တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၇)

တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၇)
Photo - forces.net
Photo - forces.net
Published 29 January 2023
နရီမင်း၊ မိုးဧအောင်

ထိုင်ဝမ်အရေး

ကိုရီးယားနှင့် ဗီယက်နမ်မှသည် အီရတ်နှင့် အာဖဂန်နစ္စတန်အထိ အမေရိကန်သည် သူ၏နယ်မြေ၌ စစ်ပွဲများ အဖြစ်မခံဘဲ ပရောက်စီစစ်ပွဲကိုသာ ဆင်နွှဲခဲ့သည်။ အမေရိကန်သည် ဒုတိယကမ္ဘာစစ်အပြီး အင်အားကြီးနိုင်ငံဖြစ်လာပြီးနောက်ပိုင်း သူ၏နိုင်ငံအတွင်း စစ်ပွဲများ အဖြစ်မခံရုံသာမက သူ၏ အကျိုးစီးပွားအမျိုးမျိုးအတွက် စစ်ပွဲများအား အခြားနိုင်ငံများသို့ တင်ပို့နေသော နိုင်ငံဖြစ်လေသည်။ အမေရိကန်သာမက တရုတ်နှင့်ရုရှားကဲ့သို့သော အင်အားကြီးနိုင်ငံတို့သည်လည်း မိမိတို့နိုင်ငံအတွင်း စစ်မက်မဖြစ်ပွားလိုကြဘဲ ကြားခံနိုင်ငံ၌သာ ပရောက်စီစစ်ပွဲ ဆင်နွှဲလိုကြသည်သာဖြစ်၏။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသော အိမ်နီးချင်းနိုင်ငံဖြစ်နေခြင်းကြောင့် အမေရိကန်၏ တရုတ်ကို ထိန်းချုပ်ရေးမူဝါဒ၌ ‌သားကောင်ဖြစ်လာနိုင်သည်သာဖြစ်၏။ အမေရိကန်၏ ရုရှားကို တန်ပြန်ရေးမူဝါဒအတွက် ယူကရိန်းနိုင်ငံ ပရောက်စီ ဖြစ်ခဲ့ရသည်ကို လောလောလတ်လတ် သင်ခန်းစာယူတတ်ရန် လိုသည်။ မြန်မာနိုင်ငံကို အမေရိကန်၏ ပရောက်စီစစ်ပွဲအတွက် စစ်မြေပြင် အဖြစ်မခံလိုပါ။ အမေရိကန်၏ စစ်ပွဲတင်ပို့ခံရသော နိုင်ငံအဖြစ်သို့ မရောက်ရှိစေလိုပါ။ ပျက်စီးကြေမွသွားသော ယူကရိန်း မြို့ကြီးများကို မြင်ယောင်ကြည့်ကြစေလိုပါသည်။ မိမိနိုင်ငံအတွင်း သဘောထားကွဲလွဲမှုဟူသမျှကို အချိန်ကာလတစ်ခု၌ စားပွဲဝိုင်း၌ထိုင်လျက် နိုင်ငံရေးနည်းအရသာ ဖြေရှင်းကြရမည် ဖြစ်ပါ၏။

ထိုင်ဝမ်အရေးကို ကြည့်လျှင်လည်း ပထဝီနိုင်ငံရေးအကြောင်းကို ဦးစွာ ပြောရပေမည်။ ပထဝီနိုင်ငံရေးအရ အင်ဒို-ပစိဖိတ်ဒေသအတွင်း၌ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မော်လဒိုက်၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ပါ ပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်း၊ တီမော လက်စလေ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ် စသည့် နိုင်ငံများ ပါဝင်သည်။ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ထိန်းညှိရာတွင် သူ့နိုင်ငံ၏ အထင်ကရပါတီကြီးနှစ်ခုဖြစ်သော ဒီမိုကရက်နှင့် ရီပက်ဘလီကင်၊ သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အဆက်ဆက်က ယင်းအင်ဒို-ပစိဖိတ်ဒေသအတွက် အထူးအလေးပေးစဉ်းစားကာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးသြဇာ လွှမ်းမိုးနိုင်ရန် အားထုတ်ခဲ့ကြသည်။

အမေရိကန်အတွက် စီးပွားရေးအင်အား ကြီးထွားလာသော တရုတ်ကို ထိန်းညှိရန် အကောင်းဆုံးနယ်မြေအဖြစ် အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ ထိုင်ဝမ်သည် အကောင်းဆုံး အကွက်အကွင်း ဖြစ်လာသည်။ တစ်ဖန် ဆက်စပ်ရေကြောင်းပိုင်နက်ဖြစ်သော တောင်တရုတ်ပင်လယ်ကို ပြန်ကြည့်ပါက အဆိုပါဒေသသည် ကမ္ဘာ့ကုန်သွယ် ရေး၏ အသက်ဓာတ်ပမာ ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်နေပြန်သည်။ တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းသယ်ဆောင်လျက်ရှိသော ကုန်သွယ်မှုမှာ အမေရိကန်အတွက် ဒေါ်လာ ၁.၂ ထရီလျံတန်ဖိုးရှိပြီး အိန္ဒိယကုန်သွယ်မှု၏ ထက်ဝက်ကျော်၊ သြစတြေးလျကုန်သွယ်မှု၏ သုံးပုံနှစ်ပုံကျော်၊ ဂျပန်စွမ်းအင်ဖြည့်တင်းမှု၏ ရာခိုင်နှုန်း ၆၀ နီးပါးမှာ တောင် တရုတ်ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်း (South China Sea Sea Lines of Communication - SLOCs) မှတစ်ဆင့် ကမ္ဘာကို ပတ်နေရခြင်းဖြစ်၏။

ထို့ကြောင့် ထိုင်ဝမ်အပေါ် အားပေးအားမြှောက်ပြု၍ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးအင်အား တည်ဆောက်နေသော အမေရိကန်ပြည်ထောင်စုကို တရုတ်အစိုးရက ‘တရုတ်တစ်ပြည်ထောင်တည်း မူဝါဒ’ ကို အတည်ပြု၊ မပြု အထပ်ထပ် မေးခွန်းထုတ်ခဲ့သည့်အပြင် ကျော်နင်းခွင့်မပြုနိုင်သော ‘အနီရောင် စည်းသုံးတန်’ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်က တီယန်ကျင်းတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်ကို ပြောကြားခဲ့သည်။ တရုတ်၏ ‘တားထားသော စည်းသုံးတန်’ အဖြစ် “အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား လုပ်ပုံကိုင်နည်းအပေါ် ဆီလို အပေါက်ရှာ ဆိုရေးမရှိကြောင်း၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်းနှင့် တရုတ်၏ အချုပ်အခြာအာဏာ သို့မဟုတ် နယ်နိမိတ် တည်တံ့ခိုင်မြဲမှုအပေါ် ချိုးဖောက်ရန် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း” ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။

“အမေရိကန်အနေနှင့် ထိုသုံးချက်ကို လိုက်နာခဲ့၊ လိုက်နာဆဲ၊ လိုက်နာပါမည်လား” ဆိုသည်မှာ တရုတ်၏ ပိုင်နက်နယ်မြေ သို့မဟုတ် အိမ်နီးချင်းကျွန်း ဖြစ်သော ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏ စစ်ရေးဆိုင်ရာ စွက်ဖက်ပတ်သက်မှု အဖုံဖုံကို ကြည့်ရမည်ဖြစ်သည်။ အမှန်တကယ်၌ သမိုင်းတွင် အမေရိကန်သည် ၎င်း၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားနှင့် တရုတ်ကို ထိန်းချုပ်ရေးတို့အကြား ချိန်ညှိလျက် လိုတစ်မျိုး မလိုတစ်မျိုး သဘောထားဖြင့် ထိုင်ဝမ်ကို ပရောက်စီအဖြစ် လိုသလို ကစားခဲ့သည်ကိုသာ တွေ့မြင်ရမည် ဖြစ်သည်။

ယင်းသည် တရုတ်၏ အချုပ်အခြာအာဏာပိုင် နယ်မြေတစ်ခုအဖြစ် ပေကျင်းအစိုးရက ခံယူသတ်မှတ်ထားသော ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုက ယခုနောက်ပိုင်းကာလများ၌ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ သွေးထိုးမြှောက်ပင့်မှုများ အဘယ်ကြောင့် ပြုလုပ်နေရပါသနည်းဟူသော မေးခွန်းအတွက် အဖြေလည်းဖြစ်သည်။ ယခုကာလနှင့် အနီးကပ်ဆုံးနှင့် အထင်ရှားဆုံးမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် နန်စီ ပလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။ ယူကရိန်းအရေး အရှိန်မြင့်နေချိန်၌ အမေရိကန်က တရုတ်ကို ထိန်းချုပ်ရေး သွေးမအေးကြောင်း ပြသရန်နှင့် တရုတ်အနေဖြင့် ရုရှားအား စစ်ဘက်ဆိုင်ရာ အကူအညီများ မပေးရေးအတွက် ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်

၂၀၂၂ ခုနှစ် သြဂုတ်လ ၂  ရက်တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ် ခေါ် တရုတ်သမ္မတနိုင်ငံသို့ အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ လှည့်ပတ်၍အပြီးတွင် ရောက်ရှိလာခဲ့သည်။ အမေရိကန် အိမ်ဖြူတော်သည် ထိုခရီးစဉ်ကို တရားဝင်ထောက်ပံ့ခြင်းမရှိဟု ဆိုသည်။ သူရောက်ရှိပြီး မကြာမီ ပလိုစီသည် သူ၏ခရီးစဉ်သည် “ထိုင်ဝမ်၏ ဒီမိုကရေစီကို ထောက်ခံသည့် အမေရိကန်ပြည်ထောင်စု၏ မယိမ်းမယိုင်သော ကတိကဝတ်များ၏ လက္ခဏာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ သူသည် နောက်တစ်နေ့တွင် ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့သည်။ ထိုင်ဝမ်ပြည်သူများသည် သူ့ကို ယူကရိန်းအလံ၏အရောင်များဖြစ်ကြသော အဝါနှင့်အပြာရောင်တို့ကို ဝတ်ဆင်၍ ကြိုဆိုခဲ့ကြသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၂ ရက် နံနက်အထိ နန်စီပလိုစီ ထိုင်ဝမ်သို့လာမည်၊ မလာမည်မှာ သေ‌သေချာချာ မသိရဘဲ ဖြစ်နေခဲ့သည်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ် ဂျွန်ကာဘီက သြဂုတ်လ ၁ ရက်၌ အ‌‌မေရိကန်နိုင်ငံ‌ရေးသမားက ထိုင်ဝမ်သို့ လာရောက်ခြင်းကို ဆန့်ကျင်လိုသောအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုင်ဝမ်အနီးသို့ ဒုံးကျည်များ ပစ်ခတ်ခြင်း သို့မဟုတ် စစ်ရေးလေ့ကျင့်ခြင်းတို့ ပြုလုပ်လာနိုင်ကြောင်း၊ ထိုသို့ အကြမ်းအတမ်းလုပ်ရပ်များကို လုပ်လာပါကလည်း အမေရိကန်အနေဖြင့် ရပ်ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားမှုများရှိသော်လည်း ပလိုစီသည် သြဂုတ် ၂ ရက် ညနေ ၁၀ နာရီ ၄၃ မိနစ်တွင် တိုင်ပေမြို့သို့ စစ်လေယာဉ်ဖြင့် ရောက်ရှိလာပြီး ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်က ကြိုဆိုခဲ့သည်။ သူရောက်ရှိချိန်တွင် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီနှင့် အတိုက်အခံ ကူမင်တန်ပါတီ နှစ်ဖက်စလုံးက ထိုခရီးစဉ်ကို ထောက်ခံခဲ့ကြသည်။ သြဂုတ်လ ၃ ရက်တွင် သမ္မတ ချိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့ပြီး သမ္မတရုံး အဆောက်အအုံတွင် သမ္မတချိုင်က First Class Order of Propitious Cloudsဂုဏ်ပြုဆုတံဆိပ်ကို သူ့အား ချီးမြှင့်ခဲ့သည်။ ပလိုစီက ဥပဒေပြုရေး လွှတ်တော်ကို မိန့်ခွန်းပြောကြားခဲ့သည်။

ထိုခရီးစဉ်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် သူက “ထိုခရီးစဉ်သည် အမေရိကန်၏မူဝါဒကို မည်သို့သောနည်းနှင့်မျှ မဆန့်ကျင်ခဲ့ကြောင်း၊ ရှိရင်းစွဲအခြေအနေများကို မပြောင်းလဲလိုကြောင်း” ဆိုခဲ့သည်။ အမျိုးသားလုံခြုံရေးကောင်စီရှိ မဟာဗျူဟာမြောက် ဆက်သွယ်ရေးအတွက် အိမ်ဖြူတော် ညှိနှိုင်းရေးမှူး ဂျွန်ကာဘီသည်လည်း ထိုခရီးစဉ်ကာလအတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် “သူ၏ ခရီးစဉ်သည် ထိုင်ဝမ်ဆက်ဆံရေးအက် ဥပဒေ၊ အမေရိကန်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးတွဲကြေညာချက်သုံးရပ်နှင့် အာမခံချက်ခြောက်ချက်တို့ဖြင့် ဖွဲ့စည်းထားသော မိမိတို့၏ ‘တရုတ်တစ်ပြည်ထောင်တည်း မူဝါဒ’ ၏ မူဘောင်အတွင်း၌ရှိကြောင်း” ပြောကြားခဲ့သည်။ ပလိုစီသည် သြဂုတ် ၃ ရက် ညနေ ၆ နာရီတွင် ထိုင်ဝမ်မှ ထွက်ခွာခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) သည် ထိုင်ဝမ်အစိုးရ အုပ်ချုပ်ရာ ဒေသများကို မိမိပိုင်နယ်ဟု မှတ်ယူသောကြောင့် အမေရိကန်အစိုးရ၏ ရာထူးကြီး အမှုထမ်းက ထိုင်ဝမ်သို့ ရောက်လာခြင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း ထိုခရီးစဉ်အပေါ် အဆက်မပြတ် ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပီအာစီခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ တယ်လီဖုန်းခေါ်ဆိုကြရာတွင် ဘိုင်ဒင်အနေဖြင့် ပလိုစီကို ထိုင်ဝမ်သို့ လာရောက်ခွင့်ပြုပါက အမေရိကန်သည် “မီးနှင့် ကစားရာရောက်သည်”ဟု ပီအာစီ အစိုးရက သတိပေးခဲ့သည်။ သြဂုတ် ၂ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်က ထိုသို့ ထိုင်ဝမ်ကို လာရောက်ခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့၌ပင် ထိုင်ဝမ်၏ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ်မှ စစ်လေယာဉ် ၂၁ စင်းသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုင်ပေတွင် ပလိုစီ၏ ဆင်းသက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ ၂ ရက်‌ ညအချိန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ဘက်စစ်တိုင်းဌာနချုပ်သည် ထိုင်ဝမ်ကျွန်း၏ မြောက်၊ အနောက်တောင်နှင့် အရှေ့တောင်ဘက်ဒေသများတွင် ပူးတွဲရေတပ်နှင့် လေတပ် စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ ဒုံးကျည်အမျိုးမျိုးတို့ကို စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကို ဝန်းရံထားသည့် ဒေသများတွင် သြဂုတ် ၄ ရက် မှ သြဂုတ် ၇ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပေကျင်းရှိ အမေရိကန်သံအမတ်ကြီး နီကိုလက်ဘန်းစ်ကို သမ္မန်ဆင့်ခေါ်ပြီး ထိုခရီးစဉ်နှင့်ပတ်သက်၍ ပြစ်တင် ပြောဆိုခဲ့သည်။

သြဂုတ် ၅ ရက်တွင် ထိုင်ဝမ်သို့ သွားရောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ပလိုစီနှင့် သူ၏ မိသားစုကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အမေရိကန် အထက်လွှတ်တော် ရီပက်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကောနယ် အပါအဝင် ရီပက်ဘလီကင် အထက်လွှတ်တော်အမတ် ၂၆ ဦးတို့သည်လည်း ပလိုစီ၏ခရီးစဉ်ကို “အမေရိကန်ပြည်ထောင်စု၏ တရုတ်တစ်ပြည်ထောင်မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း” မကြုံစဖူးထောက်ခံခဲ့ကြသည်။

ထိုင်ဝမ် သို့မဟုတ် တရုတ်သမ္မတနိုင်ငံ

ထိုင်ဝမ် တရားဝင်အမည်အားဖြင့် တရုတ်သမ္မတနိုင်ငံ (The Republic of China - ROC) သည် အရှေ့အာရှတွင်တည်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ ဂျပန် စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအနည်းအကျဉ်းကသာ တရားဝင်အသိအမှတ်ပြုသည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်သည်။

ပထဝီဝင်သင်ခန်းစာများ၌ ဖော်မိုဆာကျွန်းဟု အမည်တွင်သော ထိုင်ဝမ်သည် အာရှတိုက် အရှေ့ပိုင်း၊ အရှေ့နှင့် တောင်တရုတ်ပင်လယ်ဆုံရာအရပ်၊ ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (The Republic of China - ROC)၊ အရှေ့မြောက် ဘက်တွင် ဂျပန်နိုင်ငံနှင့် တောင်ဘက်တွင် ဖိလစ်ပိုင်နိုင်ငံတို့ ဝန်းရံ ထားသည်။ ကျွန်ပေါင်း ၁၆၈ ကျွန်း ပါဝင်ပြီး စုစုပေါင်း ၃၆ယ၁၉၃ စတုရန်းကီလိုမီတာ (၁၃,၉၇၄ စတုရန်း မိုင်) ကျယ်ဝန်းကာ ဖော်မိုဆာဟု လူသိများခဲ့သော အဓိကကျွန်းကြီး ထိုင်ဝမ်မှာ ၃၅,၈၀၈ စတုရန်းကီလိုမီတာ (၁၃,၈၂၆ စတုရန်းမိုင်) အကျယ်အဝန်းရှိသည်။ ကျွန်း၏ အရှေ့ဘက်ပိုင်းတွင် တောင်တန်းများ ထူထပ်ပြီး ကျွန်း၏ ကျန်သုံးပုံ တစ်ပုံဖြစ်သော အနောက်ဘက်ပိုင်းတွင် မြို့နေလူဦးရေ ထူထပ်သည်။ မှီတင်းနေထိုင်သူ စုစုပေါင်း လူဦးရေ ၂၃ ဒသမ ၉ သန်း ရှိသော ထိုင်ဝမ်သည် တစ်စတုရန်းကီလိုမီတာ၌ လူဦးရေ ၆၅၀ (တစ်စတုရန်း မိုင်၌ ၁,၆၈၄ ဦး) နှုန်းဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်းဆုံးနိုင်ငံ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

၁၉၁၂ ခုနှစ်တွင် အာအိုစီအား တည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့် နယ်နမိတ်သည် တရုတ်နိုင်ငံတစ်ဝန်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ထိုင်ဝမ်ကျွန်းနှင့် ဖုန်ဟူကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ကူမင်တန်အစိုးရ တရုတ်ပြည် တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ် ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင်နှင့် မားကျူတို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်း စစ်ပွဲအပြီးတွင် ကူမင်တန်အား အနိုင်ရခဲ့သည့် တရုတ်ကွန်မြူနစ် ပါတီက တရုတ်ပြည်မကြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China - PRC) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရ လက်အောက်ရှိ နယ်မြေများအား “တရုတ်သမ္မတနိုင်ငံ၏ လွတ်လပ်သောဧရိယာ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ တိုင်ပေ မြို့ဖြစ်သည်။

၁၉၁၂ ခုနှစ်၌ တရုတ်ပြည်မကြီးအတွင်း ဒေါက်တာ ဆွန်ယက်ဆင် တည်ထောင်ခဲ့သော The Repulbic of China - ROC နိုင်ငံတော်အစိုးရကို တရုတ်သမ္မတနိုင်ငံ (Republic of China -ROC) ဟု ကမ္ဘာသိခေါ်တွင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၌ နိုင်ငံပေါင်းချုပ်အသင်းကြီးသို့  ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ပေါ်ထွက်လာသည့် ကမ္ဘာ့ကုလသမဂ္ဂ၌ စတင်တည်ထောင်သော ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်ပင် ကနဦးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သို့သော် မော်စီတုန်း ဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီက ခရီးရှည်ချီတက်ပွဲမှတစ်ဆင့် တရုတ်နိုင်ငံနယ်နိမိတ်နှင့် ပြည်သူလူထုကို စုစည်းနိုင်ခဲ့ပြီး တ ရုတ်ပြည်သူ့သမ္မတနိုင်ငံ (The Repulbic of China - ROC) အဖြစ် ထူထောင်ကြောင်း ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်၌ ကြေညာခဲ့သည်။ ROC အစိုးရအနေနှင့် မြို့တော် ပေကျင်းကို လက်လွှတ်ခဲ့ရ ရုံမျှမက တရုတ်ပြည်မကြီးမှ စွန့်ခွာကာ တိုင်ပေ (ဖော်မိုဆာကျွန်း) သို့ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ရောက်ရှိသွားခဲ့သည်။ ROC အာဏာသက်ရောက်ရာ ပိုင်နက်နယ်မြေအားလုံးကိုလည်း ၁၉၅၀ ပြည့်နှစ် မေ ၁ ရက်၌ ကွန်မြူနစ်များထံ အလုံးစုံ စွန့်လွှတ်ခဲ့ရ၏။

ထိုင်ဝမ်ရောက် ROC အစိုးရအနေဖြင့် ဗဟိုကို,ကိုယ်စားပြု ချုပ်ကိုင်နိုင်စွမ်း မရှိသည့်တိုင် China ဆိုသော စကားရပ်ကို နိုင်ငံအမည်အဖြစ် ဆက်လက်သုံးစွဲခဲ့သည်။ တစ်ဖန် ကုလသမဂ္ဂ၌ နိုင်ငံအလိုက် ကိုယ်စားပြုမှု ထိုင်ခုံကို China အတွက် တစ်ခုံသာရှိရာ ပြည်မကြီးရှိ ကွန်မြူနစ် PCR အစိုးရနှင့် ထိုင်ဝမ်ရှိ ROC အစိုးရအကြား “ကိုယ်စားပြု ထိုင်ခုံဆိုင်ရာ ပဋိပက္ခဖွဲမီး” မှာ ဆယ်စုနှစ်နှစ်ခုတိုင်အောင် တငွေ့ငွေ့ လောင်ကျွမ်းနေလေသည်။ ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂက China ဟူသော ကိုယ်စားပြုထိုင်ခုံအတွက် ပေကျင်းအခြေစိုက် မော်စီတုန်း ဦးဆောင်သောတရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အစိုးရကို တရားဝင် အသိအမှတ်ပြုခဲ့လေသည်။ ထိုင်ဝမ်ရောက် ROC အစိုးရအနေနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် စောဒကတက်ခဲ့သည့်တိုင် ထိုင်ဝမ်ရှိ ROC အစိုးရကို အသိအမှတ်ပြုမှုမှာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၃ နိုင်ငံသာ ရှိသည်။

သမ္မတဟောင်း လီတန်ဟွေးနှင့် ချန်ဆွေပြန်တို့က အာအိုစီသည် တရုတ်ပြည်မနှင့် ဆက်နွှယ်ခြင်းမရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သောကြောင့် တရားဝင်လွတ်လပ်ရေး ကြေညာရန် မလိုအပ်ဟု အဆိုပြုကြသည်။ သမ္မတဟောင်း မာရင်ကျိုးကမူ အာအိုစီသည် ထိုင်ဝမ်ရော ပြည်မပါ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရပ်တည်ချက်သည် အာအိုစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်သော်လည်းကောင်း၊ ၁၉၉၂ ခုနှစ် နားလည်မှု အဓိပ္ပာယ်နှစ်မျိုးနှင့် ‘တရုတ်တစ်ပြည်ထောင်တည်း မူဝါဒ’ နှင့်သော်လည်းကောင်း တစ်ထပ်တည်းဖြစ်သည်။

၁၉၁၀ မှ ၁၉၄၀ ခုနှစ်အတွင်း အာအိုစီမှာ တရုတ်နိုင်ငံကို ညွှန်းဆိုသည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်းတွင်မူ နေရှင်နယ်လစ်တရုတ်ပြည် သို့မဟုတ် လွတ်လပ်သော တရုတ်ပြည်ဟု ညွှန်းဆိုကြသည်။ မျက်မှောက်ခေတ်တွင် အာအိုစီအား များသောအားဖြင့် ထိုင်ဝမ်ဟု ခေါ်ဆိုလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံအဖြစ် ပီအာစီကိုသာ ညွှန်းဆိုလာကြသည်။

တရုတ်တစ်ပြည်ထောင်တည်းမူဝါဒ

တရုတ်တစ်နိုင်ငံတည်းသာ ရှိသည်ဟူသော မူဝါဒ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) ဟူသော နှစ်နိုင်ငံအနက် တရုတ်တစ် နိုင်ငံကိုသာ အသိအမှတ်ပြုရန် ချမှတ်ထားသော မူဝါဒဖြစ်သည်။ နိုင်ငံအများစုက ယင်းမူဝါဒကို ကျင့်သုံးကြသော်လည်း သဘောထားများ ကွဲလွဲကြသည်။ ပီအာစီက ပြောဆိုဆက်ဆံရာ၌ “တရုတ်တစ်ပြည်ထောင်စည်းမျဉ်း” (One China Principle) ဟူ၍ ခေါ်ဆိုသည်။

ထိုမူဝါဒသည် “၁၉၉၂ နားလည်မှု” (1992 Consensus) မှ တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းတို့ကို အုပ်ချုပ်သော တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိသည်ဟူသော အချက်ကို အခြေခံသည်။ သို့သော် ထိုသို့အုပ်ချုပ်သော တရားဝင်အစိုးရမှာမူ မည်သည့်အစိုးရဖြစ်သည်ကို နှစ်ဖက်စလုံးက အငြင်းပွားလျက်ရှိကြသည်။

ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး

* ဒုတိယကမ္ဘာစစ်နှင့် ဒီမိုကရက် တိုင်ဇေးရှင်း ကာလအကြား

ကိုရီးယားစစ်ပွဲ ပေါ်ပေါက်လာသည့်အခါ ထရူးမင်းအစိုးရအဖို့ ထိုင်ဝမ်ရှိ ROC အစိုးရကို စီးပွားရေးနှင့် စစ်ရေးအရ အကူအညီပေးရေးအတွက် လမ်းစရှာခဲ့သည်။ ဖော်မိုဆာ ခေါ် ထိုင်ဝမ်ကျွန်း၌ ကွန်မြူနစ်များ လွှမ်းမိုးမှုမှ ဖယ်ရှားရန် အလို့ငှာ (ပြည်မကြီးရှိ အစိုးရကိုပါ တန်ပြန်နိုင်ရန်အလို့ငှာ) ထိုင်ဝမ်ရေလက်ကြား၌  အမေရိကန်ပြည်ထောင်စု၊ အမှတ် ၇ ရေတပ်မတော် အုပ်စုကြီးကို အခြေချစေခဲ့သည်။ ထိုင်ဝမ်တွင် စစ်ရေးဆိုင်ရာ အကြံပေးအုပ်စု (MAAG) ထားရှိရုံမျှမက အမေရိကန်ပြည်ထောင်စု၏ တိုင်ဝမ်ဆိုင်ရာစစ်ဌာနချုပ် (USTDC) ကိုပါ ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အမှတ် ၃၂၇ မြောက် အုပ်ဖွဲ့ လေယာဉ်အစုကိုလည်း ချထားခဲ့သည်။ ၁၉၇၉ ခုနှစ်၌ တရုတ်ပြည်မကြီး (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ကို အသိအမှတ်ပြုသောအချိန်အထိ ၀ါရှင်တန်အစိုးရသည် ထိုင်ဝမ် ROC  အစိုးရအား ကွန်ဂရက်၏ ပြဋ္ဌာန်းချက်အရ ပြည်ပထောက်ပံ့ရေးအက် ဥပဒေ၊ နှစ်နိုင်ငံလုံခြုံရေး အက်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အက်ဥပဒေများနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခဲ့သည်။ အမေရိကန်နှင့် ထိုင်ဝမ် ROC အစိုးရအကြား လက်မှတ်ရေးထိုးခဲ့ကြသော နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ်သည် ၁၉၅၄ ခုနှစ်မှသည် ၁၉၇၉ ခုနှစ်အထိတိုင် တည်တံ့ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၁၉၅၉ ခုနှစ် တရားဝင်ထုတ်ပြန်ချက်အရ “၁၉၄၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ROC ၏ မြို့တော်သည် တိုင်ပေ ဖြစ်သည့်အားလျော်စွာ ထိုင်ဝမ် (ဖော်မိုဆာ) ကျွန်း တစ်ကျွန်းလုံးကို တရုတ်သမ္မတနိုင်ငံ (ROC) အစိုးရက အာဏာပိုင် အုပ်စိုးကာ ဖော်မိုဆာကျွန်း၏ အချုပ်အခြာအာဏာကို တရုတ်ပြည်မကြီးသို့ လွှဲအပ်ခြင်း မရှိ။ ထို ဖော်မိုဆာသည် နိုင်ငံတစ်ခုအနေနှင့် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်း မဟုတ်သကဲ့သို့ ယခုအချိန်မှ အစပြုကာ နောက်နောင်တွင်လည်း လျော်ကန်သင့်မြတ်သော စာချုပ်စာတမ်း မရှိခဲ့ပါက ဝင်ရောက်ရန် အစီအစဉ် မရှိပါ။ ဖော်မိုဆာသည် တရုတ်သမ္မတနိုင်ငံအစိုးရက အုပ်ချုပ်သော ပိုင်နက် နယ်မြေ သို့မဟုတ် ဧရိယာအကျယ်အဝန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားဝင် အသိအမှတ်မပြုပါ”ဟု ဖော်ပြထားသည်။

စစ်အေးတိုက်ပွဲ နိဒါန်းပျိုးချိန်အတွင်း အမေရိကန်သည် အမေရိကန်ပြည်ထောင်စု၏ ထိုင်ဝမ်ဆိုင်ရာ စစ်ဌာနချုပ် (USTDC) ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုင်ဝမ်ကျွန်းပေါ်၌ နျူကလီးယားလက်နက်များကို ချထားခဲ့သည်။ ၁၉၇၂ ခုနှစ်၌ အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်က ထိုင်ဝမ်ကျွန်းပေါ်မှ နျူကလီးယား လက်နက်များကို ဖယ်ရှားပစ်ရန် အမိန့်ပေးခဲ့ပြီး ထိုအမိန့်ကို ၁၉၇၄ ခုနှစ်၌ အကောင်အထည်ဖော်ခဲ့သည်။

တရုတ် - ဆိုဗီယက် အကွဲအပြဲ မုန်တိုင်းထန်လာချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီး အသွင်ကူးပြောင်းကာ တံခါးလှပ်လာသည့်အခိုက် အမေရိကန်ပြည်ထောင်စုသည် မဟာဗျူဟာမြောက် အရွှေ့ အပြောင်းအဖြစ် ထိုင်ဝမ်ရှိ ROC အစိုးရကို အသိအမှတ်ပြုခဲ့ရာမှ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ ပြောင်းလဲအသိအမှတ်ပြုခဲ့သည်။ ရည်ရွယ်ချက်မှာ ဆိုဗီယက်ယူနီယံ၏ နိုင်ငံရေးသြဇာနှင့် စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုကို တန်ပြန်ထိန်းညှိရန် ဖြစ်သည်။ တိုင်ပေရှိ အမေရိကန်သံရုံးကို ပေကျင်းသို့ ရွှေ့ပြောင်းကာ အမေရိကန်အခြေစိုက် ထိုင်ဝမ်သံရုံးကို ပိတ်ပစ်ခဲ့သည်။ သံတမန်ရေးရာ အဆက်ဖြတ်မှုများ နှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် နှစ်နိုင်ငံအကြား ကာကွယ်ရေး သဘောတူစာချုပ်ကို ၁၉၈၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်၌ ဖျက်သိမ်းခဲ့သည်။

၁၉၇၉ ခုနှစ် ဧပြီ ၁၀ ရက်၌ အမေရိကန်သမ္မတ ဂျင်မီကာတာသည် ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေ (TRA) ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ပြည်တွင်းရှိ တရားဝင် အခွင့်အာဏာရှိသူများ ထိုင်ဝမ်နှင့် တရားမဝင်ဆက်သွယ်နိုင်ရန် ဖန်တီးပေးခဲ့သည်။ ယင်း TRA အရ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန (The American Institute in Taiwan - AIT) ကို ထူထောင်ခဲ့သည်။  အမေရိကန်ပြည်ထောင်စုနှင့် ထိုင်ဝမ်လူထုအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားသော အပြန်အလှန်ဆက်သွယ်မှုများကို  ထိုင်ဝမ်ရှိ AIT မှတစ်ဆင့် ပြုလုပ်နိုင်သည်။ AIT ရုံးချုပ်မှာ ၀ါရှင်တန်ဒီစီ၌ အခြေစိုက်ပြီး ရုံးခွဲများမှာ တိုင်ပေနှင့် ကောက်ရှီအွန်တွင် ဖွင့်လှစ်ထားသည်။ ထိုရုံးများသည် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံကူးခွင့်လျှောက်လွှာများ လက်ခံခြင်းနှင့် ထိုင်ဝမ်ရှိ အမေရိကန်နိုင်ငံသားများအား လိုအပ်သော ကူညီ ပံ့ပိုးမှုပေးရန် အခွင့်အာဏာရှိသည်။ အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်ရုံး (TECRO) ကို ထိုင်ဝမ်အစိုးရက တည်ထောင်ခဲ့သည်။ ရုံးချုပ်မှာ တိုင်ပေ၌ရှိပြီး ကိုယ်စားလှယ်ရုံးခွဲမှာ ၀ါရှင်တန်ဒီစီတွင် ရှိသည်။ အခြားသော TECRO ရုံးခွဲ ၁၁ ရုံးမှာ အမေရိကန်ပြည်ထောင်စု၏ နယ်နိမိတ်အတွင်းနှင့် ဂူအမ်၌ရှိသည်။ ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေ (TRA) အရ အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားမဝင် ဆက်ဆံရေးအတွက် ဥပဒေရေးရာ အကာအကွယ်ပေးခဲ့ပြီး ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည် မလျော့ပါးစေရန်အတွက် အမေရိကန်၏ ကတိကဝတ်ကို အဓွန့်ရှည်စေခဲ့သည်။

နိုင်ငံအချင်းချင်း အသိအမှတ် မပြုသည့်တိုင် အမေရိကန်ပြည်ထောင်စုသည် တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှု ကိုယ်စားလှယ်ရုံး (TECRO) မှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် သံခင်းတမန်ခင်းကို ထိန်းသိမ်းထားခဲ့ပြီး ၀ါရှင်တန်ရှိ TECRO ၏ အကြီးအကဲမှာ စတန် လေကောက် ဖြစ်သည်။ AIT ၏ ရုံးချုပ်မှာ ကိုလံဘီယာဒေသ အက်ဥပဒေနှင့်အညီ အမေရိကန်မြေ ပေါ်၌ တည်ရှိနေပြီး တရားဝင် မဟုတ်သော်ငြား ဆက်သွယ်ဆက်ဆံရေးဆောင်ရွက်နိုင်သော ရုံးများကို တိုင်ပေနှင့် ကောက်ရှီအွန်တွင် ဖွင့်လှစ်ထားသည်။ AIT ဥက္ကဋ္ဌမှာ ရေမွန်ဘာ့ဂ်ဟာ့ဖြစ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်၌ AIT တိုင်ပေရုံး ဒါရိုက်တာအဖြစ် ခရစ္စတိုဖာဂျေမာရွတ်ကို ခန့်အပ်ခဲ့သည်။

နီကာရာဂွာရှိ ကွန်ထရာများကို သမ္မတ ရော်နယ်ရေဂင်၏ တစ်ဘက်လှည့်ပံ့ပိုးမှုအတွက် ထိုင်ဝမ်က ကူညီခဲ့သည်။

ရေဂင်က ထိုင်ဝမ်၏တိုက်ချင်း ပစ်ဒုံးကျည် စီမံချက် Sky Horse ကို လက်လျှော့ရန် ဖိအားပေးခဲ့သည်။

၁၉၈၇ ခုနှစ် လီယူ အစုလိုက် အပြုံလိုက် သေဆုံးမှု ပေါ်ပေါက်ပြီးနောက် ထိုင်ဝမ်၏ လျှို့ဝှက်နျူကလီးယား အစီအစဉ် ပေါ်ထွက်လာခဲ့သည်။

စီအိုင်အေအတွက် လျှို့ဝှက်ဆောင်ရွက်ပေးနေသော နျူကလီးယား သုတေသန၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ချန်စိန်ယီသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလအတွင်း အမှုတွဲများကိုင်ကာ အမေရိကန်သို့ ဘက်ပြောင်းသွားခဲ့သည်။ စီအိုင်အေ၏ ဝင်ရောက်ကိုင်တွယ် ဖျောင်းဖျမှုကြောင့် ထိုင်ဝမ်သားများက သူတို့၏ နျူကလီးယားရည်မှန်းချက်ကို လက်လျှော့ခဲ့ပြီး အပြန်အလှန်အားဖြင့် ထိုင်ဝမ်၏ လုံခြုံရေးအတွက် အမေရိကန်က အာမခံချက် ပေးခဲ့သည်။ ထိုသို့ နျူကလီးယား လက်နက်အစီအစဉ် နိဂုံးချုပ်ချိန်မှ အစပြု၍ ထိုင်ဝမ်နှင့် အမေရိကန်၏ ဆက်ဆံရေးမှာ “နျူကလီးယားဝှက်ဖဲ” အပေါ် အပြန်အလှန် ကစားကွက်ဖော်ခြင်းဟု ဆိုနိုင်သည်။

* ဒီမိုကရက်တိုင်ဇေးရှင်း ခေတ်လွန်ကာလ

၁၉၉၇ ခုနှစ်တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နျုဂင်ဂရစ်ချ်သည် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး သမ္မတ လီတန်ဟွေနှင့် တွေ့ဆုံခဲ့သည်။

၂၀၀၂ ခုနှစ် ဇူလိုင်လတွင် တရားရေးဝန်ကြီး ချန်တေးနန်သည် ၁၉၇၉ ခုနှစ်မှစ၍ အိမ်ဖြူတော်သို့ ဖိတ်ကြားခံရသည့် ပထမဆုံး ထိုင်ဝမ် အစိုးရအရာရှိ ဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ် ထိုင်ဝမ်မူဝါဒ အက်ဥပဒေအား အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီတွင် အမေရိကန်ကွန်ဂရက်က အတည်ပြုပြဌာန်းခဲ့ပြီး အမေရိကန်-တိုင်ပေ ဆက်ဆံရေးအခြေအနေများကို မွမ်းမံပြင်ဆင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကင်မွိုင်းကို AIT ၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။

ထိုင်ဝမ်နှင့် အမေရိကန်သည် ကူးသန်းရောင်းဝယ်မှု ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ၁၉၇၉ ခုနှစ်မှစ၍ တိုးချဲ့လာခဲ့သည်။ ထိုင်ဝမ်သည် ပို့ကုန်-သွင်းကုန်ဘဏ်၏ ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရပ်ခြား ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း၏ အာမခံချက်များ၊ ပုံမှန်ကုန်သွယ်မှုဆက်ဆံရေး (NTR) အဆင့်အတန်းနှင့် အမေရိကန်စျေးကွက်များသို့ ဝင်ရောက်ရန် အသင့်ရှိနေသည်။ မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်နှင့် AIT စီးပွားရေးဆက်ဆံမှုများသည် အမေရိကန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် စျေးကွက်ချဲ့ထွင်ရန် အာရုံစိုက်ခဲ့သည်။ AIT သည် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် အမေရိကန် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် စျေးကွက်ဝင်ရောက်ခွင့်ကို အဓိကထားသည့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် အိုဘားမားအစိုးရသည် ထိုင်ဝမ်တပ်မတော်အား ဒေါ်လာ ၁.၈၃ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် အမေရိကန် အောက်လွှတ်တော်က ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေနှင့် Oliver Hazard Perry အတန်းအစား ဖရီးဂိတ်သင်္ဘောများကို ထိုင်ဝမ်သို့ ရောင်းချရေးကို ခွင့်ပြုသည့် ၂၀၁၄ ခုနှစ် ရေတပ်သင်္ဘော လွှဲပြောင်းရေး အက်ဥပဒေတို့အား အတည်ပြုခဲ့သည်။ ယင်းတွင် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အကြား ရပ်ဆိုင်းထားသော အမေရိကန်ရေတပ် ဖရီးဂိတ်သင်္ဘောနှစ်စင်း၊ တင့်ကားဖျက်ဒုံးကျည်များ၊ တိုက်ခိုက်ရေး ကုန်းရေနှစ်သွယ်သုံးယာဉ်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြစ်သည့် FIM-92 Stinger များ ရောင်းချခြင်းတို့ ပါဝင်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ရောင်းချမှုများအပေါ် ၎င်းတို့ သဘောမတူကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်ဟု ပြင်းထန်သော သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရှိ AIT အတွက် ဒေါ်လာ သန်း ၂၅၀ တန် ခြံဝင်းအသစ်ကို အမေရိကန်၏ အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့ရာ တရုတ်အာဏာပိုင်များက ယင်းလုပ်ရပ်သည် တရုတ်တစ်ပြည်ထောင်တည်းမူဝါဒကို ချိုးဖောက်သည်ဟု ယူဆပြီး ထိုင်ဝမ်နှင့် မည်သည့်ဆက်ဆံရေးကိုမဆို ရပ်တန့်ရန် အမေရိကန်ကို တောင်းဆိုခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်သည် ထိုင်ဝမ် လေတပ်ကို ဆက်လက်ထိန်းထားရန် ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိ လေယာဉ်အပိုပစ္စည်းနှင့် အခြားပစ္စည်းများကို ရောင်းချရန် အတည်ပြုခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် M1A2T Abrams တင့်ကားများ၊ Stinger ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်ဝမ်သို့ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံဖြင့် ရောင်းချရန် အတည်ပြုခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ဝမ်အတွက် ဖြစ်နိုင်ခြေရှိသော နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ရောင်းချမှုအဖြစ် ဒေါ်လာ သန်း ၁၈၀ ခန့်မှန်းတန်ဖိုးရှိမည့် 18 MK-48 Mod 6 Advanced Technology Heavy Weight တော်ပီဒိုများ ရောင်းချရန် သဘောတူညီချက်ကို အတည်ပြုခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၉ ရက်တွင် အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဆိုင်ရာဝန်ကြီး အဲလက်စ်အေဇာသည် သမ္မတ ချိုင်အင်ဝမ်နှင့် တွေ့ဆုံရန် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး ၁၉၇၉ ခုနှစ် ၀ါရှင်တန်နှင့် တိုင်ပေအကြား သံတမန်ဆက်ဆံရေး ပျက်ပြားပြီးနောက်ပိုင်း ထိုင်ဝမ်သို့ သွားရောက်သည့် ပထမဆုံး အမေရိကန်အရာရှိ ဖြစ်လာသည်။၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဝန်ကြီး ကိတ်ဂျေခရက်ခ်ျသည် ထိုင်ဝမ်သမ္မတဟောင်း လီတန်ဟွေအတွက် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကယ်လီခရက်ဖ်သည် နယူးယောက်မြို့ရှိ တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှုရုံး ညွှန်ကြားရေးမှူးချုပ် ဂျိမ်းကေဂျေလီနှင့် နယူးယောက်စီးတီး၌ နေ့လယ်စာ စားရန် တွေ့ဆုံခဲ့သည်။ လီသည် ဇူလိုင်လအထိ တိုင်ပေ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းဝန်ချုပ်အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးတစ်ဦးအနေဖြင့် ထိုင်ဝမ်ထိပ်တန်းအရာရှိတစ်ဦးနှင့် ပထမဆုံး တွေ့ဆုံမှုဖြစ်ခဲ့သည်။ ခရက်ဖ်က သူနှင့် လီတို့သည် ထိုင်ဝမ်အနေဖြင့် ကုလသမဂ္ဂ၌ ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အမေရိကန်က ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံတွင် အလွန်ကူးစက်လွယ်သော COVID-19 ဗိုင်းရပ်စ်အသစ်၏ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းအန္တရာယ်အကြောင်း အသိအမှတ်ပြုခြင်းနှင့် သတိပေးခြင်း ပြုလုပ်ထားသည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ထိုင်ဝမ်မှပေးပို့သော အီးမေးလ်ကို WHO က လျစ်လျူရှုခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၌ အမေရိကန်နှင့် ထိုင်ဝမ်အကြား ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့သည်။ ယင်းတွင် ဆက်စပ်ရေဒါများ၊ လမ်းပေါ်ရွေ့လျား ပစ်ခတ်နိုင်သော လောင်ချာများနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ အပါအဝင် Harpoon သင်္ဘောဖျက် ခရုစ်ဒုံးကျည် ၄၀၀ ကို ထိုင်ဝမ်သို့ ဖြစ်နိုင်ဖွယ် ရောင်းချမှု ပါဝင်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ်သည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်လီခရက်ဖ်နှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံခဲ့သည်။ ခရက်ဖ်က “ထိုင်ဝမ်အနေနဲ့ COVID-19 ကို တိုက်ဖျက်ရာမှာ အောင်မြင်မှုနဲ့ ကျန်းမာရေး၊ နည်းပညာနဲ့ နောက်ဆုံးပေါ် သိပ္ပံနယ်ပယ်တွေမှာ ထိုင်ဝမ်ရဲ့ ပေးစွမ်းသမျှတွေက သက်သေပြခဲ့သလို ကမ္ဘာအတွက် စံပြဖြစ်တဲ့ နည်းလမ်းများစွာကို ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်နဲ့အတူ အမြဲတမ်း ရပ်တည်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လိကျင်းက ပေကျင်းမြို့တွင် ပြောကြားရာ၌ “အမေရိကန် နိုင်ငံရေးသမားတချို့အနေနဲ့ သူတို့ရဲ့ မှားယွင်းတဲ့ စကားတွေနဲ့ လုပ်ရပ်တွေအတွက် တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်”ဟု ဆိုသည်။ ထိုလနှောင်းပိုင်း သူ၏ ရာထူးသက်တမ်းနောက်ဆုံးနေ့၌ ခရက်ဖ်က ထိုင်ဝမ်ကို “ကမ္ဘာ့စင်မြင့်မှာကောင်းမှုအတွက် အင်အားတစ်ရပ် - တက်ကြွတဲ့ ဒီမိုကရေစီ၊ ရက်ရောတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူ၊ ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းမှာ တာဝန်သိစွာ ပါဝင်သူ၊ လူ့အခွင့်အရေးကို ထက်သန်စွာ မြှင့်တင်သူနဲ့ ကာကွယ်ပေးသူ”ဟု ရည်ညွှန်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် တမ်မီ ဒက်ဝို့သ်၊ ဒန်ဆူလီဗန် (အမေရိကန် အထက်လွှတ်တော်အမတ်များ) နှင့် ခရစ္စတိုဖာကွန်းတို့ ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ ခေတ္တသွားရောက်ခဲ့ပြီး သမ္မတ ချိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် C-17 စစ်ဘက်သုံး ကုန်တင်လေယာဉ်ကို အသုံးပြုခဲ့သောကြောင့် တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် အစိုးရ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာဆိုင်ရာ ယာယီလမ်းညွှန်ချက်တွင် အမေရိကန်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေး ခိုင်မာမှုအား ဘိုင်ဒင်အစိုးရက  ပြန်လည် အတည်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် မတ် ၈ ရက်တွင် ဘိုင်ဒင်အစိုးရက သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါအဆိုပြုချက်ကို ပြောကြားခဲ့သည်။ ယင်းမှာ “အင်ဒို-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့ မျှဝေခံစားတဲ့ ကြွယ်ဝမှု၊ လုံခြုံမှုနဲ့ စံတန်ဖိုးတွေကို မြှင့်တင်ဖို့ရာ မိတ်ဆွေတွေ၊ မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားပါမယ်။ ဘုံသဘောတူညီမှု သုံးရပ်၊ ထိုင်ဝမ်ဆက်ဆံရေးအက် ဥပဒေနဲ့ အာမခံမှုခြောက်ချက်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော် တို့ရဲ့ ရေရှည်ကတိကဝတ်တွေကို ကျွန်တော်တို့ ထိန်းသိမ်းသွားမှာပါ။ ဒါ့အပြင် လုံလောက်တဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားရေးမှာ ထိုင်ဝမ်ကို ကျွန်တော်တို့ ဆက်ပြီး ကူညီသွားပါမယ်”ဟူ၍ ဖြစ်သည်။

၂၀၂၂ ခုနှစ် မေလ ၂၃ ရက်တွင် သမ္မတ ဘိုင်ဒင်သည် ၎င်း၏ အာရှခရီးစဉ်အတွင်း တရုတ်၏ ကျူးကျော်မှုဖြစ်လာပါက ထိုင်ဝမ်အား အမေရိကန်စစ်တပ်နှင့်အတူ ခုခံကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။ မေလကုန်တွင် အီလီနွိုက် အထက်လွှတ်တော်အမတ် တမ်မီဒက်ဝို့သ်သည် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။

၂၀၂၂ ခုနှစ် မေလနှောင်းပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဌာနသည် မေလအစောပိုင်းက ဖယ်ရှားခဲ့သည့် အမေရိကန်-တိုင်ပေ ဆက်ဆံရေးဆိုင်ရာ အချက်အလက် စာရွက်မှ စာကြောင်းတစ်ကြောင်းကို ပြန်လည်ထည့်သွင်းအတည်ပြုခဲ့သည်။ ယင်းစာကြောင်းမှာ “ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံခြင်း မရှိပါ”ဟူ၍ ဖြစ်သည်။ သို့သော် အမေရိကန်-တိုင်ပေ ဆက်ဆံရေးဆိုင်ရာ အချက်အလက်စာရွက်မှနေ၍ အစောပိုင်းက ဖယ်ရှားခဲ့သည့်  အခြား စာကြောင်းတစ်ကြောင်းကိုမူ ပြန်လည်ထည့်သွင်းခြင်း မပြုပေ။ ယင်းမှာ “ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြောင်း” ရေးသားထားခြင်းဖြစ်သည်။ “ထိုင်ဝမ်၏ လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် သာယာဝပြောမှုကို လျော့ပါးစေရန် တရုတ်၏အားထုတ်မှုမှန်သမျှကို ခုခံတွန်းလှန်ရေးအတွက် အမေရိကန်အနေဖြင့် မိမိ၏ စွမ်းဆောင်ရည်ကို ထိုင်ဝမ် ဆက်ဆံရေးဥပဒေ နှင့် ကိုက်ညီသော ပုံစံဖြင့် ဆက်လက်ထိန်းသိမ်းရလိမ့်မည်”ဟူသော စာကြောင်းတစ်ကြောင်းကိုလည်း မွမ်းမံထားသော အချက်အလက်စာရွက်တွင် အသစ်ထည့်သွင်းခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အထက်လွှတ်တော်အမတ် ရစ်စကော့သည် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ ထိုင်ဝမ်သို့ သွားရောက်ခဲ့ရာ တရုတ်၏ စစ်ရေးနှင့် စီးပွားရေးအရ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သြဂုတ်လနှောင်းပိုင်းတွင် မက်ဆာချူးဆက် အထက်လွှတ်တော်အမတ် အက်ဒ်မာကီး ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။ အင်ဒီယားနား ပြည်နယ်အုပ်ချုပ်ရေးမှူး အဲရစ်ဟော့ကွန်း (၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံး သွားရောက်သည့် အင်ဒီယားနား အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သူ) ထိုင်ဝမ်သို့ သွားရောက်ခဲ့ခြင်းလည်း ဖြစ်ခဲ့သည်။ သြဂုတ်လကုန်တွင် တင်နက်ဆီ အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်း ထိုင်ဝမ်သို့သွားရောက်ခဲ့သည်။ သြဂုတ်လကုန်နှင့် စက်တင်ဘာလအစတွင် အရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှူး ဒူအက်ဒူဆေးသည်လည်း ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ထိုင်ဝမ်အရေး တင်းမာမှုများ

ထိုင်ဝမ်အပေါ် တရုတ်၏ သံတမန်ရေးနှင့်စစ်ရေးအရ ဖိအားပေးမှုသည် ဒီမိုကရေစီနိုင်ငံအားလုံးအပေါ် ခြိမ်းခြောက်မှုဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်ကျွန်း၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အကူအညီပေးရန် ကတိကဝတ်ပြုကြောင်း တရားဝင် သံတမန်ဆက်ဆံရေး မဟုတ်သည့် ထိုင်ဝမ်နှင့် ဆက်ဆံရေးကို တာဝန်ယူကိုင်တွယ်နေသော ထိုင်ဝမ်ဆိုင်ရာ AIT ၏ ဒါရိုက်တာဖြစ်သူ ဆန်ဒရာအောက်ဒ်ကာ့ခ်က မတ်လ ၃၀ ရက်တွင် ထိုင်ဝမ်ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း၌ ပြောကြားခဲ့သည်။

ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်အပြီး မကြာမီအချိန်အတွင်းမှာပင် နိုင်ငံရေးအရ ထိလွယ်ရှလွယ်ရှိသည့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့သည့် အမေရိကန်စစ်သင်္ဘောတစ်စင်းကို သတိပေးခဲ့ပြီး စောင့်ကြည့်စစ်ဆေးခဲ့သည်ဟု တရုတ်စစ်တပ်က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ပဲ့ထိန်းဒုံးကျည်စနစ် တပ်ဆင်ထားသည့် USS Port Royal ခရူဇာစစ်သင်္ဘောကြီးသည် နိုင်ငံတကာဥပဒေနှင့်အညီ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး နိုင်ငံတကာရေပိုင်နက်တွင် လုပ်ရိုးလုပ်စဉ်အတိုင်း မောင်းနှင်ခဲ့သည်ဟု အမေရိကန်ရေတပ်၏ အမှတ် ၇ စစ်သင်္ဘောအုပ်စုက မေ ၁၀ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ခဲ့မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်အား စစ်ရေးအရ အကာအကွယ်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်သည် အန္တရာယ်ကို အန်တုနေသည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေးကြေညာမည်ဆိုပါက တရုတ်အနေနှင့် စစ်ပွဲစတင်ရန် ဝန်လေးမည်မဟုတ်ဟု တရုတ်ကာကွယ်ရေးဝန်ကြီး ဝှေ့ဖန်ကော်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို ဇွန် ၁၀ ရက်က သတိပေးခဲ့သည်။ ဝှေ့သည် စင်ကာပူတွင် ရှန်ဂရီလာ ဆွေးနွေးပွဲဟု အမည်ပေးထားသည့် လုံခြုံရေးညီလာခံတွင် အော်စတင်နှင့် သီးသန့်တွေ့ဆုံသည့် မျက်နှာချင်းဆိုင် အစည်းအဝေးတွင် ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ပူးတွဲစစ်ဆင်ရေးတစ်ရပ်အတွက် အစီအစဉ်မူကြမ်းကို အမေရိကန်နှင့် ဂျပန်တပ်ဖွဲ့များက ရေးဆွဲခဲ့ပြီး ဖြစ်သည်ဟု ကျိုဒိုသတင်းအေဂျင်စီက အမည်မဖော်ပြထားသည့် အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဂျပန်တို့၏ အစီအစဉ်အရ ထိုင်ဝမ်အရေးပေါ်အခြေအနေ ပထမအဆင့်တွင် အမေရိကန် မရိန်းတပ်ဖွဲ့သည် ဂျပန်၏ အဓိကကျသည့် ကျွန်းလေးကျွန်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျူရှူးကျွန်းပေါ်မှ ထိုင်ဝမ်သို့ ဆက်သွယ်နိုင်မည့် နန်ဆိုင်းကျွန်းပေါ်တွင် ယာယီစစ်စခန်းများဖြင့် တပ်စွဲထားမည်ဖြစ်ပြီး စစ်သားများ ဖြန့်ကြက်ချထားမည်ဖြစ်သည်ဟု ကျိုဒိုသတင်းတွင် ဖော်ပြခဲ့သည်။ ဂျပန်လက်နက်ကိုင်တပ်ဖွဲ့များက ယင်းနေရာဒေသများတွင် လက်နက်ခဲယမ်းနှင့် လောင်စာအထောက်အပံ့များကဲ့သို့ ထောက်ပို့ကဏ္ဍအတွက် ကူညီပေးရမည်ဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်အနီးဝန်းကျင်တွင် တရုတ်၏ လုပ်ဆောင်မှုများသည် အန္တရာယ်များကို မြင့်တက်စေသည်ဟု အမေရိကန် လေတပ်၏ အကြီးအကဲ ဖရန့် ကန်ဒဲလ်က သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်၏ အပြုအမူများသည် ယခင်က တည်ဆောက်ခဲ့သည့် သတ်မှတ်ချက်များအတိုင်း ပြန်ဖြစ်စေရန် မျှော်လင့်သည်ဟု ဆိုသည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် လေကြောင်းနှင့် ရေကြောင်း ဖြတ်သန်းသွားလာခွင့်များ ရှိသည်ဟု အမေရိကန်က အခိုင်အမာပြောကြားနေချိန်တွင် တရုတ်၏ ရန်စသည့် အပြုအမူကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်နှင့် ကုန်သွယ်ရေးကို တိုးမြှင့်သွားမည်ဟု အိမ်ဖြူတော်က သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် လာမည့်သီတင်းပတ်များအတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာလိမ့်မည်ဟု အိမ်ဖြူတော်၏ အာရှ-ပစိဖိတ်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိနှင့် သမ္မတဂျိုးဘိုင်ဒင်၏ အကြံပေးပုဂ္ဂိုလ် ကတ်ကမ့်ဘဲလ်က ပြောကြားခဲ့ချိန်တွင် ကုန်သွယ်ရေးအစီအစဉ်သစ်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားသွားမည်ဟု ဆိုသည်။

အမေရိကန်၏မူဝါဒပြောင်းလဲခြင်းမရှိဟု အိမ်ဖြူတော်က ပြောဆိုထားစဉ် အမေရိကန်အနေဖြင့် ထိုင်ဝမ်အား တရုတ်၏ ကျူးကျော်မှုမှ ကာကွယ်ပေးမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ CBS ရုပ်သံ၏ ၆၀ Minutes အစီအစဉ်၌ အမေရိကန်တပ်ဖွဲ့ဝင်များက ထိုင်ဝမ်ကို အကာအကွယ်ပေးခြင်းပြု မပြု မေးမြန်းရာတွင် သမ္မတဘိုင်ဒင်က ကာကွယ်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ပြီး မကြုံဖူးလောက်သည့် တိုက်ခိုက်မှု ရှိလာမည်ဆိုပါက ထိုင်ဝမ်ကို အကာအကွယ် ပေးသွားမည်ဟု ၎င်းက ဆိုသည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်အား တရုတ်၏ ကျူးကျော်မှုရန်မှ ကာကွယ်ပေးမည်ဟူသော သမ္မတ ဂျိုးဘိုင်ဒင်၏ မှတ်ချက်စကားသည် ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ အမေရိကန်၏ မူဝါဒကို အကြီးအကျယ် ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၁၉ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

ထိုင်ဝမ်အနေဖြင့် တရုတ်၏ ကျူးကျော်မှုမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးသွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ သို့ရာတွင် သမ္မတဂျိုးဘိုင်ဒင် ကတိပြုထားသကဲ့သို့ ထိုင်ဝမ်ကျွန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဟု ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

စက်တင်ဘာ ၂၆ ရက်က ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကီရှီဒါနှင့် တိုကျိုမြို့၌ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို အမေရိကန်ဒုတိယသမ္မတ ကာမလာ ဟဲရစ်စ်က ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားဒေသတွင် တရုတ်၏လုပ်ရပ်များအပေါ် ၎င်းတို့နှစ်ဦးက ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ယခင်က စဉ်းစားခဲ့သည့်အချိန်ထက် ပိုမိုဆောလျင်စွာ သိမ်းယူလိုနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ကို ယခင်ကထက် ပိုမိုရန်လိုသည့် ရပ်တည်ချက်ဖြင့် ဦးဆောင်နေသည်ဟု သတိပေးခဲ့သည်။ ဘလင်ကန်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစောဆုံးအနေဖြင့် ယခုနှစ်ထဲတွင် ထိုင်ဝမ်ကျူးကျော်ခံရဖွယ်ရှိခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်စစ်တပ်အနေဖြင့် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်၏ အဆင့်မြင့် ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် သတိပေးပြောဆိုခဲ့ပြီး ယင်းသည် ထိုင်ဝမ်ကျွန်း အပေါ်၌ထားရှိသည့် တရုတ်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ တိုးမြှင့်သတိပေးလိုက်သည့် လက္ခဏာလည်းဖြစ်သည်။

ထိုင်ဝမ်အား ဒေါ်လာ ၁၀ ဘီလျံ အထိ စစ်ရေးအကူအညီပေးမည့် အမေရိကန်၏ စစ်ဘက်မူဝါဒဆိုင်ရာ ဥပဒေကြမ်း

ဒေါ်လာ ၁၀ ဘီလျံအထိ ရှိနိုင်သည့် လုံခြုံရေးအကူအညီများကို ခွင့်ပြုရေးနှင့် ထိုင်ဝမ်အနေဖြင့် စစ်လက်နက်ပစ္စည်းများ မြန်မြန်ဆန်ဆန် လွှဲပြောင်းရရှိရေးအပါအဝင် အကြီးစား စစ်ဘက်မူဝါဒဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် ကွန်ဂရက်က မဲခွဲအတည်ပြုမှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုင်ဝမ်အပေါ် တရုတ်က ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် အမေရိကန်ကွန်ဂရက်က အဆိုပါဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

နှစ်ပတ်လည် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ၏ ပြန်လည်ပြင်ဆင်ညှိနှိုင်းထားသည့် ဥပဒေကြမ်းတွင် ထိုင်ဝမ်အပေါ် တရုတ်က ရန်စမှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာပါက ဒဏ်ခတ် အရေးယူမှုများ ချမှတ်ရေး သို့တည်းမဟုတ် ထိုင်ဝမ်အား နေတိုးအဖွဲ့ဝင်မဟုတ်သည့် အဓိကမဟာမိတ်အဖြစ် သတ်မှတ်ရန် အဆိုပြုချက် အပါအဝင် ယခုနှစ်အစောပိုင်းတွင် ဥပဒေပြုအမတ်များ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် အငြင်းပွားဖွယ် ပြဋ္ဌာန်းချက်အချို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ များဆိုင်ရာကော်မတီသည် ဒီဇင်ဘာ ၆ ရက်နှောင်းပိုင်းက NDAA ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ဒေါ်လာ ၈၅၈ ဘီလျံ အသုံးပြုမည့် စစ်ဘက်မူဝါဒဆိုင်ရာ ဥပဒေကြမ်းကို  ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးနောက် ယခုလထဲတွင် ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းဖွယ်ရှိသည်။

NDAA တွင် ပါဝင်သည့် Taiwan Enhanced Resilience အက်ဥပဒေအရ ထိုင်ဝမ်အတွက် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ထောက်ခံမည်ဆိုပါက ထိုင်ဝမ်အတွက် စစ်ရေးအကူအညီအဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ထောက်ပံ့ပေးရေးအတွက် လျာထားချက်များ ပါဝင်သည်ဟု သိရသည်။

တောင်တရုတ်ပင်လယ်၌ အမေရိကန်နှင့် တရုတ်၏ မဟာဗျူဟာ အားပြိုင်မှု

ကမ္ဘာ့နိုင်ငံရေး၌ အဓိက နိုင်ငံများ၏ လုံခြုံရေးအကျိုးစီးပွားနှင့် လုပ်ဆောင်ချက်များ ၀ိရောဓိဖြစ်လာစဉ် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေးအခြေအနေသည် အန္တရာယ်ရှိသော အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်နှင့် ယင်းကို ကျော်လွန်၍ အင်အားချဲ့ထွင်နိုင်စွမ်းကို လျင်လျင်မြန်မြန် တိုးမြှင့်လျက်ရှိသည်။ တစ်ချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုသည်လည်း မျိုးဆက်တစ်ခုအတွင်း ၎င်းဒေသ၌ အင်အားချဲ့ထွင်မှုကို အသိသာဆုံး လုပ်ဆောင်လာသည့် နှစ်တစ်နှစ်ထဲသို့ ချင်းနင်းဝင်ရောက်လာခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ဆက်လက်အားပြိုင်နေမှုနှင့် တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တရုတ်၏ ပြောကြားချက်များကို စိန်ခေါ်သည့် အမေရိကန်၏ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရပ်တည်ချက်တို့ကြောင့် ပိုမိုရှုပ်ထွေးလာစဉ် ကိစ္စရပ်အများအပြားတွင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းသည် အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှုဖြစ်သည်။ ထို့ပြင် သယံဇာတ အရင်းအမြစ်များအတွက် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့ ကြားတွင်လည်း အားပြိုင်မှုများရှိနေသည်။

အထူးသဖြင့် ၎င်းတို့၏မဟာဗျူဟာ လမ်းကြောင်းချင်း တူညီနေသည့် တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်း၌ သြဇာလွှမ်းမိုးနိုင်ရေးအတွက် အမေရိကန်နှင့် တရုတ်၏အားပြိုင်မှုသည် နိုင်ငံရေးဝန်းကျင် တစ်ခုလုံးအပေါ် ရိုက်ခတ်လျက်ရှိသည်။ တရုတ်သည် တစ်စုံတစ်ခုသော ပဋိပက္ခ ဖြစ်လာခဲ့သော် ၎င်း၏ အနီးဝန်းကျင်ရှိ ပင်လယ်ပြင်များကို ထိန်းချုပ်ကာ အမေရိကန် ဝင်မလာနိုင်အောင် ဟန့်တားရေး မဟာဗျူဟာကို ကျင့်သုံးလျက်ရှိသည်။

အမေရိကန်ကမူ တရုတ်၏ ကွပ်ကဲထိန်းချုပ်မှု၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ထောက်လှမ်းစောင့်ကြည့် ကင်းထောက်မှုစနစ် (ISR) တို့အား ဟန့်တားနိုင်စွမ်းကို တည်ဆောက်ကာ တုံ့ပြန်နေသည်။ သို့ဖြစ်ရာ ISR သည် နှစ်နိုင်ငံစလုံးအတွက် အဓိက ဦးစားပေးဖြစ်နေကာ တရုတ်၏ အနီးနားတစ်ဝိုက်ရှိ ပင်လယ်ပြင်များ၏ ရေပေါ်ရေအောက်တို့တွင် ယင်းနှင့်ပတ်သက်၍ တစ်ဦးကိုတစ်ဦး အသာစီးယူနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည်။

တရုတ်အတွက် တောင်တရုတ်ပင်လယ်၏ အရေးပါသော အဓိက အကြောင်းရင်းမှာ ဟိုင်နန်ပြည်နယ်၊ ယွီလင်မြို့တွင် အခြေစိုက်သည့် တန်ပြန်တိုက်ခိုက်ရေး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဖြန့်ကြက်ချထားရန် အတော်အတန် လုံခြုံမှုပေးစွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ အမေရိကန်ကမူ တရုတ်ကို ထိုအခွင့်အရေးမရအောင် တားဆီးရန်အတွက် ရေငုပ်သင်္ဘောများကို ခြေရာခံထောက်လှမ်းရန်နှင့် လိုအပ်လာလျှင် ပစ်မှတ်ထားတိုက်ခိုက်ရန် ၎င်း၏ ISR လုပ်ဆောင်မှုများကို အသုံးချနေသည်။

ယင်းသည် အမေရိကန်၏ ISR လုပ်ငန်းစဉ်များ နောက်ကွယ်မှ မဟာဗျူဟာရှုထောင့်အရ တွက်ဆမှုဖြစ်ပြီး တရုတ်ကလည်း အမေရိကန်၏ ISR လုပ်ဆောင်မှုများကို တတ်နိုင်သမျှ ၎င်းတို့၏ စစ်ဘက်အသုံးအဆောင်များ အနီးသို့ ရောက်မလာအောင် ထိန်းထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မိတ်ဖက်နိုင်ငံများတွင် အမေရိကန်က စစ်လက်နက်ပစ္စည်း ဖြန့်ကြက်ထားရှိမှုများ တိုးမြှင့်လာဖွယ်ရှိရာ ယင်းနိုင်ငံများကို ပဋိပက္ခထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲသွင်းသကဲ့သို့ ဖြစ်လာပေလိမ့်မည်။ ၎င်းတို့အနက် အဓိက ပါဝင်ပတ်သက်နေသည့် နိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်သည်။ ဖိလစ်ပိုင်အစိုးရအနေဖြင့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ ရန်လိုသည့် လုပ်ရပ်များကို တုံ့ပြန်ရာတွင် အမေရိကန်၏ ကျောထောက်နောက်ခံပေးမှုကို အလိုရှိနေသည်။

သို့ရာတွင် အပြန်အလှန် အကာအကွယ်ပေးရေးအတွက် အမေရိကန်-ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ဖိလစ်ပိုင်တွင် ၎င်း၏ စစ်လက်နက် ပစ္စည်းများကို ထားရှိရန် အမေရိကန်က ဆန္ဒရှိနေပြီး လက်ရှိတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ယင်းနှင့်ပတ်သက်၍ စဉ်းစားသုံးသပ်လျက်ရှိသည်။  

Most Read

Most Recent