ယူကရိန်းနိုင်ငံမှ ပျောက်ကွယ်မသွားသေးသည့် အဂတိလိုက်စားမှုများ

ယူကရိန်းနိုင်ငံမှ ပျောက်ကွယ်မသွားသေးသည့် အဂတိလိုက်စားမှုများ
၂၀၂၀ ခုနှစ်၊ ဇွန် ၅ ရက်က ယူကရိန်းပါလီမန်အပြင်ဘက်တွင်  အဂတိလိုက်စားမှုသံသယများကြောင့် ပြည်ထဲရေးဝန်ကြီးနုတ်ထွက်ပေးရန်  တောင်းဆိုဆန္ဒပြနေကြစဉ်
၂၀၂၀ ခုနှစ်၊ ဇွန် ၅ ရက်က ယူကရိန်းပါလီမန်အပြင်ဘက်တွင်  အဂတိလိုက်စားမှုသံသယများကြောင့် ပြည်ထဲရေးဝန်ကြီးနုတ်ထွက်ပေးရန်  တောင်းဆိုဆန္ဒပြနေကြစဉ်
Published 28 January 2023
ခက်ဝေ

ယူကရိန်းနိုင်ငံတွင် ယခုလတ်တလောအတွင်း  အကြီးပိုင်းအာဏာပိုင်များကို ၎င်းတို့တာဝန်ယူထားသည့် ရာထူး၊ ဌာနများမှ နုတ်ပယ်သန့်စင်မှုများ ပြုလုပ်လာခြင်းသည် နိုင်ငံတွင်ဆယ်စုနှစ်များစွာတိုင် တိုက်ဖျက်နေရဆဲဖြစ်သည့် အကျင့်ပျက်ခြစားမှု ပြဿနာကို နိုင်ငံတကာက တစ်ဖန် အာရုံစိုက်လာစေခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယူကရိန်း သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီး ဦးဆောင်သည့် အစိုးရအဖွဲ့မှ အကြံပေးအရာရှိများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရရှေ့နေများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအပါအဝင် အရာရှိတစ်ဒါဇင်အထက်ကို အလုပ်တာဝန်မှ ဖယ်ရှားခိုင်းထားသည်။

“အရင်ကကြုံခဲ့သလိုမျိုး  ဗျူရိုကရက်အရာရှိတွေ မွေ့လျော်ခဲ့တဲ့ နေထိုင်မှုဘဝတွေဆီ ကျွန်ုပ်တို့ ဘယ်တော့မှပြန်မသွားဘူး” ဟု  အရေးယူမှုများ စတင်ပြုလုပ်ချိန် ဇန်နဝါရီ ၂၂ ရက်တွင် ဇယ်လန်းစကီးက မိန့်ခွန်းထဲ ထည့်ပြောခဲ့သည်။

အနောက်မဟာမိတ်နိုင်ငံများက ရုရှားနှင့်ရင်ဆိုင်နေရသည့် ယူကရိန်းအတွက် ငွေကြေးနှင့်စစ်ရေးအကူအညီ ဒေါ်လာဘီလျံ နှင့်ချီ ထောက်ပ့ံထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်ကမူ ယူကရိန်းတွင်လက်ရှိဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုအခြေအနေများတွင် အမေရိကန်၏ထောက်ပံ့မှုများကို အလွဲသုံး စားပြုလုပ်နေခြင်း မတွေ့ရသေးဘဲ ရည်ရွယ်ထားသည့်နေရာများသို့ အကူအညီများ အမှန်တကယ်ရောက်ရန် နှစ်နိုင်ငံ အာဏာပိုင်များ ကြိုးစားနေသည်ဟု ဆိုသည်။

ဇယ်လန်းစကီးက  လူထု၏ယုံကြည်မှုကို ပြန်ယူရန်အလျင်အမြန်ကြိုးစားနေသော်လည်း ယခုတစ်ကြိမ် အဂတိလိ်ုက်စားမှုများက နိုင်ငံစစ်ပွဲနှင့်ကြုံနေချိန် ချိန်ကိုက်ဖြစ်လာသည့်အတွက် ဆိုးရွားလှသည်။

ပွင့်လင်းမြင်သာမှုမရှိ

Ukrayinska Pravda ဆိုသည့် သတင်းဝက်ဘ်ဆိုက်မှ ဂျာနယ်လစ် မခိုင်လိုခက်ရှ်၏ ဖော်ထုတ်မှုကြောင့် အချို့သတင်းများထွက်ပေါ်လာရခြင်းဖြစ်ပြီး သမ္မတဇယ်လန်းစကီးရုံးမှ လက်ထောက်အကြီးအကဲတစ်ဦးနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှုကိုလည်း ၎င်းဂျာနယ်လစ်ကပင် ဖော်ထုတ်ခဲ့သည်။

၎င်းအကြီးအကဲဆိုသူ ခရီလိုတီမိုရှန်ကိုသည် နာမည်ကြီးအိမ်ခြံမြေကုမ္ပဏီတစ်ခုမှဆောက်သည့်အိမ်သို့ မိသားစုကိုရွှေ့ပေး ထားသည်ဆိုသည့်သတင်းကို ဂျာနယ်လစ်က ဖွင့်ချလိုက်ပြီး နှစ်လအကြာတွင် နုတ်ထွက် လိုက်ရသည်။ ထို့ပြင်၎င်းအရာရှိက တန်ဖိုးကြီး Porsche ကားတစ်စီးကို မောင်းနေပုံမြင်ရသည့် ဗီဒီယိုကိုလည်း ဂျာနယ်လစ် မခိုင်လိုခက်ရှ်က ဖွင့်ချခဲ့သည်။ 

လွှတ်တော်အမတ်များ ၊ အရာရှိများက ၎င်းတို့ပိုင်ဆိုင်မှုဇာစ်မြစ်မရိုးသားသည့်အခါ ပိုင်ဆိုင်မှုများကို ၎င်းတို့နှင့်ရင်းနှီးသူများ အမည်ဖြင့် မှတ်ပုံတင်လေ့ရှိပြီး ထိုသို့ပြုလုပ်မှုများသည် အရာရှိတစ်ဦး၏ခြေလှမ်းတိုင်း ရှင်းလင်းနေရမည့် အချိန်မျိုးတွင်  ပွင့်လင်းမြင်သာမရှိခြင်းကိုပြနေသည်ဟု ဂျာနယ်လစ်က ပြောသည်။ နိုင်ငံအများစုတွင် အဂတိလိုက်စားမှု ရှိနေခြင်းက မဆန်းသော်လည်း ယင်းကိုတုံ့ပြန်ဖြေရှင်းရန်မှာ အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

 

စစ်ပွဲနှစ်ခုနှင့် ရင်ဆိုင်နေရ

လွန်ခဲ့သည့် ၃၁ နှစ် နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ယူကရိန်းအစိုးရကဏ္ဍတွင် အဂတိလိုက်စားမှုများ လှိုက်စားလာခဲ့သည်။ “ကျွနု်ုပ်တို့က ရလဒ်ကို လိုချင်တာ။ ဟုတ်ပါတယ်၊ အရင်က အဂတိလိုက်စားမှုတွေရဲ့ လက်ကျန်တစ်ချို့တော့ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်ုပ်တို့က ငြိမ်ခံနေမှာမဟုတ်တော့ဘူး” လွှတ်တော်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီဒုတိယအကြီးအကဲ ယာရိုစလက်ယူချီီရှင်က ပြောသည်။

“အနောက်မိတ်ဖက်နိုင်ငံတွေက ကျွန်ုပ်တို့စစ်ပွဲနှစ်ခုနဲ့ ရင်ဆိုင်နေရတာကို သိနေပါတယ်။ ပထမတစ်ခုက ရုရှားနဲ့ရင်ဆိုင်နေရ တဲ့စစ်ပွဲ၊ နောက်တစ်ခုကတော့ ယူကရိန်း အနာဂတ်အတွက် တိုက်နေရတဲ့ ပြည်တွင်းစစ်ပွဲ”ဟုလည်း ၎င်းက ဆိုသည်။ အဂတိလိုက်စားမှုတိုက်ဖျက်နေရခြင်းကို ဒုတိယစစ်ပွဲအဖြစ် ၎င်းက တင်စားပြောခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီ ၂၄ ရက်တွင် ယူကရိန်းအစိုးရက အကြီးမားဆုံးနိုင်ငံရေးသန့်စင်မှုအဖြစ် ထိပ်ပိုင်းအရာရှိများစွာကို ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

ထုတ်ပယ်ခံရသည့်အရာရှိများထဲတွင် တိုက်ပွဲပြင်းထန်သည့်နေရာများမှ အုပ်ချုပ်ရေးမှူးများပင် ပါနေသည်။ထို့ကြောင့်လည်း သမ္မတလက်ထောက် မခိုင်လိုပိုဒိုယက်ဖ်က စစ်ပွဲကာလတွင် အားလုံးက ကိုယ့်တာဝန်ကိုယ်နားလည်သင့်သည်ဟု တွစ်တာတွင် ရေးခဲ့သည်။

ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာဒုတိယဝန်ကြီးတစ်ဦး  အဖမ်းခံရကာ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ဖယ်ရှားမှုများ ဆက်တိုက်ဖြစ်လာခဲ့သည်။ ၎င်းဝန်ကြီး၏ရုံးမှ သိမ်းဆည်းရမိခဲ့သည့် သိုဝှက် ငွေများကိုလည်း အဂတိလိ်ုက်စားမှုတိုက်ဖျက်ရေးဗျူရိုက ဓာတ်ပုံများဖြင့် ပြသခဲ့သည်။

နိုင်ငံ၏စွမ်းအင်စနစ်ကို ရုရှားက တိုက်ခိုက်သဖြင့် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများဖြင့် တိုင်းပြည်ရင်ဆိုင်နေရချိန် အသက် ၃၆ နှစ်အရွယ် ၎င်းင်းဝန်ကြီးက မီးစက်များစျေး ကြီးကြီးဖြင့်ဝယ်နိုင်ရေးကိစ္စတွင် ဒေါ်လာလေးသိန်း လာဘ်စားသည်ဟု ဖော်ထုတ်ခံရသည်။

ထို့ပြင် ၂၀၁၉ ရွေးကောက်ပွဲနောက်ပိုင်း ဇယ်လန်းစကီးနှင့် လက်တွဲလာခဲ့ပြီး လက်ရှိရာထူးမှ နုတ်ထွက်လိုက်ရသည့် သမ္မတ လက်ထောက် ခရီလိုတီမိုရှန်ကိုက  မနှစ်က အောက်တိုဘာတွင်  လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်အတွက် ယူကရိန်းကိုလှူဒါန်းထားသည့်ကားကို ပုဂ္ဂိုလ်ရေးအတွက်သုံးခဲ့သည့်ကိစ္စအပါအဝင်  အရှုပ်အထွေးအချို့တွင် ပါဝင်ငြိစွန်းနေခဲ့သည်။

အဂတိလိုက်စားမှုဖြင့် ရာထူးမှဖယ်ရှားခံရသည့် ဒေသအုပ်ချုပ်ရေးမှူးငါးဦးတွင်လည်း စစ်ပွဲဒဏ်အပြင်းအထန်ခံရသည့် ဇာပို ရီးရှားနှင့်ခါဆွန်ကဲ့သို့ ဒေသများမှ အုပ်ချုပ်ရေးမှူးများ ပါဝင်နေခြင်းက လက်ခံနိုင်ဖွယ်မရှိပေ။

ကာကွယ်ရေးဝန်ကြီးဌာနကြေညာချက်အရ  စစ်တပ်အတွက် ထောက်ပို့တာဝန်ယူထားသည့် ဒုတိယဝန်ကြီးတစ်ဦးလည်း ထုတ်ပယ်ခံရသည့်အထဲ ပါနေသည်။

အခြေခံစားသောက်ကုန်များအတွက် လက်ရှိစျေးနှုန်းထက် နှစ်ဆ၊ သုံးဆများသည့် စျေးဖြင့် စားနပ်ရိက္ခာကန်ထရိုက်များကို ကာကွယ်ရေးဝန်ကြီးဌာနက လက်မှတ်ထိုးသည် ဆိုသည့် စွပ်စွဲချက်ပေါ်ပေါက်လာပြီးနောက် ၎င်းဝန်ကြီးကိစ္စ ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစွမ်းကုန်ဆောင်ရွက်မည်ကြွေးကြော်ထားသည့် သမ္မတဇယ်လန်းစကီးကိုယ်တိုင်လည်း တစ်ချိန်က ထိုအရှုပ်အထွေးများနှင့် ပတ်သက်နေခဲ့ဖူးသည်။၂၀၂၁ ခုနှစ်က ပန်ဒိုရာ စာတမ်းကိစ္စတွင် ဇယ်လန်းစကီးက လန်ဒန်ရှိအဆင့်မြင့်မြေရာသုံးခုကို ဝယ်ရန်နိုင်ငံခြားတွင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ ကွန်ရက်တစ်ခုကို သုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် အဂတိလိုက်စားမှုအဆင့်ကိုဖော်ပြသည့် Transparency ၏အဆင့်သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၈၀ တွင် ယူကရိန်းက အဆင့် ၁၂၂ တွင် ရှိသည်။

ရုရှားကျူးကျော်မှုမတိုင်မီကတည်းက ဥရောပသမဂ္ဂနှင့် အမေရိကန်အပါအဝင်  အနောက်မိတ်ဖက်အုပ်စုက ယူကရိန်း၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးခြေလှမ်းများကို သိပ်သဘောမကျသော်လည်း ယခုအကြိမ် ဇယ်လန်းစကီး၏ဆောင်ရွက်ချက်က လျင်မြန်ပြတ်သားသည်ဟု အမေရိကန်ကချီးကျူးနေသည်။

Most Read

Most Recent