M1 Abrams တင့်ကားများ၏စနစ်က ရှုပ်ထွေးလွန်း၊ ထိန်းသိမ်းရ ပြုပြင်ရခက်ခဲလွန်းသည့်အတွက်ကြောင့်ဟုဆိုကာ ယင်း တင့်ကားများကို ယူကရိန်းသို့ပေးရန် အမေရိကန်က လနှင့်ချီတွန့်ဆုတ်နေခဲ့သည်။သို့သော် ဇန်နဝါရီ ၂၅ ရက်တွင် အမေရိကန်က ၎င်း၏ ဆုံးဖြတ်ချက်ကို ရုတ်ချည်းပြောင်းလိုက်ကာ အနောက်နိုင်ငံထုတ်တင့်ကားများ ယူကရိန်းက အသည်းအသန်တောင်းဆိုနေမှုကို မီးစိမ်းပြလိုက်သည်။
ယူကရိန်းကို တင့်ကားများ ထောက်ပံ့ပေးရန် အမေရိကန်က ခေါင်းညိတ်လိုက်သဖြင့် နိုင်ငံတကာက အပြင်းအထန် ဖိအားပေးမှုများလည်း အဆုံးသတ်သွားပြီး အမေရိကန်က တန်ချိန် ၇၀ ရှိ Abrams တင့်ကား ၃၁ စီး၊ ဂျာမနီက Leopard 2 တင့်ကား ၁၄ စီး ယူက ရိန်းကိုပို့ပေးမည်ဟု အတိအလင်းကြေညာထားသည်။
ရုရှား-ယူကရိန်းစစ်မက်ဖြစ်ပွားနေမှုတွင် အမေရိကန်တင့်ကားများက ယူကရိန်းအတွက် ဘာကြောင့်အရေးပါနေသလဲ၊ မည် သည့်အရာက ဘိုင်ဒင်အစိုးရကို ဆုံးဖြတ်ချက်ပြောင်းစေခဲ့သလဲ ကြည့်ကြပါစို့။
M1 Abrams ၏ စွမ်းရည်များ
M1 Abrams တင့်ကားများက အမေရိကန်တိုက်ပွဲများကို ဦးဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီဖြစ်သည်။ စစ် သည်လေးဦးလိုက်ပါရသည့် ယင်းတင့်ကားများကို ၁၉၉၁ ခုနှစ်စစ်ပွဲတွင် ပထမဆုံး အသုံးပြုခဲ့သည်။ ထူထဲသည့်သံချပ်ကာရှိပြီး ၁၂၀ မီလီမီတာ ပင်မအမြောက်နှင့် အဆင့်မြင့်ပစ်မှတ်ချိန်ရွယ်သည့်စနစ်၊ ချိန်းကြိုးထူထူဘီးများ၊ မြင်းကောင်ရေအား ၁၅၀၀ တာဗိုင်အင်ဂျင်တပ်ဆင်ထားကာ တစ်နာရီ ၄၂ မိုင်ခန့် နှုန်းအရှိန်ဖြင့် သွားနိုင်သည့် တင့်ကား များဖြစ်သည်။
၁၉၉၀-၁၉၉၁ ပါရှန်ပင်လယ်ကွေ့စစ်ပွဲအပြီး ၁၉၉၂ အစီရင်ခံစာတစ်ခုတွင် စစ်သည်များက Abrams တင့်ကားများ၏ အကြမ်းခံနိုင်စွမ်း မြင့်မားမှုကို ချီးကျူးခဲ့ပြီး အီရတ် T-72 တင့်ကားများနှင့်ရင်ဆိုင်သည့်အခါ Abrams စစ်သည်များဘက်က အထိအခိုက်နည်းသည် ဟုဆိုခဲ့သည်။၂၀၀၃ ခုနှစ်တွင် အီရတ်ကို အမေရိကန်ကကျူးကျော်စစ်ဆင်နွှဲရာတွင်လည်း ယင်းတင့်ကားများကသာ ဦးဆောင်ခဲ့သည်။
စွမ်းအားကြီးသည့် ဂျက်အင်ဂျင်များ ကြောင့် Abrams တင့်ကားများသည် နှင်းထူလျှင်ဖြစ်စေ၊ ရွှံ့ထူလျှင်ဖြစ်စေ မည်သည့်မြေ ပြင်အနေအထားတိုင်းမဆို ရွေ့လျားနိုင်သည်ဟု Abrams တင့်ကားစုခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကြည်းတပ်ဗိုလ် ဟောင်းကက်ဗင်ဘတ်တလာက ဆိုသည်။
အမေရိကန်က ဘာကြောင့် အကြိမ်ကြိမ်တွန့်ဆုတ်ခဲ့
ဂျက်အင်ဂျင်က ဆီဂါလန်ရာနှင့်ချီ စားပြီး တစ်မိုင်လျှင် ဆီနှစ်ဂါလန်နှုန်းကုန်သည်ဟု ဘတ်တလာကပြောသည်။အဆက်မပြတ်ဆီ ဖြည့်ပေးနိုင်မည့် ဆီတင်ယာဉ်များ လက်လှမ်းမီသည့်နေရာတွင် ရှိနေမှသာ အဆင်ပြေမည် ဖြစ်သည်။
ထို့ကြောင့်လည်း အမေရိကန်က ယင်းတင့်ကားများကို ယူကရိန်းတပ်ဖွဲ့များအသုံးပြုသည့်အခါ လောင်စာဆီလိုအပ်ချက်က နောက်ထပ် တာဝန်တစ်ခုဖြစ်လာမည်ကို စိုးရိမ်ခဲ့သည်။
ယင်းတင့်ကားများက နှင်းတော၊ ရွံ့တောမမှုဘဲ အကြမ်းပတမ်းဖြတ်နိုင်သော်လည်း ဆီတင်ယာဉ်များက ဖြတ်နိုင်မည် မ ဟုတ်ပေ။ ထို့ပြင်အခြားဂျက်အင်ဂျင်များနည်းတူ ယင်းတင့်ကားများ၏တာဗိုင်အင်ဂျင်က လေပေါက်များမှတစ်ဆင့် လေကိုစုပ်ယူပြီး လေပေါက်များက (သဲကြောင့်ဖြစ်စေ၊ အစအနများကြောင့်ဖြစ်စေ) ပိတ်သွားသည့်အခါ မျိုးတွင် မလည်ပတ်နိုင်တော့ပေ။
ပင်တဂွန်စစ်ဌာနချုပ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးမူဝါဒဆိုင်ရာအရာ ရှိကောလင်းခါးလ်ဆိုသူက “Abrams တင့်ကားက အရမ်းကို ရှုပ်ထွေးတဲ့အမျိုးအစား ပေါ့။ စျေးလည်းကြီးတယ်။ လေ့ကျင့်ရလည်း ခက်၊ ထိန်းသိမ်းရလည်းမလွယ်ဘူး” ဟု ပြောသွားသည်။ ယင်းတင့်ကားများအတွက် ယူကရိန်းတပ်များ ထရိန်နင်လေ့ကျင့်မှုကိုပင် လချီ အချိန်ယူရနိုင်ဖွယ်ရှိသည်။
အစွမ်းကုန်ညှိနှိုင်းကြရ
အမေရိကန်က ၎င်း၏ Abrams တင့်ကားများထောက်ပံ့ရန် သဘောမတူမချင်း ဂျာမနီက ၎င်း၏ Leopards တင့်ကားများကို ယူကရိန်းကိုပေးရန် ၊ မဟာမိတ်နိုင်ငံများကိုလည်း ထိုသို့ ခွင့်ပြုရန် လက်တွန့်နေခဲ့သည်။အမေရိကန်ကလည်း Leopards ဂျာမန်တင့် ကားများကသာ ယူကရိန်းလက်သို့ အရောက်မြန်နိုင်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အသား ကျမြန်နိုင်သည့်အတွက် ပိုသင့်တော်သည်ဟု အကြောင်းပြခဲ့သည်။ဂျာမနီက မီးစိမ်းမပြလျှင် Leopards တင့်ကားများ ယူကရိန်းကိုပေးချင်နေသည့် ပိုလန်ကလည်း ပေးခွင့်မရှိပေ။ နောက်ဆုံးတွင် အစွမ်းကုန်ညှိနှိုင်းမှုများကြောင့် ၎င်းအင်အားကြီးနှစ်နိုင်ငံစလုံးက တင့်ကားအရေးကို သဘောတူခဲ့ကြသည်။
ဇန်နဝါရီ ၂၀ ရက်က ဂျာမနီနိုင်ငံရှိ ရမ် စတိုင်းလေတပ်အခြေစိုက်စခန်းတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ ကာကွယ်ရေးခေါင်းဆောင်များစုဝေးပြီး ယူကရိန်း၏စစ်လက်နက် လိုအပ်နေမှုကိစ္စကို ဆွေးနွေးကြရာ တင့်ကားကိစ္စက အဓိကကျခဲ့သည်။ထိုအစည်းအဝေးတွင် Leopards တင့်ကားများ ပိုင်ဆိုင်ထားသည့်နိုင်ငံများက ဂျာမနီကာကွယ်ရေး ဝန် ကြီးသစ်နှင့် တွေ့ကြသည်။ တဖြည်းဖြည်းနှင့် ဂျာမနီဘက်က သဘောထားပျော့လာပြီး ဇန်နဝါရီ ၂၅ ရက်တွင် သဘောတူလိုက်ခြင်းဖြစ်သည်။ ဘိုင်ဒင်အစိုးရကမူ ၎င်းတို့ ဆုံးဖြတ်ချက်ပြောင်းပြီး လက်ခံလိုက်သည်မှာ ဂျာမနီဖိအားကြောင့် မဟုတ်ရဟုဆိုသည်။
အချိန်မည်မျှကြာနိုင်သလဲ
အမေရိကန်နှင့်ဂျာမနီတင့်ကားများ ယူကရိန်းကို ရောက်နိုင်မည့်အချိန်၊ ယူကရိန်းတပ်များ ယင်းတင့်ကားများနှင့် အကျွမ်းဝင် အောင်လေ့ကျင့်သင်ယူရမည့်ကြာချိန်တို့ကို သေချာမတွက်ချက်နိုင်သေးပေ။ အမေရိကန်ဘက်က Abrams တင့်ကားများရောက်ရန် လနှင့်ချီကြာလိမ့်ဦးမည် ၊ ဂျာမနီတင့်ကားများ အရင်ရောက်လိမ့်မည်ဟုဆိုထားသည်။
Abrams တင့်ကားသစ်များ ထပ်မံဝယ်ယူထားခြင်းမရှိဘဲ တင့်ကားအဟောင်းများကိုသာ ပြန်မွမ်းမံအသုံးပြုနေခြင်းဖြစ်ပြီး ထိုသို့ ပြန်ပြင်သုံးခြင်းကပင် မြန်ဆန်လွယ်ကူသည့်အရာ မဟုတ်ဟု အမေရိကန်က ဆိုသည်။
ဘိုင်ဒင်ပြောကြားချက်အရ ဥရောပမဟာမိတ်နိုင်ငံများက ယူကရိန်းတင့်ကားတပ်ရင်းနှစ်ခုအတွက် တင့်ကားအလုံအ လောက် (သို့မဟုတ်) တင့်ကားစီးရေ ၆၂ စီး ပေးပို့ရန် သဘောတူထားသည်။ဂျာမနီခွင့်ပြုချက်ဖြင့် ဥရောပနိုင်ငံအချို့က ၎င်းင်းတို့တွင်ရှိသည့် Leopards 2 တင့်ကားများ ယူကရိန်းကို ပေးမည်ဖြစ်သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကမူ တာဝေးပစ်ဒုံးကျည်များ၊ လေယာဉ်များအပါအဝင် နောက်ထပ် စစ်လက်နက်များ အကူအညီတောင်းသွားမည်ဟု ပြီး ခဲ့သည့်ဗီဒီယိုမိန့်ခွန်းတွင် ပြောဆိုထားသည်။
ဇန်နဝါရီ ၂၅ ရက်တွင် ဂျာမနီဝန်ကြီးချုပ်အိုလက်ဖ်ရှောဇ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပြင်သစ်သမ္မတမက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနတ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီတို့နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ပြီး ဥရောပ-အတ္တလန္တိတ်ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးရန် ခေါင်းဆောင်ငါးဦးစလုံးက သဘောတူခဲ့ကြသည်ဟု ဂျာမနီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။ ယူကရိန်းအဆိုအရ ၎င်းတပ်ဖွဲ့များတွင် ဆိုဗီယက်ခေတ်တင့်ကား အဟောင်းများကို ပြန်ပြင်သုံးရန် အစိတ်အပိုင်းအပိုများနှင့် လက်နက်ခဲယမ်းများ နည်း ပါးနေပြီဖြစ်သည်။
ဂျာမနီဝန်ကြီးချုပ်က ယူကရိန်းကို မည်သည့်တင့်ကားမဆိုပေးရန် စဉ်းစားဆုံးဖြတ်ရသည့်အခါမျိုးတွင် ဂျာမနီ၏မဟာမိတ် နိုင်ငံများ ၊ အထူးသဖြင့် အမေရိကန်နှင့် ပူးပေါင်းညှိနှိုင်းပြီးမှ ဆုံးဖြတ်မည်ဟု တွင်တွင်ပြောထားသည်။ အမေရိကန်ကို ၎င်းတို့ တင့်ကားများ ထုတ်ပေးလာအောင် စည်းရုံးနိုင်လိုက်ခြင်းအားဖြင့် ရုရှားဘက်ကတုံ့ပြန်မှုရှိလာသည့်အခါ အတူပေါင်းခံရန် ဂျာမနီက တွက်ချက်ထားပုံရသည်။
Ref: AP










