ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား နှစ်သောင်းနီးပါး လာရောက်

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား နှစ်သောင်းနီးပါး လာရောက်
Published 14 March 2023

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား နှစ်သောင်းနီးပါးလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၅၀၉ ဦး လာရောက်ခဲ့ပြီး ပြည်ပဘုရားဖူးခရီးသွား ၈၃၃ ဦး စုစုပေါင်း ၁၉၃၄၂ ဦး လာရောက်ခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ပြီးခဲ့တဲ့ မတ် ၅ ရက် တပေါင်းလပြည့်နေ့ကဆိုရင် ဘုရားဖူးနည်းနည်းပိုများတယ်။ ဘုရားဖူး ၃၀၀၀ ဦးလောက်လာတယ်။ မတ် ၁ ရက်ကနေ ၉ ရက် အတွင်းမှာတော့ ပြည်တွင်းဘုရားဖူး ၁၁၇၃၉ ဦး လာရောက်ခဲ့ကြသလို ပြည်ပက ၄၇၅ ဦး လာရောက်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးသွားရင်တော့ ဘုရားဖူးတွေပိုလာကြမယ်လို့တော့ ယူဆပါတယ်” ဟု ပြောကြားသည်။

စေတီတော်မြတ်ကြီးသို့ လာရောက်သည့် ဘုရားဖူးများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်နှင့် စိတ်လက်ချမ်းသာစွာ ဘုရားဖူးနိုင်ရေးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့) က ကျင်းပခဲ့ကြောင်း၊ သို့သော်လည်း အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ရှိ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ဝင်းအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဘုရားဖူးသုံးဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ်ဘုရားဖူးသုံးသန်းခန့် လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

Most Read

Most Recent