နိုင်ငံကျော် မြန်မာသံစဉ် အဆို​တော်ကြီး တွံတေးစိုးအောင် ရုတ်တရက်ကွယ်လွန်

နိုင်ငံကျော် မြန်မာသံစဉ် အဆို​တော်ကြီး တွံတေးစိုးအောင် ရုတ်တရက်ကွယ်လွန်
Published 9 March 2023

နိုင်ငံကျော် မြန်မာသံစဉ်အဆိုတော်ကြီး တေးသံရှင် တွံတေးစိုးအောင်သည် မတ်လ ၉ ရက် နံနက် ၂  နာရီက ကွယ်လွန်သွားကြောင်း သားဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

တေးသံရှင် တွံတေးစိုးအောင်သည် ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

တေးသံရှင် တွံတေးစိုးအောင်၏သား ဖြစ်သူ တွံတေးဟိန်းကျော်က “ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင်ကြီး တွံတေးစိုးအောင် ယနေ့နံနက် ၂ နာရီက ကွယ်လွန်သွားပါတယ်”ဟု Facebook မှတစ်ဆင့် ပရိသတ်များကို အသိပေးပြောဆိုထားသည်။

တွံတေးစိုးအောင်သည် ရုတ်တရက် မူးလာခြင်းကြောင့် ဆေးရုံတင်ကာ ကုသမှုများခံယူခဲ့သော်လည်း  သတိပြန်မရလာဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုသည်။

တွံတေးစိုးအောင်သည် ပထမဆုံး တစ်ကိုယ်တော်စီးရီးက “ကိုကိုလို့ခေါ်ပါ”ဖြင့် အနုပညာလောကထဲစတင်ရောက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုများ ရရှိခဲ့သူဖြစ်သည်။  တေးစီးရီးခွေများစွာ ဆက်တိုက် ထွက်ရှိခဲ့ပြီး စုစုပေါင်း တေးစီးရီးပေါင်း ၁၀၀ ဝန်းကျင် အထိ ထွက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း ဂီတအနုပညာ အလုပ်များကို ပြန်လည်လုပ်ကိုင်လုပ်ရင်း သားဖြစ်သူကိုလည်း အနုပညာအမွေပေးထားကြောင်း သိရသည်။

တွံတေးစိုးအောင်၏ စျာပနကို မတ်လ ၁၁ ရက် စနေနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent