ယူကရိန်း ဂျုံပို့ကုန်သဘောတူစာချုပ် သက်တမ်းတိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ရုရှားနှင့် ကုလသမဂ္ဂတို့သည် မတ်လ ၁၃ ရက်တွင် ဂျီနီဗာမြို့၌ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး လူသန်းပေါင်းများစွာ၏ ကံကြမ္မာသည် ယင်းသဘောတူညီချက် သက်တမ်းတိုးမှုအပေါ်တွင် မူတည်နေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
လွန်ခဲ့သောနှစ်၏ ဖေဖော်ဝါရီလအတွင်းတွင် ယူကရိန်းကို ရုရှား၏ အင်ပြည် အားပြည့်ကျူးကျော်မှုကြောင့် အရေးပါသည့် ဂျုံများကို ဘေးကင်းစွာတင်ပို့နိုင်ရေးအတွက် ဇူလိုင်လတွင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချိန်အထိ ယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းများသည် စစ်သင်္ဘောများဖြင့် ပိတ်ဆို့ခြင်းခံရသည်။
ကုလသမဂ္ဂနှင့်တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးသော ပင်လယ်နက်ဂျုံသဘောတူစာချုပ် (BSGI) အရ တန်ချိန် ၂၃ ဒသမ ၇ သန်းကျော် တင်ပို့ခဲ့သည်ဟု ကုလသမဂ္ဂထုတ်ပြန်ချက်အရသိရသည်။
ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် တစ်ကမ္ဘာလုံးစားနပ်ရိက္ခာအကျပ်အတည်း သက်သာစေရန် အကူအညီပေးခဲ့သော BSGI သဘောတူစာချုပ်သည် ရုရှား သို့မဟုတ် ယူကရိန်း ကန့်ကွက်မှုမလုပ်ပါက မတ်လ ၁၈ ရက်တွင် အလိုအလျောက်သက်တမ်းတိုးသွားမည်ဖြစ်သည်။
ရုရှားပို့ကုန်များနှင့်စပ်လျဉ်း၍ အလားတူ သဘောတူညီချက်ကို လေးစားခြင်းမရှိသောကြောင့် အထက်ပါသဘောတူစာချုပ်ကို သက်တမ်းတိုးရေးသည် ရှုပ်ထွေးလာသည်ဟု မတ်လ ၉ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရို့ဗ်က ပြောကြားသည်။
BSGI သည် ယူကရိန်းဂျုံ ပို့ကုန်များနှင့်သက်ဆိုင်နေသည်ဆိုသော်လည်း ရုရှားနှင့်ကုလသမဂ္ဂတို့၏ ဒုတိယသဘောတူညီချက်မှာ မော်စကို,ကို အနောက်ပိတ်ဆို့မှုများမှကင်းလွတ်ခွင့်ပေးထားသော ရုရှားစားနပ်ရိက္ခာနှင့်မြေသြဇာများတင်ပို့ရေးကို အထောက်အကူပြုရန် ရည်ရွယ်သည်။
“အစုံလိုက်အဆိုပြုကမ်းလှမ်းချက်ဟာ တစ်ဝက်တစ်ပျက်ပဲပြည့်တယ်ဆိုရင် သက်တမ်းတိုးရေးဟာ တော်တော်လေး ရှုပ်ထွေးသွားမှာပါ”ဟု မော်စကိုသတင်းစာရှင်းလင်းပွဲတွင် လာဗရို့ဗ်က ပြောကြားသည်။
“အမေရိကန်ပြည်ထောင်စုနဲ့ဥရောပသမဂ္ဂတို့ဖြစ်တဲ့ကျွန်တော်တို့ရဲ့အနောက်လုပ်ဖော်ကိုင်ဖက်တွေက စားနပ်ရိက္ခာနဲ့ မြေသြဇာတို့ကို ပိတ်ဆို့တာတွေမလုပ်ဖို့ သနားစဖွယ်ကြေညာခဲ့ကြတာဖြစ်ပေမယ့် အဲဒီသဘောထားဟာ မရိုးသားပါဘူး”ဟု လာဗရို့ဗ်က ပြောကြားသည်။
“အမှန်ကတော့ အရေးယူပိတ်ဆို့မှုတွေဟာ ဂျုံနဲ့မြေသြဇာတွေသယ်ဆောင်လာတဲ့ ရုရှားသင်္ဘောတွေသက်ဆိုင်ရာဆိုင်ကမ်းကို ဝင်ရောက်လာတာကို တားဆီးထားတာဖြစ်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာဒီကုန်တွေကို သယ်ဆောင်ဖို့ ရုရှားဆိပ်ကမ်းတွေကို ဝင်ရောက်လာတဲ့ ပြည်ပသင်္ဘောတွေကို တားဆီးထားတာဖြစ်ပါတယ်”ဟု လာဗရို့ဗ်က ပြောကြားသည်။
ရုရှားဌာနဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးမှုများလုပ်ဆောင်ရန် ဂျီနီဗာမြို့ကိုသွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မာရီယာဇာ ခါရိုဗာက မတ်လ ၉ ရက်တွင် ပြောကြားသည်။
ဆွေးနွေးမှုများတွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ မာတင်ဂရစ်ဖစ်၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအေဂျင်စီ UNCTAD အကြီးအကဲရီ ဘက်ကာဂရင်းစပန်တို့ ပါဝင်မည်ဟု ၎င်းက ပြောကြားသည်။
“သဘောတူစာချုပ်ကို ဆွေးနွေးကြမှာဖြစ်ပါတယ်”ဟု မာရီယာဇာခါရိုဗာက သတင်းထောက်များကို ပြောကြားသည်။
သဘောတူစာချုပ်သည် နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းရှော့ခ်များကို လျော့ပါးသက်သာစေမည်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော တည် ငြိမ်မှုနှင့် ကြိုတင်တွက်ဆနိုင်မှုတို့ ရှိစေမည်ဟု UNCTAD က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။














