နိုင်ငံရေးပါတီတွေ အခက်တွေ့နိုင်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ် 

နိုင်ငံရေးပါတီတွေ အခက်တွေ့နိုင်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ် 
Published 29 January 2023

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး အရင်တည်ရှိနေတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂၀၁၀)” ကို ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက် ပြည်သူကိုကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ နစကဥက္ကဋ္ဌက ဇန်နဝါရီ ၂၄ ရက်က ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ရက်ပိုင်းအတွင်း ဒီဥပဒေသစ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာ အခန်းငါးခန်းနဲ့ ပုဒ်မ ၂၇ ခု ပါဝင်ပါတယ်။ နောက်ပြီး ဒီဥပဒေအသစ်မှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ မှတ်ပုံတင်မယ်ဆိုရင် ပြည့်စုံရမယ့်စံနှုန်းတွေကို တိုးမြှင့်သတ်မှတ်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေကြားမှာ ဝေဖန်မှုတွေက အနည်းငယ်ရှိလို့ နေပါတယ်။ 

အဓိကကတော့ အခန်း (၂) နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းမှာပါတဲ့ ပုဒ်မတွေနဲ့ပတ်သက်လို့ လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

နောက်တစ်ခုက လက်ရှိတည်ဆဲပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်မယ်လို့ ဥပဒေသစ်က ဆိုပါတယ်။ ဒါကြောင့် ဥပဒေအသစ်အရ လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်အနေနဲ့ ဆက်လက်ရပ်တည်ချင်တယ်ဆို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာပါ။ 

လက်ရှိမြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီပေါင်း ၉၀ ကျော်ရှိပါတယ်။ ဒီ ၉၀ ကျော်ထဲကမှ နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာတဲ့ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ ဒေသအလိုက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီ ရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ၇၄ ပါတီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၁၈ ပါတီ ရှိတယ်လို့လည်း UEC က ဆိုပါတယ်။ 

နစက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်မှာ နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတည်ထောင်ချင်ရင် အနည်းဆုံးလူ ၁၅ ဦးရှိရမှာဖြစ်ပြီး ပါတီဝင်တွေကို စည်းရုံးဖို့ UEC ကို တင်ပြရမှာ ဖြစ်ပါတယ်။ UEC က ခွင့်ပြုရင် ခေါင်းဆောင်တစ်ဦးနဲ့ ဒုတိယခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမှာပါ။ 

ပါတီတည်ထောင်လိုသူတွေရဲ့ အရည်အချင်းနဲ့ပတ်သက်လို့လည်း ပါတီတည်ထောင်သူဟာ ၂၅ နှစ်ပြည့်ရမယ်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရဘူး။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖစ်ရဘူး။ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူ မဟုတ်ရမယ့်အပြင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။ 

ဒီဥပဒေအသစ်မှာ လက်ရှိနိုင်ငံရေးပါတီတွေ အခက်တွေ့စေမယ့် ပုဒ်မက ၅ (စ) က စပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ  ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

ဥပဒေအဟောင်းနဲ့ အသစ်ကို ယှဉ်ကြည့်ရင် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့် ပါတီဝင်အင်အားက ၁၀ ဆ ကွာနေတာကို တွေ့ရမှာပါ။ နောက်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဖြစ်ပါက စည်းရုံးရမယ့်ပါတီဝင်အင်အားကို နှစ်ဆမြှင့်ထားပါတယ်။ ဒါကြောင့်လည်း ဒီအပေါ်မှာ လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေက ဝေဖန်ထောက်ပြနေကြတာ ဖြစ်ပါတယ်။ 

UEC ရဲ့ ထုတ်ပြန်မှုအရ လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပါတီဝင်အင်အား လူဦးရေတစ်သိန်းအထက် စည်းရုံးနိုင်တဲ့ပါတီက လေးပါတီပဲ ရှိပါတယ်။ နောက်ပြီး လူဦးရေ တစ်သောင်းအထက် စည်းရုံးနိုင်တဲ့ပါတီက လေးပါတီ၊ လူဦးရေ ငါးထောင်ကနေ တစ်သောင်းအတွင်း စည်းရုံးနိုင်တဲ့ပါတီက ခြောက်ပါတီ၊ လူဦးရေ တစ်ထောင်ကနေ ငါးထောင်အတွင်း စည်းရုံးနိုင်တဲ့ပါတီက ၇၀ နဲ့ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ အကြား စည်းရုံးနိုင်တဲ့ပါတီက ရှစ်ပါတီရှိပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမယ်ဆိုတဲ့နေရာမှာ ပါတီလေးပါတီကသာ စည်းရုံးနိုင်ခြေရှိတဲ့သဘောဖြစ်နေပါတယ်။ အဲဒီလေးပါတီထဲမှာ ပါတီကြီးတွေဖြစ်တဲ့ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ အစရှိတဲ့ ပါတီတွေပါဝင်နိုင်ပြီး ပါတီဝင်အင်အားများတဲ့ သူရဦးရွှေမန်း

ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဖျက်သိမ်းသွားပြီ ဖြစ်ပါတယ်။ 

လက်ရှိမှာ NLD ပါတီကလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော CEC တွေကလည်း ထောင်ကျနေတာဖြစ်တဲ့အတွက် ပါတီကို မှတ်ပုံပြန်တင်ဖို့ မဖြစ်နိုင်တာကြောင့် လောလောဆယ်မှာ ပြည်ခိုင်ဖြိုးပါတီ တစ်ပါတီတည်းကသာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်နိုင်မယ့် အခြေအနေဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်မှုတွေ ရှိနေပါတယ်။ 

နောက်ထပ် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကတော့ အသစ်ဖြစ်ပြီး ဥပဒေဟောင်းမှာ မပါပါဘူး။ ဒီပြဋ္ဌာန်းချက်အသစ်ကြောင့်လည်း ပိုက်ဆံချမ်းသာသူနဲ့ နိုင်ငံရေးသမား ပေါင်းပြီး ပါတီထောင်ရမယ့်သဘောမျိုးဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ 

နိုင်ငံရေးပါတီအလိုက် ပါတီရန်ပုံငွေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ UEC က ထုတ်ပြန်ရာမှာ သိန်းထောင်ဂဏန်းအထက်ရှိတဲ့ပါတီက ၂၁ ပါတီ၊ သိန်းရာဂဏန်းရှိတဲ့ ပါတီက ၃၀၊ သိန်းရာဂဏန်းအောက်ရှိတဲ့ပါတီက ၂၀၊ ရန်ပုံငွေလက်ကျန်မရှိတဲ့ပါတီက ၁၄ ပါတီနဲ့ ပိုင်ဆိုင်မှုအတည်ပြုဖို့ကျန်တဲ့ပါတီက ခုနစ်ပါတီ ရှိတယ်လို့ သိရပါတယ်။

ဒီစာရင်းအရ ရန်ပုံငွေအပိုင်းမှာတော့ ကျပ်သိန်း ၁၀၀၀ ငွေစာရင်းဖွင့်နိုင်မယ့်ပါတီ ၂၀ ကျော်ရှိနေပါတယ်။ ကျပ်သိန်း ၁၀၀ စာရင်းဖွင့်နိုင်မယ့်ပါတီက ၃၀ ရှိပြီး ပါတီ ၃၀ ကျော်ကတော့ မှတ်ပုံပြန်တင်နိုင်မယ့်အခြေအနေမှာ ရှိမနေပါဘူး။ 

ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာနဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ဖို့နဲ့  တိုင်းနဲ့ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကလည်း အရင်ဥပဒေဟောင်းမှာ ပါဝင်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး အသစ်ထည့်သွင်းပြဋ္ဌာန်းထားတာလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပါတယ်။ 

UEC က ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီအလိုက် ရုံးခန်းဖွင့်လှစ်နိုင်မှု အနေအထားမှာလည်း ရုံးခန်း ၁၀၀ နဲ့အထက် ဖွင့်လှစ်နိုင်တဲ့ပါတီ လေးပါတီပဲရှိပါတယ်။  ရုံးခန်း ၅၀ နဲ့ ၁၀၀ ကြား ဖွင့်လှစ်နိုင်တဲ့ ပါတီသုံးပါတီရှိပြီး ရုံးခန်း ၂၀ နဲ့ ၅၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၂ ပါတီရှိပါတယ်။ နောက်ပြီး ရုံးခန်း ၁၀ နဲ့ ၂၀ ကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၄ ပါတီ၊ ရုံးခန်းနှစ်ခန်းနဲ့ ၁၀ ခန်းကြား ဖွင့်လှစ်နိုင်တဲ့ပါတီ ၄၄ ပါတီနဲ့ ရုံးခန်းတစ်ခန်းသာ ဖွင့်လှစ်နိုင်တဲ့ပါတီ ၁၅ ပါတီရှိတယ်လို့ UEC က ဆိုထားပါတယ်။ 

ဒါကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်နိုင်မယ့်ပါတီက လေးပါတီသာ ရှိနေပါတယ်။ ဘာလို့ဆို တစ်ပြည်လုံးအတိုင်းအတာ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမှာဖြစ်တဲ့အတွက် မြို့နယ် ၁၆၀ ကျော်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အတွက် မြို့နယ် ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်ရမှာပါ။ တစ်မြို့နယ်ကို တစ်ခန်းနှုန်း ဖွင့်မယ်ဆိုရင်တောင် ၁၆၅ ခန်း ဖြစ်နေပါပြီ။ ဒါကြောင့် ရုံးခန်း ၁၀၀ နဲ့ အထက် ဖွင့်နိုင်တဲ့ပါတီက လေးပါတီသာရှိတယ်လို့ UEC စာရင်းတွေအရ ပြောရတာပါ။ 

ဒီနေရာမှာလည်း ပါတီကြီးတွေဖြစ်တဲ့ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ စတဲ့ ပါတီတွေကပဲ ရုံးခန်းဖွင့်နိုင်မယ့်အနေအထားပါပဲ။ ဒါပေမဲ့ NLD ပါတီက မှတ်ပုံတင်နိုင်မယ့် အခြေအနေမရှိတာကြောင့် ပြည်ခိုင်ဖြိုးတစ်ပါတီတည်းကပဲ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်နိုင်မယ့် အခြေအနေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

နောက်ထပ် UEC ထုတ်ပြန်မှုအရ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအလိုက် ကိုယ်စားလှယ်ဦးရေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုမှာတော့ ကိုယ်စားလှယ်ဦးရေ ၅၀၀ ကျော် ယှဉ်ပြိုင်နိုင်တဲ့ပါတီ သုံးပါတီ၊ ကိုယ်စားလှယ်ဦးရေ ၁၀၀ ကျော် ယှဉ်ပြိုင်နိုင်တဲ့ပါတီ ခုနစ်ပါတီ၊ ကိုယ်စားလှယ်ဦးရေ ၅၀ နဲ့ ၁၀၀ ကြား ယှဉ်ပြိုင်နိုင်တဲ့ပါတီ လေးပါတီ၊ ကိုယ်စားလှယ်ဦးရေ ၁၀ နဲ့ ၅၀ ယှဉ်ပြိုင်နိုင်တဲ့ပါတီ ၂၈ ပါတီနဲ့ ကိုယ်စားလှယ်ဦးရေ ၁၀ အောက်သာ ယှဉ်ပြိုင်နိုင်တဲ့ပါတီ ၄၅ ပါတီအထိ ရှိနေပါတယ်။  

လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ဒီလိုအခြေအနေတွေ ရှိနေလို့လည်း နစကက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မတွေကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက်အခဲရှိတယ်လို့ နိုင်ငံရေးပါတီအချို့က ပြောဆိုမှုတွေ ရှိနေပါတယ်။ 

ဒါပေမဲ့လည်း ဒီဥပဒေအသစ် ပြဋ္ဌာန်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖောင်းပွနေမှုကို တားဆီးနိုင်မှာဖြစ်ပြီး တစ်ဖက်ကကြည့်ပါကလည်း လူမျိုးစုပါတီငယ်တွေ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ 

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ နစကအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် ဘယ်နိုင်ငံရေးပါတီတွေက မှတ်ပုံပြန်တင်ပြီး ဆက်လက်ရပ်တည်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်သလို ဘယ်လူမျိုးစုပါတီငယ်တွေက ပျောက်ကွယ်သွားမလဲဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။     

Most Read

Most Recent