အရေးပေါ်ကာလ နှစ်နှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲနဲ့ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်မြင့်တက်ခဲ့သလဲ

အရေးပေါ်ကာလ နှစ်နှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲနဲ့ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်မြင့်တက်ခဲ့သလဲ
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူအချို့ကို တွေ့ရစဉ်
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူအချို့ကို တွေ့ရစဉ်
Published 19 February 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်က နိုင်ငံ့အာဏာသုံးရပ်ကို ရယူခဲ့သည်။ တပ်မတော်က နိုင်ငံ့အာဏာသုံးရပ်ကို ရယူခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများက ပိုမိုပြင်း ထန်လာသည်။

ထိုသို့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်သည့် တိုင်းနှင့်ပြည်နယ်များထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း တပ်မတော် နှင့် KNU အကြား တိုက်ပွဲများက အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေများ ဖြစ်သည့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများတွင် တိုက်ပွဲများက ပြင်း ပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း KNU ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်များအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ်   (BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်း KNU ဗဟိုက ထုတ် ပြန်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်မှာပင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ခြောက်ခုအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများက ပြင်းထန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို အကြောင်းမပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း KNU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နစက၏ ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်၌ပင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄,၄၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ KNU ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်းရှိ တပ်မဟာခြောက် ခုတွင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄,၄၁၉ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။

၂၀၂၂ ခုနှစ်အတွင်း KNU နယ်မြေများတွင် တိုက်ပွဲ ၄,၄၀၀ ကျော်ဖြစ်ပွားခဲ့သည့်အနက် ဇန်န ၀ါရီမှ မေလအထိ တိုက်ပွဲပေါင်း ၂,၃၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာအထိ တိုက်ပွဲပေါင်း၂,၀၉၃ ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ပထမ ငါးလတွင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ မေ လအထိ တိုက်ပွဲစာရင်းကို တစ်လချင်း ထုတ်ပြန်ခြင်းမရှိသည့်အတွက် အသေးစိတ် မသိရှိရသော်လည်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀၊ ဇူလိုင်တွင် တိုက်ပွဲပေါင်း ၂၅၉ ကြိမ်၊ သြဂုတ်တွင် တိုက်ပွဲပေါင်း ၂၅၉ ကြိမ်၊ စက်တင်ဘာတွင် တိုက်ပွဲ ပေါင်း ၃၃၃ ကြိမ်၊ အောက်တိုဘာ တွင် တိုက်ပွဲပေါင်း ၂၈၆ ကြိမ်၊ နိုဝင်ဘာတွင် တိုက်ပွဲပေါင်း ၂၉၀ နှင့် ဒီ ဇင်ဘာတွင် တိုက်ပွဲပေါင်း ၃၀၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ KNU ဗဟို၏ ထုတ်ပြန်ချက်အရ KNU တပ်မဟာ နယ်မြေ ခြောက်ခုအတွင်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀ ဖြင့် အများ ဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

အရေးပေါ်ကာလ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း တပ်မ တော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၈,၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

KNU ၏ ကော်သူးလေအုပ် ချုပ်နယ်မြေအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန် သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တောအူးခရိုင် တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ် ဖြစ်ပွား ခဲ့ကြောင်းနှင့် ဒူးပလာယာတပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၆၆၆ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

NSPNC က KNU ဆီ ပေးပို့သောစာ

တပ်မတော်နှင့် KNU အကြား တိုက်ပွဲများ ပြင်းထန်နေမှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံတပ်ဖွဲ့များအား ထိန်းသိမ်းကြပ်မတ်ပေးရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူ၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဖေဖော်ဝါရီ ၆ ရက် နေ့စွဲဖြင့် စာပေးပို့ခဲ့သည်။

KNU သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟူသော သဘောထားဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးကိုလည်း စိတ်အားထက်သန်စွာဖြင့် ၀ိုင်းဝန်းကြိုးပမ်း ပါဝင်ခဲ့သော အဖွဲ့လည်းဖြစ်ကြောင်း NSPNC ၏ စာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ၌ အမြင်အယူအဆ မတူသည့် အနေအထားကြောင့် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် KNU အနေဖြင့် ပါဝင်မှုရပ်ဆိုင်းထားသည်ကို NSPNC က နားလည်မှုရှိစွာ လက်ခံထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမည့် ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကိုသာ ဆောင်ရွက်လိုပါကလည်း လက်ခံဆောင်ရွက်နိုင်ရေး မိတ်ဝတ်မပျက် သဘောထားဖြင့် ဆက်သွယ်ဆက်ဆံလျက်ရှိကြောင်း NSPNC ၏ စာတွင် ပါရှိသည်။

KNU သည် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးထားသဖြင့် မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ထားပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် NSPNC အနေဖြင့် KNU အား NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတစ်ရပ်အဖြစ် ရှုမြင်ထား သည့်အားလျော်စွာ KNU လက်အောက်ခံ တပ်မဟာများ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အဖွဲ့များမှ PDF အဖွဲ့များနှင့် ပူးပေါင်း၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုများအပေါ် ငြိမ်းချမ်းရေးမထိခိုက်စေရေးအတွက် တိုက်ခိုက်လာသည့် အဖွဲ့ကိုသာ တု့ံပြန်တိုက်ခိုက်ခြင်းဖြင့် စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း NSPNC ၏ စာတွင် ပါရှိသည်။

သို့သော်လည်း အရပ်သားများ နေထိုင်ရာ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခြင်း၊ အစိုးရရုံးဌာနများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသော လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများသည် နိုင်ငံတကာအမြင်ဖြင့်ပင် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် အဓိကထိခိုက် နစ်နာခံစားရသူများမှာ အပြစ်မဲ ့ပြည်သူလူထုသာဖြစ်ကြောင်း KNU ဥက္ကဋ္ဌနှင့် KNLA စစ်ဦးစီးချုပ်ထံ NSPNC က စာပေးပို့ခဲ့သည်။

KNU လက်အောက်ခံတပ်မဟာများနှင့် PDF များ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက် အအုံများအား လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို ကရင်ပြည်နယ်တွင် ၁၁၆ ကြိမ်၊ မွန်ပြည်နယ်တွင် ၃၁၇ ကြိမ်၊ ပဲခူးတိုင်းတွင် ၆၆၂ ကြိမ် ဆောင်ရွက်ခဲ့သည်ဟု NSPNC က ဆိုသည်။

ထို့ကြောင့် KNU ဥက္ကဋ္ဌကြီး နှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် ကျိုးကြောင်းဆီလျော် ပြည့်စုံစွာ စဉ်းစား သုံးသပ်၍ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့များအား အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကို ပြု လုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေး သုံးသပ်ဆောင်ရွက်ရေး ကြပ်မတ်ထိန်းသိမ်းသွားနိုင်ရန် NSPNC က ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အရပ်သား ထိခိုက်မှုနှင့် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာခြင်း

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂  ခုနှစ် စက်တင်ဘာအထိ လပေါင်း ၂၁ လအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၁၃၇ ဦး သေဆုံးပြီး ၃၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

နစက၏ ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသော ၂၀၂၂ ခုနှစ်တွင်လည်း ဇန်နဝါရီမှ ဒီဇင်ဘာအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၉၁ ဦး သေဆုံးခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ကျရောက်မှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဗဟိုကဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ် ချုပ်နယ်မြေအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ထို့အတူ ဒီဇင်ဘာလတွင်လည်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများကြောင့် သံဃာနှစ်ပါးနှင့် ဒေသခံ သုံးဦး စုစုပေါင်း ငါးဦး သေဆုံးပြီး ဒေသခံ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။

ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)တို့အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေးရှောင်ဦးရေ ၃၅၆,၆၇၄ ဦးအထိ ရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ခရိုင်ခြောက်ခုအတွင်း အတည်ပြု၍ရသော စာရင်းများအရ သထုံခရိုင် တပ်မဟာ (၁) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၄,၇၆၈ ဦး၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၇,၅၃၇ ဦး၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေး ရှောင်ဦးရေ ၆၁,၈၉၈ ဦး၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၆,၀၀၀၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၆,၁၈၀ နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင် ဦးရေ ၉၀,၂၉၁ ဦးရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါစာရင်းမှာ ကောက်ခံရရှိသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်သာဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ မြင့်တက်လာသည့်အတွက် ဆက်လက် ကောက်ခံနေကြောင်းကိုလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

သို့သော် တပ်မတော်နှင့် က ရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျေးရွာများသို့ လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်အထိ ဒေသခံ ၃၇၁,၉၅၈ ဦးမှာ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း KNU ဗဟိုကဆိုသည်။

လက်ရှိတွင် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင် နေကြရသူများထဲတွင် ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်ကြောင်း KNU ဗဟိုက ဆိုသည်။ လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးလိုအပ်ချက်များ ရှိနေပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အများအပြား လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံ လေးသိန်းကျော် ထွက်ပြေးတိမ်း ရှောင်နေရပြီး တစ်သိန်းကျော်မှာ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသဖြင့် အကူအညီပေးရန် KNU ဗဟိုက တောင်းခံထားသည်။