ဘာစီလိုနာ နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
နှစ်သင်းစလုံးက ဒီရာသီမှာ မျှော်မှန်းထားတဲ့အနေအထားထက် အနည်းငယ်သာလွန်နေတဲ့အဆင့်ကို ရောက်နေတယ်လို့ ဆိုရမယ်။ ဘာစီလိုနာအသင်းမှာ အူစမန်ဒမ်ဘီလီ ဒဏ်ရာရနေချိန်တောင် အန်ဆူဖာတီ၊ ဖယ်ရန်တောရက်စ်တို့ နေရာပျောက်နေပြီး နည်းပြ ဇာဗီက ဘယ်တောင်ပံမှာ ဂါဗီကို အသုံးပြုနေတာ တွေ့ရတယ်။ မန်ယူမှာတော့ လီဆန်ဒရိုမာတီနက်ဇ်၊ ဆာဘစ်ဇာတို့ ပွဲပယ်ခံထားရပြီး ကက်စီမီရို ကစားဖို့ရှိတာက မန်ယူရဲ့ကွင်းလယ်လုပ်အားနှုန်း ပိုကောင်းလာမယ့်အနေအထားရှိတယ်။ နူးကမ့်ကွင်းမှာကစားတဲ့ ဥရောပပွဲတွေမှာ မန်ယူ တစ်ကြိမ်သာ သရေကျပြီး ပွဲတိုင်းအရေးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ မန်ယူအသင်း သရေရလဒ်တော့ မျှော်လင့်နိုင်တယ်။
ရှက်တာဒိုးနက် နှင့် ရန်းစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ကြားကွင်းဖြစ်တဲ့ ပိုလန်မြေမှာ ရှက်တာဒိုးနက်က အိမ်ကွင်းအဖြစ် ကစားရတာပါ။ မူဒရစ်ကို လက်လွှတ်ခဲ့ရပေမဲ့ ရှက်တာဒိုးနက်အသင်းမှာ ကစားသမားကောင်းတချို့ ကျန်နေသေးတယ်။ ရှက်တာဒိုးနက်ပဲ ကြိုက်တယ်။
အေဂျက်စ် နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
အူန်ယွန်းဘာလင်အသင်းရဲ့နှစ်သစ်ခြေစွမ်းက အတော်လေးအံ့အားသင့်ဖို့ကောင်းတယ်။ ရာနှုန်းပြည့်(၆)ပွဲဆက် အနိုင်ရထားပြီး နောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်ကိုတောင် အဝေးကွင်းမှာ အနိုင်ကစားထားတယ်။ အေဂျက်စ်အသင်းကလည်း ပြည်တွင်းပွဲတွေမှာ ရလဒ်ပိုင်း ပြန်တည်ငြိမ်လာတာ တွေ့ရတယ်။ အေဂျက်စ်ပဲ နိုင်ဖို့များတယ်။
ဆာလ်ဇ်ဘာ့ဂ် နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ရိုးမားအသင်းက စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်အကြား ဗျာများနေနိုင်တယ်။ နည်းပြ မော်ရင်ဟိုအဖို့ နောက်ထပ်ဥရောပဖလားတစ်လုံးက မက်လောက်စရာပေမဲ့ ဖြတ်သန်းရမယ့်ခရီးက ကြမ်းတမ်းလွန်းတဲ့အပြင် ပြိုင်ပွဲ(၂)ခု စလုံးကို အပြည့်အဝအာရုံစိုက်နိုင်ဖို့က ဖြစ်နိုင်ခြေနည်းလွန်းတာ ထည့်တွက်ရမယ်။ ဆာလ်ဇ်ဘာ့ဂ်အသင်းက ကစားသမားကောင်းတွေ လက်လွှတ်ထားရပေမဲ့ အသင်းကို စဉ်ဆက်မပြတ် တည်ဆောက်ထားနိုင်ဆဲပဲ။ ရိုးမားအသင်းမှာ ဥရောပသမ္ဘာရင့် ကစားသမားတွေများပေမဲ့ သြစတြီးယားမြေမှာ ရုန်းကန်ရနိုင်တယ်။ အိမ်ရှင် မရှုံးလောက်ဘူး။
ဂျူဗင်တပ်စ် နှင့် နန့်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဂျူဗင်တပ်စ်အသင်းအနေနဲ့ ယူရိုပါလိဂ်အပါအဝင် စစ်မျက်နှာ(၃)ခုစလုံး ဖွင့်ထားရတဲ့အနေအထားပါ။ စီးရီးအေက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်၊ ကိုပါအီတာလီယာပြိုင်ပွဲတွေက ဖလားမျှော်လင့်ချက်အတွက် အရေးပါနေတယ်။ ဂျူဗင် တပ်စ်အသင်းက နောက်ဆုံး(၃)ပွဲဆက် Clean Sheet ရလဒ်တွေနဲ့ အနိုင်ယူထားပြီး ဗလာဟိုဗစ်၊ ခီယေဆာ၊ ဒီမာရီယာ တိုက်စစ်အတွဲအဖက်က နည်းပြ အယ်လီဂရီအဖို့ မျှော်လင့်ချက်သစ် ဖြစ်လာလိမ့်မယ်။ နန့်စ်အသင်းကလည်း ပြည်တွင်းပွဲတွေမှာ ရလဒ်တွေကောင်းနေတာ တွေ့ရတယ်။ ဂျူဗင်တပ်စ် ဂိုးပြတ်နိုင်ဖို့များတယ်။
စပို့တင်းလစ္စဘွန်း နှင့် မစ်ဂျီလန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဖီယင်နုလိုအသင်းကိုကျော်ဖြတ်ပြီး အုပ်စုဒုတိယ ရယူခဲ့တဲ့ ဒိန်းမတ်ကလပ် မစ်ဂျီလန်းရဲ့စွမ်းဆောင်ရည်ကိုတော့ အသိအမှတ်ပြုရတယ်။ ဒါပေမဲ့ အဆင့်ချင်းကွာလွန်းလို့ စပို့တင်းလစ္စဘွန်းဘက်ကပဲ ရပ်တည်သင့်တယ်။
လေဗာကူဆင် နှင့် မိုနာကို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
မိုနာကိုအသင်းက နောက်ဆုံးပွဲမှာ PSG ကို အနိုင်ကစားထားမှုအပါအဝင် ရလဒ်ပိုင်း အတော်လေးကောင်းနေတယ်။ လေဗာကူဆင်က ဥရောပပွဲတွေမှာ အိမ်ကွင်း သိပ်မစွံဘူး။ မိုနာကိုနဲ့ စွန့်စားတာပိုကောင်းမယ်။
ဆီဗီလာ နှင့် PSV (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ယူရိုပါလိဂ်အအောင်မြင်ဆုံး ဆီဗီလာအသင်းက (၂)နှစ်ဆက်တိုက် ချန်ပီယံလိဂ်အုပ်စုကနေ ပြောင်းလဲကစားရတာဖြစ်တယ်။ ဆီဗီလာအနေနဲ့ ကလပ်အသင်းပြိုင်ပွဲတွေ ပြန်စတင်ချိန်မှာ အိမ်ကွင်း(၄)ပွဲစလုံး အနိုင်ကစားထားတယ်။ PSV က အသင်းကောင်းတွေနဲ့တွေ့ဆုံမှုမှာ အဝေးကွင်း သိပ်မစွံပါဘူး။ ဆီဗီလာပဲ ရွေးချယ်ချင်တယ်။