ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ဆိုင်ကယ် ၁၃ စီးနှင့် ကားငါးစီး လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိကြောင်း မတ် ၁၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ျ
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးတောရွှေ (၄၆)နှစ် ကော့တလန်စိန်ရွာ ဘားအံမြို့နယ်နေသူသည် မတ် ၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကန်ဒါအမျိုးအစားယာဉ်ဖြင့် ကော့တလန်စိန်ဘုန်းကြီးကျောင်းသို့ သဲများပို့ဆောင်ရန် သွားရောက်စဉ် ကော့ကမာကျေးရွာအဝင်အနီးတွင် လူငယ်ငါးဦးခန့်ပါဝင်သော Toyota Mark-x ယာဉ်သည် ကားရှေ့ကျော်တက်ပိတ်ရပ်ပြီး လက်နက်ပြ၍ ဝိုင်းဝန်းခြိမ်းခြောက်ထိုးကြိတ်ကာ ၎င်း၏ကားအား လုယက်ယူဆောင်သွားသဖြင့် ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
ယင်းနောက်အိန္ဒုနယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ မမြင့်ဇူ(ခ) နော်မြင့်ဇူ (၃၂ နှစ်) အမှတ်(၅)ရပ်ကွက် အောင်နန်းလမ်း ဘားအံမြို့၊ နေလင်းထွန်း(ခ) သားငယ်လေး (၂၁ နှစ်) အောင်မြင်ရွှေဘိုလမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့၊ ဇင်လင်းထက် (ခ)ဘီးလင်း (၂၉ နှစ်) အောင်နန်း(၃)လမ်း အမှတ်(၅) ရပ်ကွက် ဘားအံမြို့၊ ချစ်ကိုဦး (၂၈ နှစ်) အောင်မြင်ရွှေဘိုလမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့၊ မျိုးမင်းသိန်း (ခ)အေနိုင်း (၂၈ နှစ်) အောင်မြင်ရွှေဘိုလမ်း အမှတ် (၃)ရပ်ကွက် ကရင်စာပေစု မြဝတီမြို့နေသူတို့အား ပြစ်မှုကျုးလွန်စဉ် ကိုင်ဆောင်လက်နက်များ၊ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဘားအံမြို့နယ်အတွင်း ကား ငါးစီးနှင့် ဆိုင်ကယ် ၁၃ စီးကို လုယက်မှုများကျူးလွန်ခဲ့ကြောင်း အမှုစစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကျန်ရှိသော သက်သေခံမော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား သိမ်းဆည်းရမိရေးနှင့် ဆက်လက်အရေးယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















