တရုတ်၏ ကိုဗစ်ကူးစက်မှုနှင့် လူအုပ်စုလိုက် ကိုယ်ခံအားရရှိမှု

တရုတ်၏ ကိုဗစ်ကူးစက်မှုနှင့် လူအုပ်စုလိုက် ကိုယ်ခံအားရရှိမှု
Photo : AFP
Photo : AFP
Published 26 January 2023
TRANSLATED BY- မေသုတ

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကို သုံးနှစ်နီးပါးကြာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် ကိုဗစ်ကူးစက်မှုလှိုင်းအ သစ်နှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အကြား ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ချက်ထွက်ပေါ်ခဲ့မှုသည် ရောဂါကူးစက်မှု၏သက်ရောက်မှုကို လျှော့ချခန့်မှန်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆခံခဲ့ရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမတိုင်မီအထိ တရုတ်သည် ဗိုင်းရပ်စ်ကိုအမြစ်ဖြတ်ရန် မျှော်လင့်ချက်ဖြင့် ရောဂါကူးစက်မှုများကို လျော့ကျစေရန် သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှု မှတစ်ဆင့် နိုင်ငံ့လူဦးရေအကြား လုံလောက်သည့် ကိုယ်ခံအားရစေရန် လော့ဒေါင်းချသည့်မူဝါဒများကို ကျင့်သုံးခဲ့သည်။

ထို့ကြောင့် အခြားနိုင်ငံများတွင် ဆိုးရွားသည့်ရောဂါကူးစက်မှုလှိုင်းများကို ရင်ဆိုင်နေရချိန်တွင် တရုတ်၏ တင်းကျပ်သည့်ကိုဗစ်ကင်းစင်မူဝါဒသည် အလွန်အောင်မြင်ခဲ့သည်ဟု ယူဆနိုင်သည်။

မည်သို့ပင်ဆိုစေ ကာလကြာရှည် လော့ဒေါင်းချမှုများသည် စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ဆိုးကျိုးသက်ရောက်ခဲ့သည်။ လက်ရှိတွင် တရုတ်၏ ကပ်ရောဂါဆိုင်ရာမူဝါဒသည် ရောဂါကူးစက်မှုမှုများကို တားဆီးခြင်းထက် ရောဂါကူးစက်မှုကို ခြေရာခံခြင်းနှင့် ရောဂါပြင်းထန်လူနာများကို ကုသခြင်းအပေါ် အာရုံစိုက်ထားသည်။

ထို့ကြောင့် တရုတ်သည် လက်ရှိတွင် လူအုပ်စုလိုက် ကိုယ်ခံအားရရှိနိုင်မည့်အနေ အထားတစ်ရပ်သို့ ချဉ်းကပ်လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု ယူဆမှုများလည်း ထွက်ပေါ်ခဲ့သည်။

သို့သော် ယင်းသည် လက်တွေ့ဆန်သည့် ရည်မှန်းချက်တစ်ခု ဟုတ်မဟုတ်ဆိုခြင်းအပေါ် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

 

လူအုပ်စုလိုက် ကိုယ်ခံအားရရှိမှု

လူဦးရေအားလုံးကို ရောဂါမကူးစက်မီ အချိန်တွင် ကူးစက်ရောဂါလှိုင်းများ အဘယ်ကြောင့် ရပ်တန့်သွားသနည်းဆိုသည့်အချက်အပေါ် လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်ကပင် ယူဆချက်တစ်ခု ထွက်ပေါ်ခဲ့သည်။ ယင်းမှာ လူ အုပ်စုလိုက် ကိုယ်ခံအားရရှိခြင်းကြောင့်ဖြစ်သည်။

COVID-19 ကူးစက်ပျံ့နှံ့မှုကဲ့သို့ ကူး စက်ရောဂါများတွင် လူပေါင်းများစွာ ရောဂါကူးစက်ခံရသည်။ ကူးစက်ခံရသူအများစုမှာ ပြန်လည်သက်သာလာပြီး ရောဂါကူးစက်မှုမှတစ်ဆင့် ထွက်ပေါ်လာသည့် ကိုယ်ခံအားများကို ရရှိခဲ့သည်။

ရောဂါကူးစက်မှုကြောင့် ကိုယ်ခံအားရရှိသည့် လူအရေအတွက်သည် ရောဂါကူးစက်မခံရသည့် လူအရေအတွက်ထက် ပိုမိုများပြား လာသည့်အခြေအနေမျိုးတွင် ကူးစက်မှုအန္တ ရာယ်သည် လျော့ကျလာမည်ဖြစ်သည်။

ထို့ပြင် ကူးစက်မှုလှိုင်းသည် နှေးကွေးလာမည်ဖြစ်ပြီး လျော့ကျလာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခံအားရသည့် လူဦးရေသည် လုံလောက်သည့် ပမာဏအထိ မြင့်တက်လာခြင်းကြောင့် ကူးစက်မှုလှိုင်းလျော့ကျခြင်းဖြစ်သည်။ တစ်နည်းဆိုရလင် လူအုပ်စုလိုက် ကိုယ်ခံအားရခြင်းကြောင့် ဖြစ်သည်။

ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူများက ၁၉၇၀ ပြည့်နှစ်တွင် ရိုးရှင်းသည့်ဖော်မြူလာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်း ဖော်မြူလာမှာ ကိုယ်ခံအားရသည့် လူဦးရေအချိုးနှင့် ကူးစက်မှုများ လျော့ကျမှုအခြေအနေကို ခန့်မှန်းခြင်းဖြစ်သည်။

ယင်းဖော်မြူလာတွင် ရောဂါကူးစက်ခံရသူတစ်ဦးထံမှ နောက်ထပ်လူများကို ထပ်ဆင့်ကူးစက်နိုင်ခြေပျမ်းမျှအရေအတွက်ကို ခန့်မှန်းသည့် R တန်ဖိုးလည်း ပါဝင်သည်။

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် စည်းကမ်းများ၊ လော့ဒေါင်းချမှုများ သို့မဟုတ် နှာခေါင်းစည်းတပ်ဆင်သည့် ဆေးဝါးနှင့်မ သက်ဆိုင်သည့်စီမံချက်များသည် R တန်ဖိုးကို လျော့ကျစေနိုင်မည်ဖြစ်သည်။

လူအုပ်စုလိုက် ကိုယ်ခံအားရသည့် စံတန်ဖိုးသတ်မှတ်မှုသည် ယခင်ရောဂါကူးစက်မှုမှ ကိုယ်ခံအားရရှိသည့် လူဦးရေ သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှုမှ ကိုယ်ခံအားရရှိသည့် လူဦးရေအချိုးအပေါ်မူတည်သည်။ ယင်း သဘောတရားကိုအသုံးပြုပြီး သိပ္ပံပညာရှင်များသည် ရေကျောက်၊ ပိုလီယို၊ ဆုံဆို့နာနှင့် ဝက်သက်ကဲ့သို့ ကူးစက်ရောဂါများကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံမှု၏ အကျိုးသက်ရောက်မှု

ယင်းကျန်းမာရေးမူဝါဒများ အောင်မြင်ရန်အတွက် ကာကွယ်ဆေးထိုးနှံထားသည့် လူဦးရေအချိုးမှာ များပြားရန်လိုအပ်သည်ဆိုသော်လည်း လက်ရှိတွင် တရုတ်၌ အိုမီခရွန်မျိုးကွဲ BA.5 ကူးစက်မှုသည် လွှမ်းမိုးနေသည့် အနေအထားတွင် ရှိနေသည်။

အိုမီခရွန်မျိုးကွဲ၏ R တန်ဖိုးသတ်မှတ်ချက်မှာ ၉ ဒသမ ၅ (အိုမီခရွန်မျိုးကွဲကူးစက်ခံထားရသူတစ်ဦးထံမှ အခြားလူများထံ ကူးစက်နိုင်ခြေရှိသည့် ပျမ်းမျှလူအရေအတွက် ၉ ဒသမ ၅ ဦး) ဖြစ်သည်။

ထို့ကြောင့် လက်ရှိ တရုတ်တွင် လူအုပ်စုလိုက် ကိုယ်ခံအားရရှိနိုင်ရန် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးများ အပြည့်အဝထိုးနှံမှုခံယူထားရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ ကာကွယ်ဆေးထိုးနှံမှု အလုံးစုံပြည့်စုံကောင်းမွန်သည်တော့ မဟုတ်ပေ။ တရုတ်လူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားသည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

သို့သော် ဆေးရှိန်မပြယ်စေရန် ထပ်မံထိုးနှံရသည့် အားဖြည့်ကာကွယ်ဆေး (ထပ်တိုးကာကွယ်ဆေး)များထိုးနှံမှုနှုန်းသည် နည်းပါးနေပြီး တရုတ်၏ Sinovac နှင့် Sinopharm ကာကွယ်ဆေးများသည် Pfizer နှင့် Moderna တို့၏ mRNA နည်းပညာသုံး ကာကွယ်ဆေးများထက် ထိရောက်မှုနည်းပါးနေသည်။

ထို့ကြောင့် ထပ်တိုးကာကွယ်ဆေးဖြင့် ကိုယ်ခံအားရရှိသည့် လူဦးရေနှုန်းသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျနေဖွယ်ရှိပြီး ခန့်မှန်းခြေ ငါးရာခိုင်နှုန်းခန့်သာ ရှိနိုင်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမတိုင်မီက တရုတ်တွင် ကိုဗစ်ကူးစက်ခံရသူအရေအတွက် အနည်းငယ်သာရှိသဖြင့် ရောဂါကူးစက် မှုမှတစ်ဆင့် ကိုယ်ခံအားရရှိသူဦးရေသည် နည်းပါးခဲ့သည်။

ထို့ကြောင့် အိုမီခရွန်မျိုးကွဲအတွက် ကိုယ်ခံအားရရှိသူအရေအတွက် ငါးရာခိုင်နှုန်းသည် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ကိုယ် ခံအားရရှိရန် လိုအပ်သည့်ပမာဏနှင့်နှိုင်းယှဉ်ပါက အလွန်ကွာဟနေသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ရှိ တရုတ်၏ ရောဂါကူးစက်မှုလှိုင်းသည် တစ်ချိန်ချိန်တွင် အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိမည်ဖြစ်ပြီး ယင်းနောက်တွင် ပြန်လည်လျော့ကျသွားမည်ဖြစ်သည်။

သို့သော် ကူးစက်မှုနှုန်းအမြင့်ဆုံးအခြေအနေအထိရောက်ရှိမည်ဆိုပါက လူပေါင်းမည်မျှကူးစက်ခံရနိုင်မည်ဆိုချင်းကို အတိအ ကျပြောရန် ခက်ခဲလှသည်။

ဗြိတိန်အခြေစိုက် ကျန်းမာရေးအချက် အလက်ကောက်ယူသည့် ကုမ္ပဏီဖြစ်သည့် Airfinity ကမူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစပြီး ရောဂါကူးစက်ခံရသူ ၃၃ ဒသမ ၂ သန်းရှိခဲ့ပြီး သေဆုံးသူ ၁၉၂၄၀၀ ရှိခဲ့သည် ဟု ယခုလအတွင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တရုတ်၏ အမျိုးသားကျန်းမာရေးကော်မရှင်အစည်းအဝေးမှ ပေါက်ကြားခဲ့သည့်အချက်အလက်များအရ ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ရောဂါကူးစက်ခံရသူ သန်း ၂၅၀ ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ ယင်းပမာဏသည် တရုတ်ပြည်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သည်။

နိုင်ငံလူဦးရေ၏ ၈၇ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအကြား COVID-19 ရောဂါ ကိုယ်ခံအားရှိနေသည့် ဗြိတိန်ကဲ့သို့ နိုင်ငံများ၌ပင် ဗိုင်းရပ်စ်သည် ဆက်ရှိနေဆဲဖြစ်သည်။ ယင်းကိုယ်ခံအားရရှိမှုအခြေအနေသည် ကာကွယ် ဆေးထိုးနှံမှုမှရရှိသည့် ကိုယ်ခံအား သို့မဟုတ် ရောဂါကူးစက်ခံရမှုမှရရှိသည့် ကိုယ်ခံအား သို့မဟုတ် ရောဂါကူးစက်ခံရမှုနှင့် ကာကွယ် ဆေးထိုးနှံမှုမှ ရရှိသည့် နှစ်မျိုးစပ်ကိုယ်ခံအား ရရှိသည့်အခြေအနေကို ရည်ညွှန်းဖော်ပြခြင်း ဖြစ်သည်။

တရုတ်တွင် လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုအခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိပါက ရောဂါကူးစက်ခံရသူ တစ်ဦးထံမှ အခြားသူများထံ ကူးစက်ပြန့်ပွားနိုင်မှု အခြေခံနှုန်းသည် ၁၀ ဦးမှ ၁၈ ဦးအထိ မြင့်တက်လာနိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။ ထို့ကြောင့် တရုတ်အနေဖြင့် သက်ကြီးပိုင်းအရွယ်များနှင့် ရောဂါအခံရှိသူများကဲ့သို့ ခံနိုင်ရည်အားနည်းသူများကို ထပ်တိုးကာကွယ်ဆေးများ ထိုးနှံပေးရန် အရးကြီးလှသည်။                                    

Ref: CNA

Most Read

Most Recent