အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘယ်လိုနှင့် နောက်ခံလူ မိုကာလူးကို ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘယ်လိုနှင့် နောက်ခံလူ မိုကာလူးကို ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ
Photo: SUFC
Photo: SUFC
Published 5 February 2023

 

MNL ကလပ် ရှမ်းယူနိုက်တက်အသင်း သည် လာမည့်ရာသီအတွက် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘယ်လိုနှင့် နောက်ခံလူ မိုကာလူးတို့ကို ခေါ်ယူခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် နိုင်ငံခြားသားကစားသမားသုံးဦး အသုံးပြုမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သူများအနက် ကွင်းလယ်တိုက်စစ်ကစားသမား မတ်ခ်ဆာကီကို သက်တမ်းတိုးထားပြီး ဖြစ်သောကြောင့် အသစ်နှစ်ဦး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ 

အသစ်ခေါ်ယူထားသည့် ကစားသမားနှစ်ဦးအနက် တိုက်စစ်မှူး ဘယ်လိုမှာ ဇန်နဝါရီနောက်ဆုံးပတ်ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့်အတူ တောင်ကြီးလေ့ကျင့်ရေးခရီးစဉ်သို့ လိုက်ပါသွားသည်။ နောက်ခံလူ မိုကာလူးမှာမူ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းကမှ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

တိုက်စစ်မှူး ဘယ်လိုသည် MNL တွင် မကစားဖူးသေးသည့် နိုင်ငံခြားသားဖြစ်ပြီး မိုကာလူးမှာမူ MNL  အတွေ့အကြုံရှိသည့် ကစားသမားလည်းဖြစ်သည်။ မိုကာလူးသည် MNL  ထိပ်သီးကလပ်များဖြစ်သည့် ရတနာပုံ၊ ရန်ကုန်၊ ဧရာဝတီ၊ ဟံသာဝတီအသင်းတို့တွင် ကစားခဲ့ဖူးပြီး ငါးသင်းမြောက် MNL ကလပ် အဖြစ် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ 

မိုကာလူးသည် ၂၀၁၆ ရာသီတွင် ရတနာပုံအသင်း၊ ၂၀၁၈ ရာသီတွင် ရန်ကုန်အသင်းတို့နှင့် MNL  အမှတ်ပေး ချန်ပီယံဆုများ ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားနှစ်ဦးကို နောက်ဆုံးခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာမည့်ရာသီအတွက် ပြည်တွင်းကစားသမားရှစ်ဦး၊ နိုင်ငံခြားသားကစားသမားနှစ်ဦး ခေါ်ယူထားသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ကစားသမား ၃၀ ကျော်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent