ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ ကြံတောကျေးရွာအနီးတွင် မတ် ၁၂ ရက် နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး အသတ်ခံရကာ ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အသက်ခံရပြီး ဆိုင်ကယ်လုယက်ခံရသူမှာ ကြံတောကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မခိုင်သဇင်ထွေး (ခ) မွန်ချမ်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ မတ်လ ၁၂ ရက် နံနက်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားပြီးနောက်၊ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက် မိသားစုဝင်များက လိုက်လံရှာဖွေနေခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
"မွန်ချမ်းရဲ့ ရုပ်အလောင်းကို မတ် ၁၃ ရက်၊ ညနေ ၄ နာရီအချိန်လောက်မှာ ကြံတောကျေးရွာအနီးက ရော်ဘာခြံတစ်ခြံအနီးမှာ တွေ့ခဲ့ရတာလို့သိရတယ်။ သူ့ဆိုင်ကယ်တော့ မတွေ့ရတော့ဘူး" ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မခိုင်သဇင်ထွေး (ခ) မွန်ချမ်း အား ဘုရားသုံးဆူမြို့နေ ၎င်းနှင့် သိကျွမ်းသူ အမျိုသားတစ်ဦးက သတ်ဖြတ်ကာ ဆိုင်ကယ်ယူဆောင်သွားသည်ဟု ကြားသိရကြောင်းနှင့် ၎င်းအမျိုးသားမှာ ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းသို့သွားရောက်ကာ အဖမ်းခံခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
မခိုင်သဇင်ထွေး (ခ) မွန်ချမ်း ၏ရုပ်အလောင်အား ဘုရားသုံးဆူ Rescue မှ ဘုရားသုံးဆူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ထိုမှ ဆေးရုံရှိ လူသေတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo Credit - ဘုရားသုံးဆူ Rescue