ယာယီသုံးဆေးခန်းတဲလေးများသည် တူရကီ၏ငလျင်ဒဏ်သင့်ဇုန်ရှိ လမ်းများပေါ်တွင် အမျိုးသမီးများ မေးမြန်းရန် ရှက်ရွံ့ကြသောအရာအားလုံးကို စီစဉ်ပေးလျက်ရှိသည်။
အတွင်းခံမှအစ ဓမ္မတာနှင့် ကိုယ်ဝန်တားဆေးထုတ်ကုန်များအထိ ဒေါက်တာမယ်တမ်ဂမ်းဘီဂီက အမျိုးသမီးများ အကူအညီဖြန့်ချိမှုစင်တာကြီးများတွင် လူအများကြား၌ အမျိုးသမီးများမေးမြန်းရန် သက်သောင့်သက်သာမဖြစ်သော အခြေခံသုံးပစ္စည်းများအားလုံးကို စီစဉ်ပေးနေသည်။
ထို့ပြင် ဂမ်းဘီဂီသည် တူရကီ၏ ပျက်စီးခဲ့သော အန်တက်ရာမြို့ရှိ အမျိုးသမီးများ၏ ဝမ်းနည်းပူဆွေးမှုများကို ကူညီနားထောင် နှစ်သိမ့်ဆွေးနွေးပေးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။
၇ ဒသမ ၈ ပြင်းအားရှိ ငလျင်ကြောင့် လက်ရှိအချိန်တွင် တူရကီ၌ သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိပြီး ဆီးရီးယားတွင် သေဆုံးသူ ၆,၀၀၀ နီးပါးရှိကာ လွန်ခဲ့သည့်နှစ် ၁၀၀ အတွင်း ကမ္ဘာ့လူသေဆုံးမှုအများဆုံး ဖြစ်စဉ်များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ယင်းငလျင်လှုပ်ခတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို လူပေါင်းသန်းချီ ခံစားနေရသည်ဟုလည်း ကုလသမဂ္ဂကဆိုသည်။
အပျက်အစီးတန်ကြေးတစ်ခုတည်းတွင်ပင် ဒေါ်လာ ၁၀၀ ဘီလျံ ကျော်ရှိပြီး ပြန်လည်ထူထောင်မှုကုန် ကျစရိတ်များအတွက် နောက်ထပ် ငွေကြေးအများအပြားလိုအပ်သည်ဟု ထိပ်သီးကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ဘရာစီယာ၊ ဇာဂနာလိုမျိုးအခြေခံအသုံးအဆောင်တွေအတွက် မေးမြန်းဖို့ မိန်းကလေးအများအပြားက ရှက်ကြပါတယ်။ အဲဒါကြောင့်သူတို့တွေ ဒီကိုအမြဲရောက်လာတတ်ကြပါတယ်”ဟု အသက် ၃၃ နှစ်အရွယ် ဂမ်းဘီဂီကဆိုသည်။
ငလျင်ဒဏ်သင့်ပြည်နယ် ၁၁ ခုရှိ ယာယီတဲများတွင် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသည့်အခြေအနေကြောင့် လိင်အင်္ဂါပိုင်းဆိုင်ရာပြဿနာများ ရှိနေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် သူသည် ကိုယ်ဝန်ရှိနေသည့်တိုင် ၎င်းတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်အကြောင်း စတင်စဉ်းစားရန် အလွန်ထိတ်လန့်တုန်လှုပ်နေပြီး စိတ်ဒဏ်ရာရရှိနေကြသေးသည့် အမျိုးသမီးများကိုလည်း တွေ့ရသည်ဟု ဆိုသည်။ “သူတို့တွေဟာ လူသေဆုံးမှုအများအပြားနဲ့ ပျက်စီးမှု အများအပြားကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ သူတို့ ကလေးအတွက် တွေးမိကြပုံတောင်မပေါ်တော့ပါဘူး။ သူတို့တွေဟာ စိတ်ဒဏ်ရာတွေ ရနေကြပါတယ်”ဟု ၎င်းကဆိုသည်။
ယာယီတဲတစ်ခုတွင် တစ်လကြာနေထိုင်နေသည့် ငလျင်ဘေးမှ အသက်ရှင်လွတ်မြောက်သူ အသက် ၅၁ နှစ်အရွယ် ဆီမီရာဒူမန်းက အမျိုးသမီးများသည် လိုအပ်ချက်အများအပြားရှိနေသည်ဟုဆိုသည်။
“ကျွန်မတို့မှာ ရေချိုးဖို့နေရာမရှိဘူး၊ အိမ်သာမရှိဘူး၊ ရေမရှိဘူး၊ ဘာမှမရှိပါဘူး။ ကျွန်မတို့မှာအတွင်းခံတောင် မရှိပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။
အသက် ၅၇ နှစ်အရွယ် ဂါဇီလီဆမ်းမားက ယာယီတဲများတွင် တစ်ကိုယ်ရည်သီးသန့်မရှိကြောင်း ပြောကြားခဲ့သည်။ “တဲတစ်လုံးမှာ လူခြောက်ယောက်ရှိပါတယ်။ ကျွန်မတို့ ဒီနေရာမှာပဲ ထိုင်တယ်၊ စားတယ်၊ ဒီနေရာမှာပဲ အိပ်ရပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
ငလျင်ဘေးမှအသက်ရှင်လွတ်မြောက်လာသူ ဆယ်ဗာဘူယွတ်ကီလက်စ်က အမျိုးသမီးများသည်အိမ်မှုကိစ္စ၊ မိသားစုကို ဂရုစိုက်ပြုစုမှုကဲ့သို့ နေ့စဉ်ဝန်ထုပ်ဝန်ပိုးများကို ဖေဖော်ဝါရီ ၆ ရက်ငလျင်မတိုင်ခင်ကတည်းက လုပ်ဆောင်နေရပြီး လက်ရှိအချိန်တွင် တစ်ကိုယ်ရည်နာကျင်မှု၊ မလုံခြုံမှုများနှင့် ရင်ဆိုင်နေရသည့်တိုင် ယင်းတာဝန်များကိုဆက်လက်ထမ်းဆောင်ရန် ကြိုးပမ်းနေကြ သည်ဟု ပြောကြားခဲ့သည်။
“အမျိုးသမီးတွေက ဖြန့်ချိရေးစင်တာတွေမှာ အစားအစာတွေသွားတန်းစီရတယ်။ သူတို့ချက်ပြုတ်ရတယ်၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရတယ်၊ ပန်းကန်တွေဆေးရတယ်၊ အဝတ်လျှော်ရတယ်”ဟု အသက် ၂၈ နှစ်အရွယ် ဘူယွတ်ကီလက်စ်ကဆိုသည်။
“အမျိုးသမီးတွေက သူတို့ရဲ့မိသားစုအခြေအနေအတွက် တာဝန်ယူဆောင်ရွက်နေရပါတယ်။ သူတို့တွေက နောက်ထပ်ငလျင်အသစ်တစ်ခု လှုပ်ခတ်မှာကို စိုးရိမ်နေကြပါတယ်။ တဲတွေထဲမှာ အများနဲ့အတူတူ ယှဉ်တွဲနေထိုင်နေရတဲ့ဘဝတွေက လုံခြုံမှုမရှိပါဘူူး”ဟု ဘူယွတ်ကီလက်စ်က ယာယီတဲများတွင်နေထိုင်ကြသည့် အမျိုးသမီးများ၏အခြေအနေကို ပြောကြားခဲ့သည်။














