ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ လျှော့ချပြီး ရပ်တန့်ရန်လိုအပ်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ လျှော့ချပြီး ရပ်တန့်ရန်လိုအပ်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 10 January 2023

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများလျှော့ချပြီး ရပ်တန့်ရန်လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်တိုင်းရင်းသားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန်နှင့် နိုင်ငံအဝန်းဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး နိုင်ငံတော်အကျိုးအတွက်ဆိုသည့် တူညီသောစိတ်ဆန္ဒများ ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လေးနှစ်ကျော်ကာလတိုင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအန္တရာယ်များအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးခဲ့ကြောင်း၊ ယခုဆက်လက်၍လည်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာကာလ ထပ်မံတိုးမြှင့်ရပ်စဲပေးထားကြောင်း ၎င်းက ဆိုသည်။

နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 

 

 

Most Read

Most Recent