ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး မြန်မာနှင့် အိန္ဒိယ ဆွေးနွေး၊ လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ရန်ကုန်သီလဝါဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုခဲ့ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားခြင်း

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး မြန်မာနှင့် အိန္ဒိယ ဆွေးနွေး၊ လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ရန်ကုန်သီလဝါဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုခဲ့ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားခြင်း
ရန်ကုန်လေဆိပ်သို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာသည့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်ငါးစုံကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
ရန်ကုန်လေဆိပ်သို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာသည့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်ငါးစုံကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 12 March 2023

နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားတို့ တွေ့ဆုံ၍ ဆွေး နွေးခဲ့ကြောင်း သိရသည်။

မတ် ၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားတို့ တွေ့ဆုံ၍ ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အချိန်မီပြီးစီးရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ဆောင်ရွက်ပြီးစီးပါက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး  စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ ယခု စီမံကိန်းသည် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့ပြင် စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။  

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ရန်ကုန် သီလဝါ ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုခဲ့ပြီး အကောက်ခွန် ကင်းလွတ်ခွင့်ပြုထား

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ရန်ကုန် သီလဝါဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါအားသွင်းစက်များကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co.,Ltd က တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးစုံ မတ် ၆ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြု ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် Chin Dwin Shan Co.,Ltd မှ လျှပ်စစ်သုံးယာဉ်များအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger ငါးခုကို ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်း၊ အဆိုပါ Charger များ တင်သွင်းမှုကို ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန် ကင်းလွတ်သက်သာခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးယာဉ်များ အား ဖြည့်သွင်းရာတွင် ယခုကဲ့သို့ အိမ်သုံး 7KW Charger များဖြင့် မိမိအိမ်တွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှု များပြားသော စျေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းနေရာများတွင် လွယ်လင့်တကူ  အားသွင်းနိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ Charging Station များ တည်ဆောက်ရာတွင် လည်းလုပ်ငန်းခွင် အန္တရာယ်ကင်း ရှင်းရေး၊ အရည်အသွေး စံချိန် စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီ ပြီးစီးရေးတို့ကို အလေးဂရုပြုဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားထားသည်။ 

ပြည်သူများ အသုံးပြုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း စသည့် တည်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာစျေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေး ကားဝင်းများ စသည့် နေရာများတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/ ၀) ဖြူး ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်း ယာဉ်ရပ်နားစခန်း၊ မိုင်တိုင်  (၃၅၂/၀) စကားအင်းယာဉ် ရပ်နားစခန်း စသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ပြန်လည်ဖွင့်လှစ်

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ရာ ပတ်စပို့စာအုပ်များဖြင့် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းမြို့ကို သွယ်ထားသည့်နယ်စပ်ဂိတ်ကို နှစ်နိုင်ငံ အပြန်အလှန်စာထုတ်ပြန်ကာ မတ် ၇ ရက်မှ စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစကြောင်း သိရသည်။

ယခုကဲ့သို့ ခွင့်ပြုပေးလိုက်သည့်အတွက် ပတ်စပို့၊ CI စာအုပ်များဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံကို အလည်အပတ်သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။

“နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွေက စာထုတ်လိုက်ပြီး ခွင့်ပြုပေးလိုက်တယ်ကြားပါတယ်။ အရင်လို TBP,BP တို့နဲ့ သွားနေလို့ရသလို ပတ်စပို့နဲ့ပါ သွားလို့ရပြီဆိုတော့ တတိယနိုင်ငံသားတွေပါ လည်ပတ်သွားလာနိုင်ပြီဖြစ်တယ်။ ကော့သောင်းကမ်းနားမှာတော့ ပတ်စပို့စာအုပ်တွေနဲ့ သွားလာနေတာတွေ့ နေရတယ်” ဟု ကော့သောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအမြဲတန်းနယ်စပ်ဂိတ်များဖြစ်သည့် ထီးခီး-ဖူနမ်ရွန် နယ်စပ်ဂိတ်နှင့် ကော့သောင်း-ရနောင်းနယ် စပ်ဂိတ်နှစ်ခုတွင် ထီးခီး- ဖူနမ်ရွန် နယ်စပ်ဂိတ်အား ချန်လှပ်ထားပြီး ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်အား အပြည့်အဝပြန်လည် ဖွင့်လှစ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်စာတွင် ရေးသားထားကြောင်း သိရသည်။

“မနေ့က ရုတ်တရက်ကြီး ပတ်စပို့စာအုပ်တွေနဲ့ သွားလာလို့ရပြီလို့ သိလိုက်ရတယ်။ အဲဒီမတိုင်ခင်က ထိုင်းခရီးသွားလုပ်ငန်းရှင်အသင်းတွေ ကော့သောင်းကို လာရောက်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ထိုင်းနိုင်ငံသားတွေ ကျွန်းခရီးစဉ်တွေ လည်ပတ်ခွင့်ရရှိဖို့ ပတ်စပို့စာအုပ်တွေနဲ့ ခရီးသွားလာခွင့်ရရှိဖို့ အဆိုပြုထားတာရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရတယ်။ ရုံးပိတ်၊ ကျောင်းပိတ်ရက် တွေလည်း ရောက်လာပြီဆိုတော့ ပြည်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သား တွေအတွက် ပိုမို အဆင်ပြေမှာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဗီဇာစာအုပ်ဖြင့် သွားလာခွင့်ရသည့်အတွက် အဝင်အထွက် တုံးထုကာ သွားလာနိုင်ပြီ ဖြစ်သည့်အတွက် ကုန်ကျစရိတ်များစွာ သက်သာကြောင်း၊ ယခင်က တရားဝင် အထောက်အထားများရှိသော်လည်း BP,TBP တို့သာရှိသဖြင့် ခိုးဝင်ခိုးထွက်လုပ်ခဲ့ရကြောင်း ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုလာသည့် အပြည် ပြည်ဆိုင်ရာဝင်ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း-ရနောင်း နယ်စပ်ဝင်ပေါက်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ခရီးသွားသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ စတင်ပိတ်ထားခဲ့သည့် ကော့သောင်း -ရနောင်းနယ်စပ်ဂိတ်ကို ၂၀၂၂  ခုနှစ် ဇွန် ၁ ရက်တွင် TBP(Temporary Border Pass), BP(Border Pass) များဖြင့် စတင်ခွင့်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ် မတ် ၇ ရက်တွင် ပတ်စပို့၊ CI စာအုပ်များဖြင့်   စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent