''နိဒါန်း''
ကမ္ဘာကြီး၏ အရေးအရာပေါင်းစုံကို အပြောင်းအလဲဖြစ်စေခဲ့သော ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုစတင်ခဲ့ပြီး နှစ်နှစ်ကျော်အကြာတွင် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်လာခဲ့သည်။ ကမ္ဘာကြီးသည် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်ခဲ့ပြီ။
ယခုအချိန်အထိ ကိုဗစ်ကပ်ရောဂါ၏ခြိမ်းခြောက်မှုများသည် အဆုံးမသတ်သေး။ ရုရှား- ယူကရိန်းစစ်ပွဲအခြေအနေသည်လည်း ကမ္ဘာကြီးတစ်ခုလုံးဂရုပြုစောင့်ကြည့်ရမည့်အခြေအနေ။ အင်ဖလေးရှင်းကို ကမ္ဘာနိုင်ငံများအားလုံး ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် ဆက်လက်စောင့်ကြည့်နေရသော ကိုဗစ်ကပ်ရောဂါ၊ လက်ရှိ တရုတ်နိုင်ငံရင်ဆိုင်နေရသော အခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်မှုများ၊ စွမ်းအင်ဈေးကွက်မတည်ငြိမ်မှု၊ သက်ဆိုင်ရာဗဟိုဘဏ်များ၏ အင်ဖလေး ရှင်း (ငွေကြေးဖောင်းပွမှု) ထိန်းချုပ်နိုင်ရေး အားထုတ်ရုန်းကန်နေရမှုများ၊ ကိုဗစ်ကာလအလွန် မရေရာသောစီးပွားရေးစသဖြင့် အခြေအနေများသည် ပထဝီနိုင်ငံရေး၊ ပထဝီလုံခြုံရေးဆိုင်ရာ မရေရာမှုများ၊ မမျှော်မှန်းနိုင်သောအခြေအနေများနှင့်အတူ ရှုပ်ရှုပ်ထွေးထွေး ရှိနေပေဦးမည်။ လာမည့် ၂၀၂၃ ခုနှစ်ကမ္ဘာကြီးတွင် ဖြစ်နိုင်ခြေများသော စိတ်ဝင်စားဖွယ်ဖြစ်ရပ် ၁၀ ခုကို သုတေသီတို့က အောက်ပါအတိုင်းကြိုတင်မှန်းဆရှုမြင်နေ ကြပြီ။
''ပထမဖြစ်ရပ် (ရုရှား-ယူကရိန်းစစ်ပွဲ)''
တစ်ကမ္ဘာလုံး၏အကြည့်များသည် ယူကရိန်းနိုင်ငံ၏အခြေအနေပေါ်တွင် ရောက်ရှိနေသည်။ ကမ္ဘာနိုင်ငံများတွင်ဖြစ်ပေါ်နေသည့် အင်ဖလေးရှင်း၊ အတိုးနှုန်းများ မြင့်တက်မှုကိစ္စ၊ စီးပွားရေးဖွွံ့ဖြိုးမှု၊ စားနပ်ရိက္ခာပြတ်လတ်မှုစသဖြင့် အခြေအနေအားလုံးသည် လာမည့်ကာလများ၌ ရုရှားနှင့်ယူကရိန်းနိုင်ငံပဋိပက္ခ မည်သို့မည်ပုံ ဆက်လက်ဖြစ်ပေါ်မည့်ပေါ်တွင်မူတည်နေသည်။ ယူကရိန်း၏ မဟာမိတ်နိုင်ငံများနှင့် ပိုမိုနီးကပ်လာမှုနှင့် အလျင်အမြန်တိုးတက်ဖြစ်ထွန်းမှုများ
သည် ရုရှားသမ္မတပူတင်ကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်လာနေသည်။ သို့သော် ဖြစ်နိုင်ခြေရလဒ်သည် မတိုးသာမဆုတ်သာ အခြေအနေတွင်ရှိနေ၏။ စွမ်းအင် ဈေးကွက်ကို ထိန်းချုပ်ထားသောကြောင့် စွမ်းအင်ပြတ်လတ်သည့်အခြေအနေ၊ အချိန်ကြာမြင့်သည်နှင့်အမျှ အမေရိကန်နှင့် မဟာမိတ်များ၏နိုင်ငံရေးအရွေ့များ၊ ယူကရိန်းအပေါ်ထောက်ခံမှု၊ ကူညီပံ့ပိုးမှုများကိုအပေါ် အပြောင်းအလဲများ၊ ပျက်ပြယ်မှုများဖြစ်လာနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် စစ်ပွဲကိုအချိန်ကြာမြင့်စွာ ဆွဲဆန့်နိုင်ရေးအားထုတ်မှုသည် ရုရှားနိုင်ငံ၏မဟာဗျူဟာထဲတွင်ပါဝင်လိမ့်မည်ဟု ခန့်မှန်းမှုများလည်း ရှိနေကြသည်။
''ဒုတိယဖြစ်ရပ် (ရီဆက်ရှင်း ၊စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု)''
စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုအခြေအနေ(ရီဆက်ရှင်း) ဖြစ်လာနိုင်သည့် အလားအလာများက တစ်သီတစ်တန်းကြီးရှိနေသည်။ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုများက အင်ဖလေးရှင်း (ငွေကြေးဖောင်းပွခြင်း) ကို မီးတောက်မီးလျှံများသဖွယ် မြင့်တက်လာစေနိုင်သည်ဟုဆိုသည်။ အင်ဖလေးရှင်းသည် ကပ်ရောဂါအလွန်ကာလ အားလုံးကိုထိတ်လန့်စေသည့်အရာဖြစ်နေသည်။ အင်ဖလေးရှင်းကို ထိန်းချုပ်နိုင်ရေးအတွက် ဗဟိုဘဏ်များက အတိုးနှုန်းများ
ဆက်တိုက်မြှင့်တင်လာနိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအများစု အထူးသဖြင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ ရီဆက်ရှင်းအတွင်းကျရောက်လိမ့်မည်ဟုစိုးရိမ်တကြီး ခန့်မှန်းထားကြသည်။ အမေရိကန်စီးပွားရေးအဆောက်အအုံထဲတွင် ရင်ဆိုင်ရမည့် ရီဆက်ရှင်းသည် အတော်အသင့်ပျော့ပျောင်းမှုရှိနိုင်ပြီးဥရောပဒေသတွင် အတော်ပင် ဆိုးဆိုးရွားရွား ရင်ဆိုင်စရာရှိနေသည်ဟု သုံးသပ်နေကြ၏။ အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းလာသောကြောင့် မြင့်တက်လာသော စားနပ်ရိက္ခာဈေးနှုန်းဒဏ်ကို ဆင်းရဲနွမ်းပါးသောနိုင်ငံများ အကြီးအကျယ်ခံရနိုင်သည်။ တစ်နွယ်ငင်တစ်စင်ပါ အင်ဖလေးရှင်းဒဏ်ကြောင့် ကမ္ဘာနှင့်အဝန်း
ထိခိုက်ခံစားကြရလိမ့်မည်။
''တတိယဖြစ်ရပ် (သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ အဆိုးများထဲက ဖြစ်နိုင်ခြေရလဒ်ကောင်း)''
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဥရောပဒေသ အပါအဝင် နိုင်ငံအတော်များများတွင် ရင်ဆိုင်နေရသည့် စွမ်းအင်လောင်စာမလုံခြုံမှုပြဿနာ သည် အခြားသော နိုင်ငံအတော်များများကိုပါ ကူးစက်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံများအားလုံး စွမ်းအင်လောင်စာဆီဖူလုံမှုရှိစေရေးအတွက် အလျင်စလို အားထုတ်လာကြသည်။ ဖြစ်နိုင်ခြေရှိသော စွမ်းအင်လောင်စာအရင်းအမြစ်သစ်တို့ကို ကြိုးစားရှာဖွေလာကြသည်။ အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြစ်စေသည့် ရုပ်ကြွင်းလောင်စာများအပေါ် ပြန်လည်၍ ပိုမိုမှှီခိုလာနေသည်ကို တွေ့ရသည့်တိုင် လေစွမ်းအင်၊ နေစွမ်းအင်၊ နျူကလီးယားစွမ်းအင်တို့၏ အကောင်းအဆိုးများကို ချိန်ဆလာကြသည်။ စစ်ပွဲ၏အကျိုးဆက်အားဖြင့် အလယ်အလတ် အချိန်ကာလတစ်ခုတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ပိုမိုဘေးကင်းလုံခြုံစိတ်ချရ သည့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို တိုးချဲ့အသုံးချနိုင်ရေး အရှိန်မြင့်လုပ်ဆောင်လာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။
''စတုတ္ထဖြစ်ရပ် (ကမ္ဘာ့ကစောင့်ကြည့်ရမည့် တရုတ်နိုင်ငံအခြေအနေ)''
တရုတ်နိုင်ငံ အခြေအနေအရပ်ရပ်သည် ကမ္ဘာကစောင့်ကြည့်ရမည့် ထိပ်တန်းအရေးအရာများ ဖြစ်နေလိမ့်မည်။ ဧပြီလတွင် တရုတ်နိုင်ငံ၏လူဦးရေ (၁ ဒသမ ၄ ဘီလျံ) ကို အိန္ဒိယနိုင်ငံက (လူဦးရေ ၁ ဒသမ ၄၃ ဘီလျံအရေအတွက်ဖြင့်) ကျော်တက်သွားနိုင်သည်ဟုတွက်ချက်ထားကြသည်။ ကိုဗစ်ကပ်ရောဂါအတွက် ရုန်းကန်နေရစဉ်မှာ ကျဆင်းလာသောလူဦးရေနှင့်အတူ တရုတ်နိုင်ငံသည် စီးပွားရေးဆိုင်ရာအကျပ်အတည်းများ၊ ဆက်စပ်ဖြစ်ပေါ်လာသော အခြားသောအခက်အခဲများ ရင်ဆိုင်လာရဖွယ်ရှိလာမည်။ စီးပွားရေးပညာရှင်များ၊ သုတေသီများ ယခင်ကမျှော်လင့်ထားသကဲ့သို့ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အမေရိကန်၏စီးပွားရေးကို ကျော်လွန်နိုင်မည်ဟူသောအခြေအနေမှာ လွယ်ကူနိုင်မည်မဟုတ်တော့ပေ။ ထိုအခြေအနေအပေါ် တရုတ်နိုင်ငံ၏စီးပွားရေးမူဝါဒ စွန့်စားလုပ်ဆောင်မှုများမည်သို့ရှိလာမည်မှာ ၂၀၂၃ ခုနှစ်အတွင်း စိတ်ဝင်စားဖွယ်အကြောင်းဖြစ်လာသည်။
''ပ ဉ္စမဖြစ်ရပ် (အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအလွန် အယူဝါဒကွဲမှုများ)''
အမေရိကန်ပြည်ထောင်စုတွင် မဲဆန္ဒရှင်များ၏နိုင်ငံရေးအယူအဆသဘောထားများ ယခင်ကာလများထက်ပိုမိုကွဲပြားလာခဲ့ပြီး အယူဝါဒမတူညီမှုများဖြင့် အုပ်စုကွဲများဖြစ်ပေါ်လာနိုင်သည်။ နိုဝင်ဘာ ၈ရက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာခဲ့ပြီးနောက် နိုင်ငံတွင်း၌ သန္ဓေဖျက်ချခြင်း၊ ရာဇဝတ်မှုများပြားလာခြင်း၊ လူနေမှုစရိတ်ကြီးမြင့်လာခြင်း အခြေအနေများအပေါ် သဘောထားမတူညီမှုများ၊ အခြားသော လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရန့်ကလည်း ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။ ဒေါ်နယ်လ်ထရန့်၏ ၂၀၂၄ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုထိုအခြေအနေသည် လက်ရှိကြုံတွေ့နေရသော အခြေအနေများကို မီးလောင်ရာလေပင့်အခြေအနေဖြစ်လာစေနိုင်သည်ဟူသော သုံးသပ်ရှုမြင်မှုများလည်း ရှိနေသည်။
''ဆဋ္ဌမဖြစ်ရပ် (သတိပြုစောင့်ကြည့်ရမည့် ပေါက်ကွဲလုပဋိပက္ခများ)''
နိုင်ငံများစွာတွင် ယခင်ကာလများကတည်းက ပဋိပက္ခအကြီးအသေးများစွာ ရှိနေပြီးဖြစ်သည်။ ထိုအထဲတွင် စိုးရိမ်စရာကောင်းသည့်ပေါက်ကွဲလုနီးပါး အခြေအနေများလည်းရှိနေသည်။ မပြီးပြတ်သေးသော ရုရှား-ယူကရိန်းစစ်ပွဲနှင့်အတူ အာရုံအပြောင်းအလဲဖြစ်လာနေသော ရုရှားသမ္မတပူတင်၏ အခြေအအောက်၌ နယ်စပ်ဒေသဝန်းကျင်များတွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားလာသည်။ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ဒေသတို့ကြားတွင်လည်း တအုံနွေးနွေးပြဿနာရှိနေသည်။ လာမည့်ကာလများအတွင်း တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်ပတ်သက်၍ အရေးပါသောလုပ်ဆောင်ချက်တစ်ခုမဟုတ်တစ်ခု ပြုလုပ်လာနိုင်သည်ဟု ခန့်မှန်းထား ကြသည်။ ထို့ပြင် ဟိမဝန္တာဒေသတွင်ဖြစ်ပေါ်နေသော အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား တင်းမာမှုသည်လည်း ပိုမိုကြီးမားလာနိုင်သည်။
နေတိုးအဖွဲ့ဝင်များဖြစ်ကြသော တူရကီနိုင်ငံနှင့် ဂရိနိုင်ငံတို့ကြားတွင်လည်း အေဂျီယန်ပင်လယ်တွင်းရှိ ကျွန်းတန်းများပတ်သက်၍ တစ်ချိန်က စစ်ဖြစ်လုနီးပါးအခြေအနေရှိခဲ့ပြီး ရလဒ်အဖြေမပြီးပြတ်သေးသည့်ပြဿနာရှိနေသည်။ ယခုအချိန်တွင် စွမ်းအင်အရင်းအမြစ်ဖူလုံရေး၊ သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေရေး အကြောင်းများဖြစ်ပေါ်လာခဲ့ပြီးနောက် နှစ်နိုင်ငံတင်းမာမှုကြီးမားလာလျက်ရှိ၏။ တူရကီနိုင်ငံသည် အေဂျီယန် ( Aegean) ပင်လယ်ထဲရှိ ဂရိနိုင်ငံပိုင် ကျွန်းတစ်ကျွန်းကို သိမ်းပိုက်နိုင်ရေး အားထုတ်လာနိုင်သည်ဟု ထင်မြင်ယူဆနေကြသည်။
''သတ္တမဖြစ်ရပ် (မဟာမိတ်များအပြောင်းအရွေ့ဖြစ်လာနိုင်မှု)''
ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲများကြားတွင် အင်အားကြီးနိုင်ငံများကြား မဟာမိတ်များ အခြေအနေအပြောင်းအလဲများဖြစ်လာနိုင်သည်။ ရုရှား-ယူကရိန်စစ်ပွဲကြောင့် ပြန်လည်သက်ဝင်လှုပ်ရှားလာသော နေတိုး (NATO) အဖွဲ့သည် အဖွဲ့ဝင်သစ်ဖြစ်လာမည့် ဆွီဒင်နိုင်ငံနှင့် ဖင်လန်နှစ်နိုင်ငံအတွက် အဖွဲ့ဝင်များသဘောတူညီချက် အတည်ပြုလက်မှတ်ရေးထိုးမည့်ကိစ္စများ ပြီးစီးသွားနိုင်သည်။
မကြာသေးသည့် ၂၀၂၀ ပြည့်နှစ်ကပေါ်ပေါက်လာသော အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများ ပုံမှန်ဆက်ဆံရေးဖြစ်စေသည့် အာဗျာဟမ်သဘော တူညီချက် (Abraham accords) သည်လည်း အမြင်အမျိုးမျိုးအောက်တွင်ရှိနေသည်။ ထိုသဘောတူညီချက်ပေါ်နှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံ၏သဘောထားကိုလည်း ဆက်လက်စောင့်ကြည့်စရာများရှိနေသည်။
ထို့ပြင် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများပါဝင်သည့် ကွာ့ဒ် (Quad) အဖွဲ့၊ အမေရိကန်၊ ယူကေနှင့် ဩစတြေးလျနိုင်ငံများပါဝင်သည့် အောကပ်စ် ( AUKUS) နှင့် အိန္ဒိယ၊ အစ္စရေး၊ ယူအေးအီးနှင့် အမေရိကန်နိုင်ငံများပါဝင်သည့် အိုင်တူးယူတူး ( I2U2) အဖွဲ့တို့သည်လည်း ဒေသတွင်း စစ်ရေး၊နိုင်ငံရေးတို့၌ ယခင်ကထက် အရေးပါမှု ပိုမိုမြင့်တက်လာနိုင်သည်။ သို့သော် အိန္ဒိယ၊ အစ္စရေး၊ ယူအေအီးနှင့် အမေရိကန်တို့ကို ပါဝင်နေသည့်အုပ်စုသည် ရေရှည် လက်တွဲနိုင်မှု မရှိ/မရှိ စောင့်ကြည့်ရမည့်အခြေအနေရှိသည်ဟု သုံးသပ်ကြသည်။
''အဋ္ဌမဖြစ်ရပ် (ကိုဗစ်အလွန်ခရီးသွားလုပ်ငန်းအခြေအနေ)''
အကယ်၍ ကိုဗစ်ကပ်ရောဂါ လုံးလုံးလျားလျား ကျဆင်းသွားခဲ့ပါက သိသိသာသာမြင့်တက်မှုအခြေအနေကို ကနဦးမြင်တွေ့ရမည်မှာ ခရီးသွားလုပ်ငန်းဖြစ်သည်။ လော့ဒေါင်းကာလအလွန် ခရီးသွားလုပ်ငန်းသည် ဝယ်လိုအားများတစ်ရှိန်ထိုးကောင်းလာနိုင်ပြီး ခရီးသည်များ၏ အသုံးအစွဲပမာဏ မြင့်တက်လာနိုင်သောကြောင့် ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်က ရခဲ့သည်ဝင်ငွေအဆင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံအထိ ပြန်လည်ရရှိလာနိုင်မည်ဟု ယေဘုယျခန့်မှန်းသည်။ သို့သော် အင်ဖလေးရှင်းအခြေအနေကြောင့် ဖြစ်လာနိုင်သည်ကိုလည်း သတိပြုသင့်သည်ဟုဆိုသည်။
နိုင်ငံတကာ ခရီးသွားများ အမှန်တကယ်ပြုလုပ်မည့် ခရီးစဉ် အရေအတွက် ၁ ဒသမ ၆ ဘီလျံသည် ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ရှိခဲ့သည့်အခြေအနေ ၁ ဒသမ ၈ ဘီလျံထက် လျော့နည်းနေဦးမည်ဟု ခန့်မှန်းကြသည်။ စီးပွားရေးလုပ်ငန်းများက ကုန်ကျစရိတ်များဖြတ်တောက်နေကြဆဲ အချိန်အခါဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းဆိုင်ရာခရီးစဉ်များ ဆက်လက်နည်းပါးနေဉီးမည်ဖြစ်သည်။
''နဝမဖြစ်ရပ် (နည်းပညာထုတ်ကုန်များ၊ နည်းပညာကုမ္ပဏီများအခြေအနေ)''
အွန်လိုင်းလူ့အဖွဲ့အစည်းအတွင်း ကစားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းအပါအဝင် လှုပ်ရှားမှု အိုင်ဒီယာသစ်များသည် သမားရိုးကျ ဗွီဒီယိုဂိမ်းထက် ပို၍လူကြိုက်များလာနိုင်သည်။ အက်ပဲလ် (Apple) နည်းပညာကုမ္ပဏီသည်၎င်း၏အရည်အသွေး ထူးခြားသည့် ထုတ်ကုန်ဖြစ်မည့် Augmented Reality နှင့် Virtual Reality နည်းပညာများအသုံးပြုထားသော အဆင့်မြင်နည်းပညာသုံးနားကြပ် (AR/VR Headset ) နှင့်ပတ်သက်၍ စမ်းသပ်မှုများ ပြီးစီးနေပြီဖြစ်သောကြောင့် ၂၀၂၃ ခုနှစ် အတွင်း ဈေးကွက်အတွင်းချပြလာနိုင်သည်။ အွန်လိုင်းအသုံးပြုသူများ ယခင်သုံးနေကျဖြစ်သည့် စကားဝှက်များ (passwords) နေရာတွင် အသုံးပြုမှုလွယ်ကူပြီး
ပိုမိုစိတ်ချရသည့် လျှို့ဝှက်သော့များ (passkeys) ကိုအစားထိုးပြောင်းလဲအသုံးပြုမှုများ ပိုမိုဖြစ်လာနိုင်သည်ဟုလည်း ကြိုတင်ခန့်မှန်းထားကြသည်။ လူမှုမီဒီယာကွန်ရက်လောကတွင် လူသိများသော ဖေ့စ်ဘွတ်ကုမ္ပဏီ ၂၀၂၁ ခုနှစ် အမည်သစ်ပြောင်းလဲခဲ့သည့်မက်တာ (Meta) ကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်း ကုမ္ပဏီ၏ ရှယ်ယာများ တန်ဖိုးအလွန်အမင်းထိုးကျနေသာကြောင့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းမဟာဗျူဟာအပြောင်းအလဲများ လုပ်ဆောင်လာနိုင်သည်။
''ဒသမဖြစ်ရပ် (ဝေါဟာရသစ်များ၊ အခြေအနေသစ်များ)''
ယခင်ကမရှိခဲ့သော အသုံးအနှုန်းအသစ်အဆန်းများ၊ ယခင်က အသုံးနည်းသော ဝေါဟာရများ နှစ်သစ်တွင် ခပ်စိပ်စိပ်ကြားလာရမည်။ ၂၀၂၃ ခုနှစ်တွင် အသုံးဝင်မည့်အရေးပါသော ဝေါဟာရများဖြစ်နိုင်သဖြင့် အားလုံးသိရှိထားရန်လိုလိမ့်မည်။ ဥပမာအားဖြင့် နင်ဘီ (NIMBY )၊ ယင်ဘီ(YIMBY) ကဲ့သို့ အသုံးအနှုန်းမျာ။ မြို့ပြတည်ဆောက်ရေး၊ အိမ်ရာဖွ့ံဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်ပတ်သက်၍ အသုံးပြုသည့်စကားလုံးများဖြစ်သည့် NIMBY ဆိုသည်မှာ No, In My Backyard စကား၏အတိုကောက်ဖြစ်ပြီး ဒေသစ်တစ်ခုတွင် ဖွံ့ဖြိုးမှုစီမံကိန်းများ၊ အိမ်ရာပရောဂျက်များပြုလုပ်ရန်ရှိပါကေ ဒသခံများက လက်မခံခြင်း၊ဆန့်ကျင်ခြင်း၊ ထောက်ခံမှုမပြုခြင်း သဘောမျိုးသက်ရောက်သည်။ YIMBY ဆိုသည်မှာ Yes, In My Back Yard စကား၏အတိုကောက်ဖြစ်ပြီး အဆိုပါအစီအစဉ်များ၊ပရောဂျက်များကိုလိုလားခြင်း၊ လက်ခံခြင်းဖြစ်သည်။ NIMBY ၏ဆန့်ကျင်ဘက်သဘောဆောင်သည်။
ဘဏ္ဍာရေးဈေးကွက်လောကတွင် ကျယ်ကျယ်လောင်လောင်ဖြစ်ကာ လူကြိုက်များခဲ့သော ခရစ်တိုငွေကြေးများ (cryptocurrencies ) သည် ၂၀၂၂ခုနှစ်တွင် အကြီးအကျယ်တန်ဖိုးကျဆင်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှုဆက်လက်ရှိ နေဆဲဖြစ်သည်။ ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှှင့် အင်စတီကျူးရှင်းဆိုင်ရာ စဉ်းစားစရာများရှိနေဆဲဖြစ်သည်။ အနာဂတ်ကာလများတွင် ခရစ်တိုငွေကြေးအခြေအနေ မည်သို့ရှိမည်ကို မည်သူမျှ တိတိကျကျခန့်မှန်းနိုင်ခြင်းမရှိသေးပေ။
အွန်လိုင်း လူအဖွဲ့အစည်းပိုမိုကျယ်ပြန့်လာသောအခြေအနေတွင် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်နိုင်သည့် လျှို့ဝှက်သင်္ကေတဖြင့် စာရိုက်အသုံးပြုခြင်းသည်လည်း ယခင်ကထက် ပို၍ အရေးပါလာလိမ့်မည်ဟုလည်း ယူဆနေကြသည်။
''နိဂုံး''
ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးတို့တွင် တည်ငြိမ်မှုရှိခဲ့သော ကာလများ၊ အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းရှိသော ကာလများကို ကိုဗစ်ကပ်ရောဂါက အဆုံးသတ်စေခဲ့ပြီဟုမှတ်ယူရမည်။ ယနေ့ကမ္ဘာကြီးသည် ကပ်ရောဂါအလွန်ကာလတုန်လှုပ်မှုများ၊ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုကြောင့်ဖြစ်လာသော အဆိုးအကောင်းအပြောင်းအလဲများ၊ စီးပွားရေးမတည်ငြိမ်မှု၊ ပြင်းထန်သော ရာသဥတု၊ လျင်မြန်သော လူမှုရေးနှင့် နည်းပညာအပြောင်းအလဲများဖြင့် စသည့်
အမျိုးမျိုးသော အကြောင်းများဖြင့် ပို၍ မတည်မငြိမ်ဖြစ်လာသည်။ ၂၀၂၃ ကမ္ဘာကြီးသည် ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိခြင်းသည့် နယူးနော်မယ် (ခေါ်) ပုံမှန်မဟုတ်သော အခြေအနေအောက်တွင်ရှိနေဆဲဖြစ်သည်။
ကမ္ဘာပေါ်တွင်နေထိုင်ရှင်သန်နေသော အသင်စာဖတ်သူသည်လည်း လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် အခြေအနေများ၊ အနာဂတ်တွင်ဖြစ်လာနိုင်သည့်အခြေအနေများနှင့် ဝေးရာသို့ ထွက်ပြေးသွားရန်မဖြစ်နိုင်။ အားလုံးကိုမဖြစ်မနေရင်ဆုံကြုံတွေရပေလိမ့်မည်။ ကြိုတင်မှန်းဆထားမှုများ သိရှိထားခဲ့ပါက တတ်နိုင်သည့်အခြေအနေအတွင်း၌ ပြင်ဆင်မှုများပြုလုပ်နိုင်မည်။ လက်တွေ့ရင်ဆိုင်ကြုံတွေ့လာရပါက ကြိုတင်ပြင်ဆင်ထားမှုများဖြင့် ယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင် ပေလိမ့်မည်။
Ref: The Economist










