ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အလယ်ပိုင်း ကျေးရွာများ ဖြစ်သော ကျေးပေါ ခုံ ကျေးရွာအနီးတစ်ဝိုက်တွင် ငွေကျပ်သိန်းပေါင်း ရှစ်သောင်းခန့် လိမ်လည်မှု ဖြစ်ပွားခဲ့ သဖြင့် ဆုံးရှုံးသူပေါင်း လူဦးရေ ရာကျော် ရှိနိုင်ကြောင်း သတင်းရရှိသည်။
“အင်းစာယဉ် ဥက္ကဋ္ဌ ပြောတာ ဟုတ် တယ်တဲ့၊ တချို့ ရွှေချောင်းတွေ ရောင်းပြီး ထည့်လိုက်တာတဲ့၊ အင်းပေါခုံရွာ ဥက္ကဋ္ဌ ကိုယ်တိုင် ပါသွားတာတဲ့ ၊ ပါသွားတဲ့သူ တော်တော် များတယ် လို့တော့ ကြားတယ်။ မရှိ ရှိတဲ့ ကြား ထဲကနေ ငွေတွေ စိုက်ထည့်ကြတာ၊ အတိုးရ မယ်ဆိုလို့ ထည့်ကြတာ၊ ဥက္ကဋ္ဌ ကိုယ်တိုင် ပါသွားတယ်။ ငွေတွေ လိမ်သွားတယ် ဆိုတာ သေချာသွားပြီ” ဟု မိုင်းသောက်ကျေးရွာ နေ ဒေသခံတစ်ဦးက ရှင်းပြသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အတိုးရော၊ အရင်းပါ ပေးမည်ဟု ဆိုသဖြင့် စောင့်ဆိုင်းနေရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထွက်ပြေးသွားကြောင်း ၊ လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ မ --- သည် အင်းပေါခုံ ရွာတွင် နေ ထိုင် ကြောင်း ၊ ယာယီ အိမ်ပြောင်းရွှေ့မည်ဆို ကာ ၁၅ ရက် နံနက်ပိုင်းတွင် အိမ်တံခါးပိတ်ပြီး ပိုက်ဆံသွားထုတ်မည်ဆိုကာ ပြန်မလာတော့ ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီလိုပါ ပိုက်ဆံ တစ်သိန်းထည့်ရင် အတိုး ၂၀ ဆိုတော့ တစ်လကို နှစ်သောင်းရ မယ်ပေါ့။ အမှန်အကန် ရတာပေ့ါ။ ပထမ ဒီလို လုပ်နေကြတာ တစ်နှစ် နှစ်နှစ် ရှိပြီလေ၊ ဒီလိုမများဘူးပေါ့။ ခုမှ များလာတာ သိန်း ပေါင်း သောင်းနဲ့ ချီပြီး အပိုင် ကိုင်ထားတာ ပေါ့။ ဦးဆုံးထည့်ထားသူ မသိသာပေမယ့် နောက်မှ ထည့်တဲ့သူတွေက ခံရတာပေါ့။ သိန်းတစ်ရာပါသူ သိန်းငါးဆယ် ပါတဲ့ သူနဲ့ အများကြီးပေါ့။ အတိုး ပေးတဲ့ လုပ်ငန်းလေ။ တစ်ရာကို နှစ်ဆယ်တိုး ပေးတာပေါ့။ အေး ဆေးပဲလေ”ဟု နန်းပန်အနီး ကြာတောကျေး ရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။
“ပိုက်ဆံတွေ အတိုးပေးတယ် ဆိုတာ မိုင်းပျိုးတို့၊ အင်းပေါခုံ တို့ တောင်ပိုင်း ဘက် ပိုများတယ်။ ကျွန်တော်တောင် အတန်တန် သတိပေးလိုက်သေးတယ်။ အဲဒီဘက်မှာ အတိုးတွေ ပေးပြီးတော့ စုငွေ ပုံစံမျိုး လုပ်နေ တာတော့ကြားမိတယ်။ အစုပုံစံမျိုးပေါ့။အ တိုး ထုတ်ပေးတာပေါ့။ တစ်လ နှစ်လတော့ လူတွေ ယုံကြတာပေ့ါ ”ဟု ညောင်ရွှေမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ အတိုးပေးမည်ဟု ဆိုကာ လိမ် လည်ရာတွင် ငွေကျပ်သိန်းပေါင်း ရှစ်သောင်း ခန့် ရှိပြီး ပါဝင်ထည့်ဝင်ကြသော ဒေသခံများ သည် ရွှေရောင်း၊ စက်လှေရောင်း ၍ ငွေကြေး များ ထည့်ဝင် ကြခြင်း ဖြစ်ကြောင်း ၊ အင်းလေး ကန်တွင် လုပ်ငန်း မရှိသော်လည်း အတိုးရ မည် ဆိုလျှင် ငွေကြေး ထည့်ဝင်တတ်ကြသဖြင့် ယုံလွယ်ကြကြောင်း၊ ဆုံးရှုံးနစ်နာသူ ဦးရေ ရာကျော်ရှိနေကြောင်း သတင်း ရရှိသည်။















