ယူကရိန်းစစ်ပွဲ၏ မျက်နှာစာကို ပြောင်းလဲစေလျက်ရှိသော ဒရုန်းများ

ယူကရိန်းစစ်ပွဲ၏ မျက်နှာစာကို ပြောင်းလဲစေလျက်ရှိသော ဒရုန်းများ
Published 24 January 2023
Translate by ဇင်မျိုး

ကတုတ်ကျင်းတိုက်ပွဲများ၊ မရပ်မနားအမြောက်ပစ်ခတ်မှုများ၊ မီတာအနည်းငယ်မျှသာ ရရှိခြင်းများနှင့် ကြီးမားလှစွာသော နှစ်ဖက်စလုံး၏ အထိအခိုက်အကျအဆုံးများ၊ ယူကရိန်းစစ်မြေပြင်များသည် ပထမကမ္ဘာစစ်၏ စစ်မြေပြင်များနှင့် ဆင်တူသော်လည်း (အထက်မှနေ၍ အမြဲမပြတ် စောင့်ကြည့်နေသည့်) အဆက်မပြတ် ပျံဝဲနေသော ဒရုန်းများ၊ သေခြင်းတရား၏ရှေ့ပြေးနိမိတ်များနှင့် အပျက်အစီးများက ယူကရိန်းစစ်ပွဲ၏အသစ်အသစ်သောနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိတရားဖြစ်သည်။

အငြိမ်းစား အမေရိကန်မရိမ်းတပ်ဖွဲ့ ဗိုလ်မှူးကြီးလည်းဖြစ်၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဆိုင်ရာဌာန၏ အကြီးတန်းအကြံပေးလည်းဖြစ်သော မက်ကင်ရှန်က “ယူကရိန်းစစ်ပွဲသည် သဘောသဘာဝအရ ပထမကမ္ဘာစစ်ပွဲနှင့် ၂၁ ရာစု၏ ISR (သတင်းယူ၊ စောင့်ကြည့်၊ ကင်းထောက်)ပေါင်းစပ်ထားသည့် ပုံစံဖြစ်လာသည်ဟု Business Insider ကို ပြောကြားခဲ့သည်။

ယူကရိန်းရော ရုရှားပါ တစ်ဖက်နှင့်တစ် ဖက်ထောက်လှမ်းရန်နှင့် ယခင်ကမမြင်ဖူးသော အတိုင်းအတာဖြင့် ပစ်မှတ်များကို တိုက်ခိုက်ရန် အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံရှိသော ဒရုန်းများကို အသုံးပြုကြပြီး ယင်းကစစ်ပွဲ၏ မျက်နှာစာကို ပြောင်းလဲစေလျက်ရှိသည်။ ဒရုန်းများကို ရန်သူ၏တည်နေရာများကိုရှာဖွေသတ်မှတ်ရန်နှင့် ခါမိခါဇေတိုက်ခိုက်မှုများတွင် အဆောက်အအုံများကို တိုက်ရိုက်ပစ်ခတ်၊ ထိုးချ၊ ဖျက်ဆီးရန်နှင့် တင့်ကားများပေါ် ဗုံးကြဲရန် အသုံးပြုလျက်ရှိသည်။

တိုက်ပွဲအများစုမှာ ကွင်းပြင်ကျယ်ကြီးများရှိသည့် ကျေးလက်ဒေသများတွင်ဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုကွင်းပြင်ကျယ်များသည် ဖြတ်ကျော်ရန် အန္တရာယ်များသည်။ ပြောရမည်ဆိုလျှင် ပထမကမ္ဘာစစ်တုန်းက ထိတ်လန့်စရာများပြည့်နှက်နေသည့် နှစ်ဖက်တပ်များအကြားက နယ်မြေနှင့်ပင် ဆင်တူနေတော့သည်။ ဤသို့သောအနေအထားတွင် ဒရုန်းများသည် အလွန်အသုံးဝင်ပြီး ကြောက်စရာကောင်းသည်။ နှစ်ဖက်စလုံးက ဒရုန်းများကို အသုံးပြုနေကြသည်။ အဆိုပါဒရုန်းများတွင် ကင်မရာများ တပ်ထားသည်။ အခြားသော Sensor များလည်း တပ်ထားသည်။ အဆိုပါ Sensor များက တိုက်ရိုက်ကြည့်၍ ရအောင်ပင်ပြုလုပ်ပေးသည်။ ရန်သူအနေအထားကို ထောက်လှမ်းရန်၊ အဝေးမှချိတ်ဆက်တိုက်ခိုက်မှုများပြုလုပ်ရန် လက်တော့ပ်၊ တက်ဘလက်တို့မှတစ်ဆင့် တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ပေးသည်။

လက်နက်ကြီးပစ်ခတ်မှုကို ချိန်ညှိရာတွင် ဒရုန်းများသည် အသုံးဝင်သည်။ ပစ်မှတ်များကို ထိမှန်ကြောင်း အတည်ပြုရန် သို့မဟုတ် ပစ်မှတ်များ ပျက်စီးသွားပြီဆိုသည်ကို အတည်ပြုရန် ဒရုန်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

“မောင်းသူမဲ့စနစ်တွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်က ပဋိပက္ခတွေမှာ အသုံးပြုတဲ့အရေအတွက်က ပိုပြီး များလာပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲကတော့ အနေအထားသစ်တစ်ခုကို ရောက်စေပါတယ်။ ဒရုန်းအရေအတွက်သာမက စစ်ပွဲအမျိုးအစားပါ အနေအထားသစ်ကို ရောက်လာတာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်လို မစ်ရှင်တွေအစား သမားရိုးကျစစ်ပွဲမှာ ဒရုန်းတွေဟာ ကဏ္ဍတစ်ရပ်ပါဝင်ခြင်းရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး မနှစ်ကအထိတော့ တက်တက်ကြွကြွအငြင်းအခုံ ဖြစ်နေပါသေးတယ်” ဟု ၀ါရှင်တန်အခြေစိုက် New American think tank ၌ ခေတ်မီစစ်ပွဲနှင့်ပတ်သက်၍ ထိပ်တန်းအဆင့်ပညာရှင်လည်းဖြစ် အကြီးတန်းအဖွဲ့ဝင်လည်းဖြစ်သော ပီဒဗလျူဆင်းဂါးက Insider ကို ပြောကြားသည်။

“အဲ့ဒီအငြင်းအခုံဟာ အခုပြီးသွားပါပြီ” ဟု ဆင်းဂါးက ဖြည့်စွက်ပြောသည်။

ဒရုန်းဟု ခေါ်သည့် မောင်းသူမဲ့လေယာဉ်များကို စစ်ပွဲတွင်  မျိုးဆက်များစွာတိုင်အောင်  အနေအထားအမျိုးမျိုးဖြင့် အသုံးပြုကြသည်။ သုတေသီအချို့က သြစတြီးယား၏ လုပ်ရပ်ကို ဥပမာဆွဲထုတ်ပြသည်။ ၁၈၄၉ ခုနှစ်တွင် သြစတြီးယားသည် ဗင်းနစ်မြို့ကို ဗုံးကြဲရန်  မောင်းသူမဲ့မိုးပျံပူဖောင်းများကို အသုံးပြုခဲ့သည်။

အမေရိကန်သည် ပထမကမ္ဘာစစ်ခန့်လောက်ကတည်းက မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုကို စတင်ခဲ့သည်။ စစ်အေးတိုက်ပွဲကာလတွင် စောင့်ကြည့်ရန်အတွက် အဝေးထိန်းလေယာဉ်များကို အသုံးပြုခဲ့သည်။ မောင်းသူမဲ့နည်းပညာသည် ၂၀ ရာစုအတွင်းတွင် တဖြည်းဖြည်း အဆင့်မြင့်လာသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအနှောင်းပိုင်းခန့်တွင် ကိုဆိုဗိုစစ်ပွဲ၌ ကင်းထောက်မစ်ရှင်များအတွက် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့က Predator ဒရုန်းများကို အသုံးပြုခဲ့ကြသည်။

သို့ရာတွင် အကြမ်းဖက်စစ်ပွဲအစတွင် ဒရုန်းအသုံးပြုမှုများ သိသိသာသာတိုးလာသည်ကို တွေ့ရပြီး အဓိကအားဖြင့် ကင်းထောက်ခြင်းအတွက် အသုံးပြုရာမှ အခြားကိစ္စများတွင်ပါ အသုံးပြုလာသည်ကိုတွေ့ရသည်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်စစ်တပ်နှင့် စီအိုင်အေတို့က စောင့်ကြည့်ခြင်းအတွက် ဒရုန်းများကို အသုံးပြုခဲ့သည့်အပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ ယီမင်တို့ကဲ့သို့သော နေရာများတွင် အကြမ်းဖက်သမားဟု သံသယရှိသူများကို သုတ်သင်ရာတွင် ဒရုန်းများကို အသုံးပြုခဲ့သည်။

လက်နက်တပ်ဆင်ထားသော ဒရုန်းများကို အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ ဖြစ်ပွားသော စစ်ပွဲအပါအဝင် အခြားသော ပဋိပက္ခများတွင်လည်း အသုံးပြုခဲ့သည်။ ဒရုန်းနည်းပညာသည် အဆင့်မြင့်မားလာပြီး ကုန်ကျစရိတ် ပိုမိုသက်သာလာသောကြောင့် ကမ္ဘာတစ်ဝန်းရှိ စစ်တပ်များကို ဆွဲဆောင်မှုတိုးလာနေသည်။ မောင်းသူမဲ့ လေယာဉ်စနစ်များသည် ထောက်လှမ်းရေးသတင်းများကို စုဆောင်းပေးနိုင်သည်။ လေယာဉ်မှူးအသက်ကို အန္တရာယ်ပေးနိုင်သည့် မစ်ရှင်များကို လုပ်ဆောင်ပေးနိုင်သည်။ သမားရိုးကျ လေတပ်တည်ဆောက်ခြင်းထက် အကုန်အကျပိုနည်းစေသည်။

ယူကရိန်းစစ်ပွဲသည် နှစ်ဖက်စလုံးတွင် အင်အားကြီးနိုင်ငံများနှင့် ခေတ်မီစစ်တပ်များ ပါဝင်သည့်စစ်ပွဲဖြစ်ပြီး ဒရုန်းများကို တွင်တွင်အသုံးပြုကာ အချိန်ကြာကြာအသုံးပြုသည်ကို ပထမဆုံးအကြိမ် မြင်ရသော စစ်ပွဲဖြစ်သည်ဟု ကင်ရှန်က ပြောသည်။

ယူကရိန်းမှာ ဒရုန်းစစ်ပွဲအတွက် အစမ်းသပ်ခံအဖြစ် ထွက်ပေါ်လာသော နိုင်ငံဖြစ်သည်။အမေရိကန်မှ တရုတ်အထိ၊ တူရကီမှ အီရန်အထိ မောင်းသူမဲ့လေယာဉ်အမျိုးမျိုးကို ယူကရိန်းစစ်ပွဲတွင် အသုံးပြုနေသည်။

စစ်ပွဲ၏ အစောပိုင်းရက်များတွင် ယူကရိန်းသည် တူရကီလုပ် Bayraktar TB2 ဒရုန်းကို အောင်အောင်မြင်မြင် အသုံးပြုခဲ့သည်။ အဆိုပါဒရုန်းများဖြင့် ရုရှားသံချပ်ကာ ယာဉ်များကို အမြင့်မှ ဗုံးကြဲခဲ့သည်။ အကွာအဝေး ၁၈၆ မိုင်အထိ မောင်းနှင်နိုင်သော Bayraktar TB2 ဒရုန်းသည် အသေးစားလေယာဉ်အရွယ်အစားရှိပြီး လေဆာပဲ့ထိန်းဗုံးများကို သယ်ဆောင်နိုင်သည်။ ရုရှား၏ ပင်လယ်နက်ရေတပ်အုပ်စုထဲက Moskva သင်္ဘောနစ်မြုပ်သွားသော တိုက်ခိုက်မှုတွင် Bayraktar ဒရုန်း ပါဝင်ခဲ့သည်။

စစ်ပွဲနှောင်းပိုင်းတွင် ရုရှားသည် အီရန်လုပ် Shahed-136 “ခါမီခါဇီ” ဒရုန်းများကို အသုံးပြုကာ ယူကရိန်းနိုင်ငံအနှံ့ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ Shahed-136 ဒရုန်းသည် ပစ်မှတ်ကို ရှာမတွေ့မီ တရစ်ဝဲဝဲပျံသန်းကာ ပစ်မှတ်ကို အရှိန်ပြင်းပြင်း ဝင်တိုက်စေရန် ပုံစံထုတ်ထားသည်။ အဆိုပါဒရုန်းသည် ၁၂ ပေပင်မရှည်။ တစ်နာရီ ၁၁၅ မိုင်နှုန်းဖြင့် ပျံသန်းနိုင်သည်။ ဒရုန်း၏ဦးပိုင်းတွင် ပေါက်ကွဲစေသော ထိပ်ဖူးပါဝင်ကာ ပစ်မှတ်ထိမှန်သည်နှင့်တစ်ပြိုင်နက်တည်း ပေါက်ကွဲသည်။ Shahed-136 ဒရုန်းသည် တစ်ကြိမ်သာ အသုံးပြုနိုင်သော ဒရုန်းဖြစ်သည်။ ဒရုန်းတစ်ခု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ဖြစ်၍ စျေးသက်သာသည်။ ယူကရိန်း၏ အရေးပါသော အရပ်ဘက်အခြေ ခံအဆောက်အအုံများကို ဖျက်ဆီးရန် ရုရှားသည် Shahed-136 ဒရုန်းကို အသုံးပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို Switchblade ဒရုန်းရာဂဏန်းမျှ ပံ့ပိုးပေးထားသည်။ အဆိုပါဒရုန်း၏ ကျောဘက်တွင် လက်နက်ခဲယမ်း တပ်ဆင်နိုင်သည်။ ခြေလျင်တပ်၊ သံချပ်ကာယာဉ်၊ လက်နက်ကြီးတို့ကို တိုက်ခိုက်ရန် Switchblade ဒရုန်းကို အသုံးပြုတတ်သည်။

အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ရန် ရုရှားစစ်တပ်၏ ဒရုန်းများအသုံးပြုမှုသည်  အနာဂတ်စစ်ပွဲအတွက် အန္တရာယ်ကြီးမားသော အစဉ်အလာကို သတ်မှတ်ပေးသည်ဟု ဆင်းဂါးက ပြောသည်။

ဒရုန်းအသုံးပြုမှုသည် ဒုတိယကမ္ဘာစစ်ပြီးခါနီးတွင် V-1 ဒုံးကျည်များကို ဂျာမနီ အသုံးပြုပုံနှင့်ဆင်တူသည်ဟု ဆင်းဂါးကပြောသည်။

ယူကရိန်းစစ်မြေပြင်တွင် အတွေ့ရအများဆုံးဒရုန်းမှာ တရုတ်လုပ် DJI Mavice 3 ဒရုန်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောသည်။ ၎င်းဒရုန်းကို အွန်လိုင်းတွင် အမေရိကန်ဒေါ်လာ ၃,၀၀၀ မပြည့်သောစျေးဖြင့် ရောင်းချသည်။ လက်ထဲထည့်နိုင်အောင်သေးသော တရုတ်လုပ်ဒရုန်းကို  ယူကရိန်းစစ်ပွဲတွင် အသုံးများနေသည်မှာ အံ့အားသင့်စရာကောင်းနေသည်။

Ref:Business Insider

Most Read

Most Recent