ဘာဆယ်မတည်ငွေရင်းသဘောတူညီချက်မူဘောင်၏ ဖွင့်ဟထုတ်ဖော်မှု လိုအပ်ချက်စံနှုန်းများ

ဘာဆယ်မတည်ငွေရင်းသဘောတူညီချက်မူဘောင်၏ ဖွင့်ဟထုတ်ဖော်မှု လိုအပ်ချက်စံနှုန်းများ
ပြည်တွင်းဘဏ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ပြည်တွင်းဘဏ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 30 January 2023
ဆန်းဝင်း(မဟာစီးပွားရေးပညာ)

ပြီးခဲ့တဲ့တစ်ပတ်ကျော်က နိုင်ငံ့ ငွေရေး ကြေးရေးစနစ်အတွက် အ ရေးပါတဲ့ ဘဏ်တွေ (Domestic Systemically Important Banks _ D-SIBs)သတ်မှတ်ရာမှာ လိုက်နာဖို့ ထုတ်ပြန်ခဲ့တဲ့ အခြေခံမူတွေနဲ့ ဒေသတွင်း နိုင်ငံအချို့ရဲ့ စံနှုန်းတွေ သတ်မှတ်တဲ့နည်းလမ်းတွေကို တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာ Basel III ရဲ့ မဏ္ဍိုင် သုံးခုအနက် တတိယမဏ္ဍိုင်ဖြစ်တဲ့ စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းအကြောင်းကို မိတ်ဆက်တင်ပြဖို့ ရည်ရွယ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဘာဆယ် ၃ ကို မဏ္ဍိုင်သုံးခုနဲ့ စုစည်းထားပြီး ပထမမဏ္ဍိုင်က အနည်းဆုံး မတည်ငွေရင်းလိုအပ်ချက် (Minimum Capital Requirement) နဲ့ ဒုတိယမဏ္ဍိုင်က ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ သုံးသပ်ချက်လုပ်ငန်းစဉ် (Supervisory Review Process) ဖြစ်ပြီး တတိယမဏ္ဍိုင်က စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Market Discipline) ဖြစ်တာကို ယခင်ဆောင်းပါးတွေမှာ စာရေးသူရေးသားတင်ပြ ခဲ့ပါတယ်။ (ပုံ-၁)

ဘဏ်တွေကိုကြီးကြပ်တဲ့ အာဏာပိုင်တွေ ကြုံတွေ့ရတဲ့ အဓိကအခက်အခဲက သူတို့ကြီးကြပ်စစ်ဆေးတဲ့လုပ်ငန်းတွေမှာ စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းက ဘယ်လိုထပ်ဆောင်းပြီး ပံ့ပိုးနိုင်မလဲဆိုတဲ့အချက်ကို စဉ်းစားပါတယ်။ဘဏ်လုပ်ငန်းစနစ် လုံခြုံခိုင်မာစေဖို့ တည်ဆောက်ရာမှာ အနည်းဆုံး မတည်ငွေရင်းလိုအပ်ချက်နဲ့ ကြီးကြပ်စစ်ဆေးခြင်းတွေနဲ့အတူ မဏ္ဍိုင်တစ်ခုအနေနဲ့ စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို ဘာဆယ်မတည်ငွေရင်း သဘောတူညီချက် (Basel Capital Accord) မှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖြည့်စွက်ဖို့စိတ်ကူးက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ Mr. Alan Greenspan ရဲ့ ၂၀၀၁ ခုနှစ်က မှတ်ချက်ပြုခဲ့တဲ့ စကားတစ်ခွန်းမှာ  “ကြိုတင်လုံခြုံမှုကွန်ရက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းက တကယ်ဆိုရင် စျေးကွက်ကနေ လာတာဖြစ်တဲ့အတွက် ဘဏ်လုပ်ငန်းစနစ် လုံခြုံခိုင်မာဖို့အတွက် ပထမကာကွယ်ရေးစည်းအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းတွေကို ကြီးကြပ်စစ်ဆေးမှု မြှင့်တင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ရမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီလို စျေးကွက်စည်းကမ်း ထိန်းကျောင်းသူတွေက စောင့်ကြည့်မှုအပြင် ဘဏ်တွေကိုစောင့်ကြည့်ဖို့ အခြားအရင်းအမြစ်တွေလည်း ရှိပါတယ်။ တစ်ခုကတော့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုပုံစံဖြစ်ပါတယ်။ အဲဒီကော်ပိုရိတ်စီမံအုပ်ချုပ်မှုကနေ ဘဏ်တွေကို ငွေကြေးပံ့ပိုးနေသူတွေက သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကနေ ဘယ်လိုအကျိုးအမြတ်တွေ ရနေသလဲဆိုတာကိုသိနိုင်မှာ ဖြစ်ပါတယ်။ စနစ်ကျတဲ့ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုတွေမှာ ဒါရိုက်တာဘုတ်အဖွဲ့ကိုကြီးကြပ်တာ၊ ရင်းနှီးမြှုပ်နှံသူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖွင့်ဟထုတ်ပြန်တာ၊ ဘဏ်ကထုတ်ဝေတဲ့ ငွေချေးစာချုပ် ဝယ်ယူထား သူတွေ၊ ဘဏ်နဲ့ အရောင်းအဝယ် လွှဲပြောင်းဆောင်ရွက်မှုတွေအတွက် စာချုပ်ချုပ်ဆိုမှုတွေကို အသိပေး ထုတ်ပြန်တာတွေ ပါဝင်ပါတယ်။ နောက်ရင်းမြစ်တစ်ခုက စျေးကွက်မှာ ပါဝင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့အနေနဲ့ လုပ်ငန်းမှာ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးကို ကာကွယ်ဖို့ စဉ် ဆက်မပြတ် စောင့်ကြည့်နေမှာဖြစ် ပါတယ်။ ငွေရေးကြေးရေးစျေးကွက်မှာ ဘဏ်ရဲ့ အစုရှယ်ယာ (Share) နဲ့ ငွေချေးစာချုပ် (Bond) တွေကို သူတို့ရဲ့ စုပေါင်းရောင်းဝယ်မှုကနေ ဘဏ်ရဲ့ ငွေရေးကြေးရေးအခြေအနေကို သီးခြားလွတ်လပ်တဲ့ အကဲဖြတ်ဆန်းစစ်မှုတွေ ရနိုင်ပါတယ်။ ဆိုလိုတာက လုပ်ငန်းအောင်မြင်ရင် အောင်မြင်သလို ဘဏ်ရဲ့ အစုရှယ်ယာနဲ့ ငွေချေးစာချုပ်ကနေ အကျိုးအမြတ်တွေ ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။

စျေးကွက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းကို တိုက်ရိုက်စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနဲ့ သွယ်ဝိုက် စျေးကွက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ တိုက်ရိုက်စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကဘဏ်ရဲ့ ပြုမူလုပ်ဆောင်မှုတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးအရင်းအမြစ် စုဆောင်းမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်တွေအပေါ် စျေးကွက်မှာ ပါဝင်တဲ့သူတွေရဲ့ လွမ်းမိုးထိန်းချုပ်မှုကို ဖော်ပြပါတယ်။ သွယ်ဝိုက်စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းမှာ ဘဏ်က ထုတ်ဝေရောင်းချတဲ့ ငွေချေး သက်သေခံလက်မှတ်တွေကို မူလစျေးကွက် (Primary Market) နဲ့ ဆင့်ပွားစျေးကွက် (Secondary Market) တွေမှာ ရောင်းဝယ်နေတဲ့ စျေးနှုန်းသတင်းအချက်အလက်တွေအရ ဘဏ်ရဲ့ ဆုံးရှုံးနိုင်ခြေအဆင့်ကို အချက်ပြမှာဖြစ်ပါတယ်။

ဘာဆယ်ဘဏ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီက စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတဲ့ ဖွင့်ဟ ထုတ်ဖော်ဖို့လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ (ပုံ-၂)

အဲဒီ ဖွင့်ဟထုတ်ဖော်ဖို့လိုအပ်တဲ့ စံနှုန်းတွေကို သတ်မှတ်ထားတဲ့ အကောင်အထည်ဖော်ဆောင်ရွက် မယ့်နှစ်အလိုက် ထုတ်ပြန်ရမှာဖြစ် ပါတယ်။ ထုတ်ပြန်ဖို့လိုအပ်တဲ့ အကြိမ်ရေက ဖွင့်ဟထုတ်ဖော်ဖို့ သတ်မှတ်ထားတဲ့ပုံစံနဲ့ ဇယားမှာပါတဲ့အတိုင်း သီးသန့်သတ်မှတ်ထားတဲ့ ဖွင့် ဟထုတ်ဖော်မှု သဘောသဘာဝပေါ် မူတည်ပြီး သုံးလပတ်၊ နှစ်ဝက်နဲ့ နှစ်ကုန် အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။ (ပုံ-၃)

ဘာဆယ်ဘဏ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီက သဘောတူထားတဲ့ လမ်းညွှန်အခြေခံမူ ငါးခု ရှိပါတယ်။ (ပုံ-၄)

မဏ္ဍိုင်-၃ ဖြည့် စွက်ချက်ဟာ ဆုံးရှုံးနိုင်မှုအခြေခံတဲ့ မတည်ငွေရင်းလိုအပ်ချက် အနည်းဆုံးနဲ့ အခြားကိန်းဂဏန်းလိုအပ် ချက်တွေပါဝင်တဲ့ မဏ္ဍိုင် (၁) နဲ့ ကြီး ကြပ်စစ်ဆေးမှုဆိုင်ရာ သုံးသပ်ချက် လုပ်ငန်းစဉ် (Supervisory Review Process) ဖြစ်တဲ့ မဏ္ဍိုင် (၂) နဲ့ ရင်း နှီးမြှုပ်နှံသူတွေနဲ့ အခြားစိတ်ဝင်စား သူတွေအတွက် လိုက်လျောညီထွေ စွာနဲ့ နှိုင်းယှဉ်နိုင်မှုအပေါ် အခြေခံပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စည်းမျဉ်း စည်းကမ်းဆိုင်ရာ သတင်းအချက် အလက်တွေကို ပံ့ပိုးပေးမယ့် စျေးကွက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

ဒီလမ်းညွှန်အခြေခံမူတွေဟာ အသုံးပြုသူတွေအနေနဲ့ ဘဏ်ရဲ့ လုပ်ငန်းနဲ့ ဆုံးရှုံးနိုင်ခြေတွေကို ပိုမို နားလည်သိရှိစေဖို့နဲ့ နှိုင်းယှဉ်နိုင်ဖို့ ဖြစ်ပြီး ပွင့်လင်းမြင်သာပြီး အရည်အသွေးမြင့်တဲ့ မဏ္ဍိုင်-၃ အဖြစ်နဲ့ ဆုံးရှုံးနိုင်မှုတွေကို ဖွင့်ဟထုတ်ဖော်နိုင်စေဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ အခြေခံမူ (၁) မှာဆိုရင် ဖွင့်ဟထုတ်ဖော်မှုတွေဟာ အဓိကပါဝင်ပတ်သက်သူအားလုံး လက်လှမ်းမီနိုင်ပြီး အလွယ်တကူ နားလည်နိုင်တဲ့ပုံစံနဲ့ ထုတ်ပြန်ရမှာဖြစ်ကြောင်း၊ အခြေခံမူ (၂) အရ ထုတ်ပြန်ကြေညာတဲ့အဖွဲ့အစည်းရဲ့ အဓိကလုပ်ငန်းတွေနဲ့ သာမန်ထက်ထူးခြားတဲ့ ဆုံးရှုံးနိုင်မှုအားလုံးကို ဆီလျော်တဲ့ ကိန်းဂဏန်း အချက်အလက်ပံ့ပိုးမှုနဲ့ ဖော်ပြရမှာ ဖြစ်ကြောင်း ၊ အခြေခံမူ (၃) က ဖွင့်ဟထုတ်ဖော်ချက်တွေဟာ အဖွဲ့အစည်းရဲ့ လတ်တလောအခြေအနေနဲ့ဖြစ်ပေါ်နိုင်တဲ့ ထူးခြားတဲ့ဆုံးရှုံးနိုင်ခြေတွေကို မီးမောင်းထိုးပြနိုင်ရမှာဖြစ်ကြောင်း၊ အခြေခံမူ (၄) မှာဆိုရင် အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဆုံးရှုံးနိုင်ခြေရှိတဲ့ အလားအလာကို အဓိကပါဝင်ပတ်သက်သူအားလုံး တစ်သမတ်တည်း ဖော်ထုတ်ရမှာ ဖြစ်ကြောင်း၊ အခြေခံမူ (၅) အရ ဖွင့်ဟထုတ်ဖော်တဲ့ပုံစံဟာ အပ်ငွေ လက်ခံတဲ့အဖွဲ့အစည်းနဲ့ နိုင်ငံအသီးသီးကြားမှာ ဆုံးရှုံးနိုင်မှုတွေနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတွေကို နှိုင်းယှဉ်ရာမှာ အဓိပ္ပာယ်ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

Most Read

Most Recent