ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသအတွင်း ဝင်ရောက်လှုပ်ရှားသည့် PDF များအား ကူညီထောက်ပံ့သူ လေးဦး၊ PDF အဖွဲ့ဝင် အသေခြောက်ဦးအပါအဝင် ၁၀ ဦး စုစုပေါင်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသအတွင်း ဝင်ရောက်လှုပ်ရှားသည့် PDF များအား ကူညီထောက်ပံ့သူ လေးဦး၊ PDF အဖွဲ့ဝင် အသေခြောက်ဦးအပါအဝင် ၁၀ ဦး စုစုပေါင်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
Published 9 January 2023

ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသအတွင်း ဝင်ရောက်လှုပ်ရှားသည့် PDF များအား ကူညီထောက်ပံ့သူ လေးဦး၊ PDF အဖွဲ့ဝင် အသေခြောက်ဦးအပါအဝင် ၁၀ ဦး စုစုပေါင်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နစက၏သတင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်စီစဉ်လျက်ရှိသော အဖွဲ့များအားကူညီဆောင်ရွက်ပေးလျက်ရှိသည့် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ်ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝန(ခ)စိုးသန်းဝင်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် ဥူးဇဝန(ခ)စိုးသန်းဝင်း၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် ၎င်းနှင့်အတူ PDF အဖွဲ့များအား ကူညီဆောင်ရွက်ပေးနေသည့် သန်းဇော်ဌေး(ခ) သားငယ်အား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ညောင်ခါးရှည်ကျေးရွာအနီး၌လည်းကောင်း၊ ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) PDF အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် အဖွဲ့ဝင်အိုက်ရွန်တို့အား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက်(၅)ရှိ နန္ဒဝန်စားသောက်ဆိုင်၌ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ စကားပြောစက် တစ်လုံးတို့ဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူဇော်ဇော်အောင်(ခ)ဆရာကျောင်း၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် PDF အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှု သတင်းများပေးပို့ခဲ့သော တင်တင်ညို(ခ)မလေးအား တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်(၂၁၉/ခ)ရှိ နေအိမ်၌လည်းကောင်း၊ ငွေကြေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် မင်းမင်းဦးအား တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ အမှတ်(၅၉၁) နေအိမ်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ၎င်းတို့အဖွဲ့ဝင်များ ခိုအောင်းလျက်ရှိသည့် ညောင်ရွှေမြို့့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်သို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ တောင်ခြားပြင်ကျေးရွာအနီးရှိ တောတွင်းအရောက်၌ PDF အဖွဲ့အင်အား ၂၀ ဦးခန့်မှ လုံခြုံရေးအဖွဲ့များအား လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အဖွဲ့များသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် PDF အဖွဲ့မှခေါင်း ဆောင်တစ်ဦးဖြစ်သူ ဖိုးခွား(ခ)အင်းဖိုးခွားအပါအဝင် (စိစစ်ဆဲ) အမျိုးသားငါးဦး၏ အလောင်းများ၊ AK-47 သေနတ်တစ်လက်၊ M-4 သေနတ်တစ်လက်၊ MF-12 သေနတ် တစ်လက်၊ ကာဘိုင်တစ်လက်၊ လောင်ချာတစ်လက်၊ လက်လုပ်သေနတ်ခုနစ်လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်းကိုးလုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone တစ်စင်း၊ စကားပြောစက်လေးလုံး၊ မြေပုံ ခုနစ်ရွက်၊ ပြောက်ကျားယူနီဖောင်းရှစ်စုံ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆက်လက် ဆောင်ရွက်စဉ် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ညောင်ရွှေ မြို့ နယ်၊ ကံရွာကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့အား ပစ်ခတ်မှုတွင်ပါဝင်ခဲ့သည့် PDF အဖွဲ့ ဝင်များဖြစ်သော ဇော်မျိုးအောင်၊ ဇွဲညီထွန်းနှင့် ကတုံး(သေဆုံး)တို့သုံးဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းရှစ်ဦး၊  အလောင်းခြောက်လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်းကိုးလုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခုနှင့် Drone တစ်စင်းတို့အား ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် အိုက်ရွန်တို့နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအနီး၌ PDF သင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။

ထို့အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်း၌ ဖမ်းဆီးရန် ကျန်ဖိုးခွား(ခ) ဖားပျံဖိုးခွားခေါင်းဆောင်သည့် PDF အဖွဲ့ကို အင်အား ၅၀ ဦး ခန့်ဖြင့်လည်းကောင်း၊ ဇော်ဇော်အောင်(ခ)ဆရာကျောင်း ခေါင်းဆောင်သည့် PDF အဖွဲ့ ကို အင်အား ၄၀ ဦးခန့်ဖြင့်လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ကိုစိုင်းခေါင်းဆောင်သည့် PDF အဖွဲ့ကို အင်အား ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ဖိုးခွား(ခ)အင်းဖိုးခွား ခေါင်းဆောင်သည့် PNDF အဖွဲ့ကို အင်အား ၁၅၀ ဦးခန့် ဖြင့်လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ခွန်ရောင်နီ (ခ) အောင်ဝင်း ခေါင်းဆောင်သည့် PDF အဖွဲ့ကို အင်အား ၅၀ ဦးခန့်ဖြင့်လည်းကောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအပြင် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ) ဆရာကျောင်း ခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၁၅ ဦး၊ ဖမ်းဆီးရန်ကျန် ဖိုးခွား(ခ) ဖားပျံဖိုးခွားခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၁၀ ဦး၊ ဖမ်းဆီးရန်ကျန် ကိုစိုင်းခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၁၅ ဦး၊ ဖိုးခွား(ခ)အင်းဖိုးခွား ခေါင်းဆောင်သော PDF အဖွဲ့မှ အင်အား ၂၀ ဦး၊ PNDF အဖွဲ့မှ ဖမ်းဆီးရန်ကျန်ခွန်ရောင်နီ(ခ) အောင်ဝင်း ခေါင်းဆောင်သော အင်အား ၁၀ ဦး၊ စုစုပေါင်းအင်အား ၇၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးဒေသအတွင်းသို့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှတစ်ဆင့် အဖွဲ့များခွဲ၍ဝင်ရောက်လာပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ လုံခြုံရေး ကင်းစခန်းများအားလည်းကောင်း၊ ပေါင်းပိန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်အားလည်းကောင်း ဝင်ရောက်တိုက်ခိုက်ပြီး အစိုးရဌာနဆိုင်ရာ အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရားဖူးများဖြင့် စည်ကားနေသည့် ဖောင်တော်ဦးဘုရားဝန်းကျင်တွင် ဖောက်ခွဲမှုများ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ)ဆရာကျောင်းသည် ထိုင်းနိုင်ငံနေ ဖမ်းဆီးရန်ကျန် ကျော်ကြားနှင့် စင်္ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန်နန်းစံတို့၏ချိတ်ဆက်မှုဖြင့် NUG အဖွဲ့နှင့် ပြည်တွင်း/ပြည်ပရှိ ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ လိုအပ်သော လက်နက်/ခဲယမ်းများအား ဝယ်ယူစုဆောင်းခဲ့ကြောင်း၊ တင်တင်ညို(ခ)မလေးသည် မင်းမင်းဦးမှတစ်ဆင့် ဇော်ဇော်အောင်(ခ) ဆရာကျောင်းနှင့် ၎င်း၏အဖွဲ့များထံသို့ ငွေကြေးနှင့်ရိက္ခာပစ္စည်းများအားခြောက်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး တိုက်ခိုက်မည့် အစီအစဉ်မတိုင်မီတွင်လည်း ဇော်ဇော်အောင်(ခ)ဆရာကျောင်းထံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှု သတင်းများအား ဆက်သွယ်ပြောကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent