မန်ယူအသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ယခုရာသီ၌ ပြိုင်ပွဲစုံ (၂၅) ဂိုးအထိ သွင်းယူထားသော်လည်း ရပ်ရှ်ဖို့ဒ်သည် တိုက်စစ်မှူးစစ်စစ်မဟုတ်ဘဲ အသင်းဟောင်းအနေဖြင့် အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
မန်ယူအသင်းကို (၂၆) နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၁၃) လုံးအပါအဝင် ဆုဖလားများစွာ ရယူပေးခဲ့သည့် ဖာဂူဆန်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝင်ဘလေကွင်းတွင် လိဂ်ဖလားချန်ပီယံဖြစ်ခဲ့သည့် မန်ယူအသင်းကို လာရောက်အားပေးခဲ့သူဖြစ်သည်။
ထို့ပြင် ၎င်းသည် လက်ရှိမန်ယူနည်းပြ တန်ဟက်ဂ်နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ဖေဖော်ဝါရီလလယ်ပိုင်းလောက်က နှစ်ဦးအတူစားသောက်ဆိုင်တစ်ခုတွင် ညစာစားသောက်ခဲ့ကြကြောင်း သိရှိရသည်။
ယခုအခါ ဖာဂူဆန်က အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုရာသီတွင် ခြေစွမ်းပြဂိုးများ သွင်းယူနေသော်လည်း အသင်းဟောင်းအနေဖြင့် ဂိုးသွင်းကောင်းသည့် အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်သည်ဟု အကြံပေးခဲ့ခြင်းဖြစ်သည်။
ဖာဂူဆန်က ''ကျွန်တော်ကတော့ ရပ်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးလို့ မထင်ပါဘူး။ သူက ဘယ်တောင်ပံကနေ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ သူ့ရဲ့အဆုံးသတ်ကလည်း အမြဲတမ်းကောင်းပါတယ်။ သူက သွေးအေးတိုက်စစ်မှူးတစ်ဦးမှာရှိရမယ့် အရည်အချင်းတွေရှိပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူက အသင်းအတွက် အဓိက ဂိုးသွင်းသူ ဖြစ်နေတယ်။ မန်ယူအနေနဲ့ အဲဒီနေရာအတွက် တိုက်စစ်မှူးတစ်ဦး ရှာရမှာဖြစ်ပြီး အခုတော့ အဲဒီအလုပ်ကို ရပ်ရှ်ဖို့ဒ်က လုပ်နေပါတယ်''ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးစစ်စစ်ဟူ၍ မာစီယဲလ်တစ်ဦးတည်းသာ ကျန်တော့သည့် တိုက်စစ်ပိုင်းအတွက် ပြီးခဲ့သည့်ဇန်နဝါရီတွင် ဗက်ဟော့စ်ကို အငှားခေါ်ယူခဲ့သည်။
မန်ယူအသင်းသည် လာမည့် ၂၀၂၃ နွေတွင် တိုက်စစ်ပိုင်းအတွက် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။















