စေ့စပ်ညှိနှိုင်းရေး

စေ့စပ်ညှိနှိုင်းရေး
Published 6 January 2023

“စေ့စပ်ညှိနှိုင်းခြင်းဆိုတာ မူဝါဒ မဟုတ်ဘူး။ နည်းစနစ်ပဲ။ ခင်ဗျား အသာစီးရနိုင်တဲ့အခါ အသုံးပြုတဲ့ တစ်စုံတစ်ရာဖြစ်ပြီး ခင်ဗျား အသာစီးမရနိုင်တဲ့အခါ အသုံးမပြုတဲ့ တစ်စုံတစ်ရာသာ ဖြစ်တယ်”

ဂျွန်ဘော်လ်တန် (၁၉၄၈ ဖွား)

အမေရိကန်ရှေ့နေ၊ သံတမန်၊ ရီပက်ဘလီကင်အကြံပေးနှင့် နိုင်ငံရေးသုံးသပ်သူ

စေ့စပ်ညှိနှိုင်းခြင်း (Negotiation) ဟူသည် နှစ်ဦး၊ နှစ်ဖွဲ့ သို့မဟုတ် ယင်းထက်ပိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့များအကြား အပြန်အလှန် ဆွေးနွေးခြင်းဖြစ်သည်။ နားလည်မှုတစ်ရပ် ရရှိရန်၊ ကွဲပြားခြားနားနေသော အချက်များကို ဖြေရှင်းရန်နှင့် အကျိုးစီးပွား အမျိုးမျိုးအတွက် ကျေနပ်မှုရရှိစေသည့် ပုဂ္ဂိုလ်အလိုက် သို့မဟုတ် အဖွဲ့အလိုက် ရလဒ်များ ထွက်ပေါ်လာအောင် ညှိယူရန်ရည်ရွယ်သည်။

စေ့စပ်ညှိနှိုင်းရေးသည် လုပ်ငန်းများ၊ အကျိုးအမြတ် ရယူခြင်းမရှိသည့် အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဌာနခွဲများ၊ ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များ၊ နိုင်ငံအချင်းချင်းအကြားနှင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း အုပ်ထိန်းခွင့်ရယူခြင်းတို့ကဲ့သို့သော ပုဂ္ဂိုလ်ရေးအခြေအနေရပ်များ အစရှိသဖြင့် လူတို့၏နေ့စဉ်ဘဝထဲ၌ တွေ့မြင်နေကျ ကိစ္စမျိုးသာဖြစ်၍ ထူးဆန်းလှသည်ဟူ၍ကား မဆိုသာပေ။ စေ့စပ်ညှိနှိုင်းသူ (Negotiation) တို့ကို အခြေခံအားဖြင့် အမျိုးအစား သုံးမျိုးခွဲခြားထားရာ ယင်းတို့မှာ ပျော့ပျောင်းစွာ အပေးအယူလုပ်သူ (Hard bargainer)၊ တင်းတင်းမာမာ အပေးအယူလုပ်သူ (Hard bargainer) နှင့် စည်းမျဉ်း စည်းကမ်းအရ အပေးအယူလုပ်သူ (Principled bargainer) တို့ဖြစ်ကြသည်။

Soft bargainer များသည် အပေးအယူလုပ်ရာတွင် ပျော့ပျောင်းသောစတိုင်ကို ကျင့်သုံးသည်။ ၎င်းတို့ ကမ်းလှမ်းသည့် အချက်များသည် ၎င်းတို့အတွက် အကောင်းဆုံး အကျိုးစီးပွား မဟုတ်ပေ။ သူတို့သည် အခြားသူများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ အလျှော့ပေးသည်။ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားသည်။ သူတို့သည် တစ်ဖက်မှ ညှိနှိုင်းသူနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းလိုကြသည်။ သူတို့သည် အခြားသူအပေါ် မိတ်ဆွေကဲ့သို့ သဘောထားပြီး သူတို့၏ ရည်မှန်းချက်သည် သဘောတူညီမှု ရရှိရန်သာ ဖြစ်သည်။ သူတို့သည် ဆန္ဒချင်းအပြိုင်ဖြစ်မှုကို ရှောင်ရှားပြီး သဘောတူညီမှုအပေါ်သာ အခြေပြုလျက် ဖြေရှင်းရန် နည်းလမ်းများကို ကမ်းလှမ်းကာ အခြားသူတို့၏ ယုံကြည်မှုကို အလွယ်တကူ ရယူပြီး ထင်မြင်ယူဆချက်များကို ပြောင်းလဲစေသည်။

Hard bargainer များသည် တစ်ဖက်သားအပေါ် သြဇာလွှမ်းမိုးမှုရယူရန် ဗျူဟာများကို သုံးစွဲသည်။ သူတို့သည် “ဒါ ကျွန်တော့်ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ပဲ” နှင့် “ယူချင်ယူ မယူချင်နေ” အစရှိသော စကားများကို သုံးစွဲတတ်သည်။ သူတို့သည် ခြိမ်းခြောက်မှုများ ပြုလုပ်တတ်ပြီး တစ်ဖက်သားကို လေးစားမှုမရှိ။ ၎င်းတို့၏ အနေအထားကို အလျှော့မပေး။ စေ့စပ်ညှိနှိုင်းရာ၌ ဖိအားများကို အသုံးပြုသည်။ သူတို့သည် တစ်ဖက်သားကို ပြိုင်ဘက်ကဲ့သို့ သဘောထားပြီး သူတို့၏ ရည်မှန်းချက်သည် အနိုင်ရရှိရန်ပင် ဖြစ်သည်။

Principled bargainer များသည် သမူဟဖြစ်သော ဖြေရှင်းချက်များကို ရှာဖွေသူများ ဖြစ်သည်။ သူတို့သည် ရည်ရွယ်ချက်များ၊ စေ့ဆော်ချက်များနှင့် ပါဝင်သူများ၏ လိုအပ်ချက်များထက်စာလျှင် ပြဿနာသပ်သပ်အပေါ်၌ အခြေပြုသည်။ သူတို့သည် လူပုဂ္ဂိုလ်များကို ပြဿနာမှနေ၍ သီးခြားခွဲထုတ်ထားပြီး စံသတ်မှတ်ချက်များအပေါ် အခြေပြုသည့် ရလဒ်များ ထွက်ပေါ်လာအောင် ကြိုးပမ်းသူများဖြစ်သည်။ သူတို့ အသုံးပြုသည့် စံသတ်မှတ်ချက်များမှာလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆန္ဒစွဲများမှနေ၍ လွတ်ကင်းသည်။ သူတို့သည် သူတို့၏ ရွေးချယ်မှုများကို အာဏာ၊ ဖိအား၊ မိမိကိုယ်တိုင်၏ အကျိုးစီးပွား သို့မဟုတ် တစ်ဖက်သတ် ဆုံးဖြတ်ထားသည့် လုပ်ငန်းစဉ်များထက်စာလျှင် ဓမ္မဓိဋ္ဌာန်ကျသော စံပြုအချက်များ အပေါ်၌သာ အခြေပြုသည်။ ယင်းစံပြုအချက်များသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ သင့်တော်မျှတသည့် စည်းမျဉ်းများ၊ ပရော်ဖက်ရှင်နယ်ဆန်သည့် စံသတ်မှတ်ချက်များ၊ အစဉ်အလာများ အစရှိသော တစ်ဖက်သတ်မဆန်သည့် ဓမ္မဓိဋ္ဌာန်ကျသော အချက်များဖြစ်သည်။

ထို့ကြောင့် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်ရာတွင် ဆွေးနွေးဖက်များ အားလုံးသည် Hard bargainer များဖြစ်ပါက မည်သည့်ရလဒ်မျှ ထွက်ပေါ်လာမည်မဟုတ်ဘဲ Principled bargainer များဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent