ရှိခဲ့ကြောင်း ယူကရိန်းအစိုးရ၏အဆိုအရ သိရပြီး ကလေးငယ်အများအပြားသည် ကူညီစောင့်ရှောက်ရေး ဂေဟာများသို့ ပို့ဆောင်ခံခဲ့ရသည်ဟူသော စွပ်စွဲချက်များလည်း ထွက်ပေါ်ခဲ့သည်။

သမ္မတပူတင်အနေဖြင့် ICC အဖွဲ့ဝင် နိုင်ငံ ၁၂၀ ကျော်အနက်မှ မည်သည့်နိုင်ငံတွင်မဆို ခြေချမိပါက ဖမ်းဆီးခံရဖွယ်ရှိကြောင်း ICC ရှေ့နေဖြစ်သူ ကာရင်ခန်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်မှုများသည် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ၊ စေ့စပ်သေချာသော စိစစ်မှုများနှင့် ကာယကံရှင်နှစ်ဦး၏ ပြောကြားချက်များကို အခြေခံခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ တင်သွင်းခဲ့တဲ့အထောက်အထားတွေဟာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဓိကထားခြင်းဖြစ်တယ်။ ကလေးသူငယ်တွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ထိရှအလွယ်ဆုံးဖြစ်တယ်” ဟု ခန်းက ပြောကြားခဲ့သည်။

ယင်းသို့ဖမ်းဝရမ်းထုတ်ပြန်မှုကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေကြောင်း ICC ဥက္ကဋ္ဌ ပီတာဟောဖ်မန်စကီးက ပြောကြားသည်။

“တခြားနိုင်ငံတချို့လိုပဲ ရုရှားဟာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ် မပြုပါဘူး။ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် အဲဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေက တရားမဝင်ပါဘူး” ဟု ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စကော့က ပြောကြားခဲ့သည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း ယင်းဖမ်းဝရမ်းထုတ်မှုသည် ရုရှားအတွက် မည်သည့်အဓိပ္ပာယ်သက်ရောက်မှုမှမရှိဟု ပြောကြားခဲ့သည်။

Most Read

Most Recent