ရီးယဲလ်မက်ဒရစ်အသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၂၂ The Best FIFA အမျိုးသားအကောင်းဆုံးကစားသမားဆုနှင့် လွဲချော်ခဲ့ရပြီးနောက် တုံ့ပြန်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ဆုအတွက် အကျုံးဝင်သည့်ကာလအတွင်း သူရရှိခဲ့သော အောင်မြင်မှုများကို နောက်ဆုံးတင်ရှိထားခဲ့သည်။ ဘန်ဇီမာသည် ဆုပေးပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိ ရသည်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ ဘန်ဇီမာသည် ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် The Best FIFA ဆုပေးပွဲအခမ်းအနားတွင် မက်ဆီ အမျိုးသားအကောင်းဆုံးကစား သမားဆုရရှိပြီးချင်း Follower ၆၆ သန်းရှိသည့် သူ၏ Instagram တွင် ဗီဒီယိုဖိုင်တစ်ခုကိုတင်ကာ တုံ့ပြန်ခဲ့သည်။
ယင်းဗီဒီယိုဖိုင်တွင် အမျိုးသားတစ်ဦးက ပြင်သစ်ဘာသာစကားဖြင့် "လူလိမ်ပါ။ ဟုတ်ပါတယ် ခင်ဗျားဟာ လူလိမ်ပါပဲ"ဟု ပြောကြားထားခြင်းဖြစ်သည်။ ဘန်ဇီမာသည် ယင်းဗီဒီယိုဖိုင်အောက်ခြေတွင် ပြင်သစ်ဘာသာစကားဖြင့် Bonne nuit (Good Night) ရေးသားကာ တင်ရှိခဲ့သည်။
Instagram တွင် ဘန်ဇီမာသည် နောက်ဆုံးဓာတ်ပုံနှစ်ပုံတင်ရှိထားခြင်းဖြစ်ပြီး ပထမပုံတွင် ပြီးခဲ့သည့်နှစ်က ရီးယဲလ်မက်ဒရစ်၊ ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ရရှိခဲ့သည့် သူ၏အောင်မြင်မှုများကို ဖော်ပြထားခဲ့သည်။
ယင်းပုံတွင် ၆၃ ဂိုးသွင်း၊ ၂၁ ဂိုးဖန်တီး၊ Nations League ချန်ပီယံ၊ ချန်ပီယံလိဂ်ချန်ပီယံ၊ လာလီဂါချန်ပီယံ၊ စပိန်စူပါဖလားချန်ပီယံ၊ ဥရောပစူပါဖလားချန်ပီယံ၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ၊ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး၊ လာလီဂါ ဂိုးသွင်းအများဆုံး၊ စပိန်စူပါဖလား ဂိုးသွင်းအများဆုံး၊ Ballon d'Or ဆု၊ ဥရောပအကောင်းဆုံးကစားသမားဆု၊ ချန်ပီယံလိဂ် တန်ဖိုးအရှိဆုံးကစားသမားဆု၊ လာလီဂါ အကောင်းဆုံးကစားသမားဆု၊ ပရိသတ်များရွေးချယ်သည့် ဒီစတီဖာနိုအကောင်းဆုံး ကစားသမားဆု၊ လာလီဂါ အကောင်းဆုံး တိုက်စစ်မှူးဆု၊ Globe Soccer ၏ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဆုများ ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။
နောက်တစ်ပုံတွင် ပြုံးနေသည့် သူ၏ဓာတ်ပုံပေါ်၌ Bonne nuit (Good Night) ဟု ရေးသားကာ ပြုံးနေသည့် Emoji နှင့် တွဲတင်ခဲ့ပြီး The Best FIFA ဆု နှင့်ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။ ၎င်းသည် ၂၀၂၂ The Best FIFA အမျိုးသား အကောင်းဆုံးဆုတွင် မက်ဆီ၊ ဘာပေတို့၏ နောက် ၃၄ မှတ်ဖြင့် တတိယနေရာ ရရှိခဲ့ပြီး FIFPro11 အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။
ဘန်ဇီမာသည် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ပြီးနောက် ပြိုင်ပွဲမပြီးဆုံးမီ အသင်းထံသို့ ပြန်လည်ရောက်ရှိလာမည်ဟု သတင်းများပေါ်ထွက်လာချိန်တွင်လည်း Selfie ရိုက်ထားသည့် သူ၏ဓာတ်ပုံဖြင့် Instagram တွင် "It doesn't interest me"ဟု ရေးသားကာ တုံ့ပြန်ခဲ့သည့်သာဓကများလည်း လတ်တလောရှိခဲ့သည်။















