ပရီးမီးယားလိဂ်တွင် အထိုင်ကျရန် ရုန်းကန်နေရကြောင်း လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဝန်ခံ

ပရီးမီးယားလိဂ်တွင် အထိုင်ကျရန် ရုန်းကန်နေရကြောင်း လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 5 February 2023

 

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က ၎င်း၏လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အထိုင်ကျရန် ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် ၂၃ နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ပြီးခဲ့သည့်နွေရာသီကမှ ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်းထံသို့ ကနဦးပြောင်းရွှေ့ ကြေး ပေါင် ၆၄ သန်း (Add-ons ကြေးများ ကိုထည့်တွက်ပါက ပေါင် ၈၅ သန်းထိ ရှိလာ နိုင်) ဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲတွင် ၁၀ ဂိုး သွင်းယူထားသော်လည်း ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ ဒါဝင်နူးနက်ဇ်သည် ပြိုင်ဘက်ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်သော်လည်း ဂိုးရနိုင်သည့် သေချာပေါက်အခွင့်အရေးများကို အသုံးချနိုင်ခြင်းမရှိသည့်အတွက် အဆုံးသတ်ပိုင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ 

ဒါဝင်နူးနက်ဇ်က မိမိအနေဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းကို အားပြုကစားသည့် ပရီးမီးယားလိဂ်တွင် အထိုင်ကျရန် ရုန်းကန်နေရကြောင်း Sky Sports နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဒါဝင်နူးနက်ဇ် က "ကျွန်တော့်အနေနဲ့ အခုအချိန်မှာ အ ကောင်းဆုံး မကစားနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အမြဲတမ်းတိုးတက်ဖို့အတွက် ကြိုးစားနေတာပါ။ ကျွန်တော့်ရဲ့အားသာချက်က အပြေးမြန်ပြီး နေရာလွတ်တွေ ရှာဖွေနိုင်တာပါ။ ဒါကို ကလော့ပ် ကောင်းကောင်းသိပါတယ်။ သူက ကျွန်တော့်ကို စွမ်းရည်ရှိတဲ့ ကစားသမားတစ်ဦးလို့ ပြောပြီး ဂိုးသွင်းတဲ့အခါ စိတ်အေးအေးထားဖို့ မှာလေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အသင်းသို့ စရောက်ခါစက ၎င်း၏နိုင်ငံအသင်းဖော် ဖြစ်သလို လီဗာပူးလ်တိုက်စစ်မှူးဟောင်းဖြစ်သူ ဆွာရက်ဇ်နှင့် နှိုင်းယှဉ်ခံခဲ့ရသည်။ ဆွာရက်ဇ်သည် ၂၀၁၁ ဇန်နဝါရီတွင် လီဗာပူးလ် အသင်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၁၁-၁၂ ရာသီဝက်အတွင်း ပရီးမီးယားလိဂ် ၁၃ ပွဲတွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ဆွာရက်ဇ်သည် ၂၀၁၂-၁၃ ရာသီတွင်မူ ပြိုင်ပွဲစုံ ၃၉ ပွဲတွင် ၁၇ ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် ဆွာရက်ဇ်သည် ၂၀၁၃-၁၄ ရာသီတွင် ပြိုင်ပွဲစုံ ဂိုး ၃၀ နှင့် ၂၀၁၄-၁၅ ရာသီတွင် ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

ဒါဝင်နူးနက်ဇ်က မိမိအနေဖြင့် နိုင်ငံအသင်းဖော် ဆွာရက်ဇ်နှင့် စကားပြောလေ့ရှိပြီး ၎င်း၏အကြံပေးမှုများကို လိုက်နာလေ့ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက မိမိအနေဖြင့် လီဗာပူးလ်အသင်းတွင် ဆွာရက်ဇ်ကဲ့သို့ ခြေစွမ်းပြနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent