ချန်ပီယံလိဂ်တွင်လည်း အောင်မြင်မှုရယူနိုင်ရန် အလိုရှိကြောင်း စပယ်လက်တီ ဆိုခဲ့ပြီး အိုဆင်မန်နှင့် ခွာရတ်စကယ်လီယာတို့ မှတ်တမ်းကောင်းများပိုင်ဆိုင်

ချန်ပီယံလိဂ်တွင်လည်း အောင်မြင်မှုရယူနိုင်ရန် အလိုရှိကြောင်း စပယ်လက်တီ ဆိုခဲ့ပြီး အိုဆင်မန်နှင့် ခွာရတ်စကယ်လီယာတို့ မှတ်တမ်းကောင်းများပိုင်ဆိုင်
Photo : Twitter
Photo : Twitter
Published 6 February 2023

နာပိုလီအသင်းနည်းပြဖြစ်သူ စပယ်လက်တီက မိမိတို့အသင်းအနေဖြင့် စီးရီးအေပြိုင်ပွဲတွင် ရလဒ်ကောင်းများရယူပြီး စကူဒက်တိုချန်ပီယံဆုလမ်းကြောင်းပေါ်တွင် တည်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ယခုကဲ့သို့ရလဒ်ကောင်းများနှင့် အောင်မြင်မှုများရယူနိုင်ရန် အလိုရှိကြောင်း စပီဇီယာအသင်းအား အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ယခုရာသီစီးရီးအေပြိုင်ပွဲတွင်  ပွဲစဉ် (၂၁)ပွဲကစားပြီးချိန်၌ ရမှတ် (၅၆)မှတ်အထိရရှိထားပြီး အဆင့် (၂)နေရာမှ အင်တာမီလန်အသင်း (၄၃ မှတ်)ကို (၁၃)မှတ်အသာရကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်လျက်ရှိနေသည်။

ထို့ကြောင့် နာပိုလီအသင်းအနေဖြင့် ၁၉၈၉-၉၀ ရာသီနောက်ပိုင်း စကူဒက်တိုချန်ပီယံဆု (စီးရီးအေ)အား တစ်ကျော့ပြန်ရယူနိုင်ရန် နီးစပ်လျက်ရှိနေပြီး အသင်းသမိုင်းတစ်လျှောက် ရလဒ်အကောင်းဆုံး စီးရီးအေရာသီအဖြစ် မှတ်တမ်းဝင်လျက်ရှိနေသည်။

ယခုရာသီအသင်း၏စွမ်းဆောင်ရည်နှင့် မျှော်လင့်ချက်များအပေါ် စပယ်လက်တီက "ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံးသောအခိုက်အတန့်ဖြစ်ပြီး ဒါဟာ အားလုံးရဲ့ပူးပေါင်းလုပ်ဆောင်မှုရလဒ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေကို လာမယ့်ပွဲစဉ်တွေဆီ ဆက်လက်သယ်ဆောင်သွားရမှာဖြစ်သလို၊ လာမယ့်ချန်ပီယံလိဂ်မှာလည်း အခုလိုမျိုးရလဒ်ကောင်းတွေ၊ အောင်မြင်မှုတွေရယူဖို့ အလိုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နေပယ်မြို့ကိုအကောင်းဆုံးသောအရာတွေပေးစွမ်းနိုင်ဖို့ တိုက်ပွဲဝင်ရမှာပါ" ဟု ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဂျာမန်ကလပ်ဖရန့်ဖတ်အသင်းနှင့်တွေ့ဆုံနေပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့တွင်ပထမအကျော့၊ မတ်လ (၁၅)ရက်နေ့တွင် ဒုတိယအကျော့ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နာပိုလီအသင်း၏ ရလဒ်ကောင်းများနှင့်အတူ အသင်းကစားသမားများဖြစ်သည့် တိုက်စစ်မှူး အိုဆင်မန်နှင့် တောင်ပံကစားသမား ခွာရတ်စကယ်လီယာတို့မှာလည်း သွင်းဂိုးစံချိန်မှတ်တမ်း များတင်ရှိနိုင်ခဲ့ကြောင်းသိရသည်။

အိုဆင်မန်သည် ယခုရာသီစီးရီးအေပွဲစဉ် (၁၇)ပွဲကစားထားရာတွင် သွင်းဂိုး (၁၆)ဂိုးသွင်းယူကာ ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ၎င်း၏ကစားသမားဘဝတစ်လျှောက် အမှတ်ပေးပြိုင်ပွဲများတွင် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခြင်းလည်းဖြစ်ခဲ့သည်။

ထို့အတူ ခွာရတ်စကယ်လီယာမှာလည်း ယခုရာသီပြိုင်ပွဲစုံတွင် သွင်းဂိုး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၄)ကြိမ်ပြုလုပ်ပေးထားပြီး မက်ဆီ၊ နေမာ (PSG)၊ ကိုလိုမူအာနီ (ဖရန့်ဖတ်)နှင့် နာဘရီ (ဘိုင်ယန်မြူးနစ်) တို့၏နောက် လက်ရှိဥရောပထိပ်တန်းလိဂ် (၅)ခုတွင်သွင်း ဂိုးနှင့် ဂိုးဖန်တီးမှု (၁၀)ကြိမ်နှင့်အထက်စီပြုလုပ်ထားနိုင်သည့် ပဉ္စမမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သလို၊ အသက်အငယ်ဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့သည်။

Most Read

Most Recent