 ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ယူကရိန်းစစ်ပွဲလွှမ်းမိုးမှု

 ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ယူကရိန်းစစ်ပွဲလွှမ်းမိုးမှု
Published 5 February 2023
TRANSLATED BY- ခက်ဝေ

ယခုနှစ် ၂၀၂၃  ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားတင်သွင်းရသည့် လူသိများထင်ရှားသူ လူ ပုဂ္ဂိုလ်နာမည်များစာရင်းတွင်လည်း နေတိုးအတွင်းရေးမှူးချုပ်နှင့် ယူကရိန်းသမ္မတ အပါအဝင် ယူကရိန်းစစ်ပွဲနှင့်သက်ဆိုင်နေသူအများစုသာ လွှမ်းမိုးနေရာယူထားသည်။

နိုဘယ်စည်းမျဉ်းဥပဒေများအရ  နိုဘယ်ကော်မတီသို့ တင်ပြလာသည့် အဆိုပြုခံရသူများစာရင်းကို မပေါက်ကြားအောင် လျှို့ဝှက်ထားရသည်မှာ နှစ် ၅၀ တိုင် ရှိပြီဖြစ်သည်။

သို့သော်လည်း နိုဘယ်ဆုရှင်ဟောင်းများ၊ မည်သည့်နိုင်ငံမှမဆို လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တက္ကသိုလ် ပါမောက္ခများအပါအဝင် အဆိုပြုခွင့်ရှိသူများက ၎င်းတို့စိတ်ကြိုက်အဆိုပြုထားသူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏အမည်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိသည်။ 

လက်ရှိထုတ်ဖော်ကြေညာခံထားရသူ နာမည်အများစုသည် တစ်နှစ်ပြည့်တော့မည့် ယူကရိန်းစစ်ပွဲနှင့် တစ်နည်းနည်း ပတ်သက်နေသူများ ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အတိုက်အခံလုပ်ဆန့်ကျင်နေသူများ ဖြစ်နေသည်။

တစ်ဖက်တွင်လည်း ကျွမ်းကျင်သုံးသပ်သူများက ယခုနှစ်အောက်တိုဘာတွင် ပေးအပ်မည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရွေး ချယ်ရာတွင် နော်ဝေနိုဘယ်ကော်မတီက ဦးတည်ချက်ပြောင်းလျှင်ပြောင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။

နော်ဝေနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Green Party မှ လွှတ်တော်အမတ် လန်မာရီဘတ်က ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူလူငယ်များဖြစ်သည့် ဆွီဒင်နိုင်ငံသူ ဂရတ်တာသန်းဘာ့ဂ်နှင့် အသက် ၂၆ နှစ်အရွယ် ယူဂန်ဒါနိုင်ငံသူ ဗန်နက်ဆာ နာကာတေတို့ နှစ်ဦးကို အဆိုပြုထားသည်။

ရာသီဥတုဖောက်ပြန်မှုအရေးကို အမြန်ဆုံးဖြေရှင်းရန် ကမ္ဘာ့ခေါင်းဆောင်များကို ပြစ်တင်တိုက်တွန်းလေ့ရှိသူ အသက် ၂၀ အရွယ် ဂရတ်တာသန်းဘာ့ဂ်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခံရသူစာရင်းတွင် ပါနေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သည်။

ယူကရိန်းပဋိပက္ခဖြေရှင်းရေးတွင် ဇွဲကောင်းသူတစ်ဦးလည်း ယခုနှစ်အဆိုပြုခံရ သူစာရင်းတွင်ပါသည်။ ယူကရိန်းအကျပ် အတည်းပြေလည်မှုရအောင် မဆုတ်မနစ် ကြိုးပမ်းခဲ့မှုများအတွက် တူရကီသမ္မတ ရီဆက်ပ်အာဒိုဂန်ကို ပါကစ္စတန်အထက် လွှတ်တော်ဥက္ကဌက အဆိုပြုတင်သွင်းထားသည်။

နော်ဝေ Progress Party မှ လွှတ်တော်အမတ် တိုင်ဘရင်ဂျက်ဒီက  မနှစ်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်ပြီးမကြာမီပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို အဆိုပြုမည်ဟု Facebook တွင် အရိပ်အမြွက်ပြခဲ့သည်။

ထို့ပြင် ၎င်းက  ယန်စတော်တန်ဘာ့ဂ်ကိုပါ အဆိုပြုထားပြီး ယူကရိန်းစစ်ပွဲကဲ့သို့ ခက်ခဲသည့်ကာလမျိုးကြုံနေရချိန် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး)၏ အတွင်းရေးမှူးချုပ်အဖြစ် စတော်တန်ဘာ့ဂ်၏ စံထားထိုက်သည့်လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ထိုက်တန်သည်ဟုဆိုသည်။

မနှစ်ကလည်း ဥရောပပါလီမန်အဖွဲ့ဝင်များက ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ယူကရိန်းပြည်သူများသည် ရုရှားကျူးကျော်စစ်အပေါ် ၎င်းတို့၏ရဲဝံ့စွာခုခံနေမှုအတွက် နိုဘယ်ကော်မတီ၏ အသိအမှတ်ပြုမှုရသင့်သည်ဟု မေတ္တာရပ်ခံခဲ့သည်။

ရုရှားသမ္မတပူတင်ကိုဆန့်ကျင်သူများလည်း နိုဘယ်ဆုအဆိုပြုခံရသူစာရင်းတွင် ကျန်နေခဲ့လေ့မရှိပေ။ ယခုနှစ်အတွက် အ ကျဉ်းကျခံပူတင်အတိုက်အခံသမား၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အလက်ဆီနာဗာညီ (အဆိပ်ခတ်ခံရသော်လည်း မသေခဲ့သူ)နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သတင်းသမား ဗလာဒီမာခါရာ မာဇာ (နှစ်ကြိမ် အဆိပ်ခတ်ခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူ)တို့ ပါနေသည်။

ခါရာမာဇာသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ဥရောပ၏အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးအပါအဆုံး နိုင်ငံရေး တိုက်ပွဲတွင်ပါဝင်နေသူဟု ၎င်းနာမည်ကို အဆိုပြုခဲ့သည့် နော်ဝေလွှတ်တော်အမတ် တစ်ဦးက NTB နော်ဝေသတင်းဌာနသို့ ပြောသည်။

 

ပူတင်ဆန့်ကျင်ရေးဆုလော

ပြီးခဲ့သည့်နှစ်နှစ်စလုံးတွင် ရွေးချယ်ပေးအပ်ခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုများသည် ရုရှားသမ္မတပူတင်ကို တိုက်ရိုက်နည်း ဖြင့် ရှုတ်ချလိုက်ခြင်းဟု အများယူဆစရာဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ပေးအပ်လိုက်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အကျဉ်းကျခံ ဘယ်လာရုစ်လူ့အခွင့်အရေးလှုပ်ရှားသူ အယ်လ်စ်ဘီယာလီယာစကီ၊ ရုရှားလူ့အခွင့်အရေးအဖွဲ့အစည်း Memorial နှင့် ယူကရိန်းလူ့အခွင့်အရေးအဖွဲ့အစည်း Center for Civil Libertiesတို့  ပူးတွဲရခဲ့သည်။ ဆုရှင်များက ယူကရိန်းစစ်ပွဲတွင် အဓိကနေ ရာမှပါဝင်နေသည့် နိုင်ငံသုံးနိုင်ငံကို ကိုယ်စားပြုနေသူများဖြစ်သည်။

ဆုရွေးချယ်မှုနှင့်ပတ်သက်ပြီး နော်ဝေနိုဘယ်ကော်မတီ၏အကြီးအကဲ ဘဲရစ်ရီဆန်ဒါဆန်က “သူတို့ဟာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ပြောင်မြောက်စွာမှတ် တမ်းတင်နိုင်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီိမိုကရေစီအတွက်လူမှုအဖွဲ့အစည်းရဲ့အရေးပါမှုကို အတူတကွပြသခဲ့ကြတယ်”ဟုသတင်း စာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

၂၀၂၂ ငြိမ်းချမ်းရေးနိုဘယ်ဆုရွေးချယ်မှုသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာ ရှန်ကိုတို့ကို ရှုတ်ချပေးအပ်မှုအဖြစ် အများစုရှုမြင်ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်းနိုင်ငံရေးအရ အငြင်းပွားဖွယ်အဖြစ်ဆုံး ပေးအပ်မှုများထဲမှ တစ်ခုဖြစ်လာစေသည်။

အလားတူ  ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုလည်း ရုရှားအစိုးရ၏ ဆူးငြောင့်တစ်ခုဖြစ်သည့် ရုရှားသတင်းသမား ဒီမစ်ထရီ မူရာတော့ဗ်က ဖိလစ်ပိုင်သတင်းသမားမာရီ ယာရက်ဆာနှင့်  ပူးတွဲရခဲ့သည်။  မာရီယာရက်ဆာက ဖိလစ်ပိုင်ဒီဂျစ်တယ်မီဒီယာ Rappler ကိုပူးတွဲတည်ထောင်ခဲ့သူ၊ ဒီမစ်ထရီမူရာတော့ဗ်က ရုရှားသတင်းစာတိုက် Novaya Gazeta ကို  ပူးတွဲတည်ထောင်ခဲ့သူ အယ်ဒီတာချုပ်ဖြစ်သည်။ ထို့ပြင် မူရာတော့ဗ်က ရုရှားတွင် လွတ်လပ်စွာပြောဆိုခွင့်ရရေးကို ဆယ်စုနှစ်ချီ ကာကွယ်လာသူဖြစ်ပြီး  ၂၀၁၆ ခုနှစ် ဇွန်လတွင် သတင်းလွတ်လပ်ခွင့်ရွှေက လောင်ဆု ချီးမြှင့်ခံထားရသူလည်းဖြစ်သည်။

နော်ဝေရှိ Peace Research Institute Oslo သုတေသနအဖွဲ့၏ခေါင်းဆောင်ဟန်းရစ်အာဒယ်ကမူ ၂၀၂၃ ခုနှစ်တွင် နိုဘယ် ကော်မတီက သမ္မတပူတင်ကို နောက်ထပ်ချိန်ရွယ်မှုတစ်ခု ပြုလုပ်မည့် အလားအလာမရှိနိုင်ဟု ဆိုသည်။

ရုရှားကို ဦးတည်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို သုံးနှစ်ဆက်တိုက်ပေးတော့မည် မထင်ကြောင်း၊ မနှစ်ကယူကရိန်းစစ်ပွဲက အင်မတန်အရေးပါ ကြီးစိုးနေသည့်အတွက် နိုဘယ်ကော်မတီအနေဖြင့် အခြားကိုရွေးချယ်ရန် ခက်ခဲခဲ့ကြောင်း၊ သို့သော် ကမ္ဘာ့အခြားနေရာများရှိ အခြားသောပြဿနာရပ်များကိုလည်း မီးမောင်းထိုးပြသရန်မှာ အရေးကြီးကြောင်း ၎င်းက AFP ကို ပြောသည်။ 

နှစ်စဉ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခံရသူများသည် အရေအတွက်ရာနှင့်ချီရှိပြီး ၂၀၂၂ ခုနှစ်က လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏အမည် ၃၄၃ ခု အဆိုပြုခံခဲ့ရသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုမှုများကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးသတ်မှတ်ထားသည်။

နိုဘယ်ဆုတီထွင်သူ အဲလ်ဖရက်နိုဘယ်၏ ဆန္ဒနှင့်အညီ ၁၉၀၁ ခုနှစ်မှစတင်ကာ လူသားထုအတွက် တိုးတက်ဖြစ်ထွန်းစေ သည့်အရာများကို စွမ်းဆောင်အားထုတ်ခဲ့သူ အမျိုးသား၊ အမျိုးသမီး၊ အဖွဲ့အစည်းများကို နိုဘယ်ဆုများပေးအပ်ချီးမြှင့်လာခဲ့ပြီး ထုံးစံအားဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုဆုတီထွင်ခဲ့သူ Alfred Nobel ကွယ်လွန်မှုနှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ချီးမြှင့်လေ့ရှိသည်။

နော်ဝေ နိုဘယ်ကော်မတီက ငြိမ်းချမ်းရေးဆုအတွက် ထိုက်တန်သည့်သူမရှိဟု ယူဆပါက ထိုဆုကိုမပေးရန်ဆုံးဖြတ်ခွင့် ရှိ သည်။ ထိုဆုံးဖြတ်ချက်မျိုးကို လွန်ခဲ့သည့် အနှစ် ၅၀ က နောက်ဆုံး ချခဲ့ဖူးသည်။ နိုဘယ်ဆုတစ်ဆုစီအတွက် ဆုကြေးငွေမှာ ဆွီဒင်ခရိုနော် ၁၀ သန်း ဖြစ်ပြီး ဆုတစ်ဆုကိုပူးတွဲရပါက ဆုကြေးငွေကို ခွဲဝေယူကြရသည်။

နိုဘယ်ဆုများထဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုတစ်ဆုတည်းသာ နော်ဝေနိုင်ငံ၊ မြို့တော်အော်စလိုတွင် ကြေညာခြင်းဖြစ်ပြီး ကျန်နိုဘယ်ဆုများကို ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းတွင် ကြေညာလေ့ရှိသည်။

Ref: AFP

 

Most Read

Most Recent