ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (Passport ရုံး)အား ဇန်နဝါရီ ၂ ရက်ကစတင်၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း Passport သွားရောက်ပြုလုပ်သူများနှင့် အဆိုပါရုံးအနီးနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် Passport ရုံးပြန်ဖွင့်မည့်ရက်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်းနှင့် တစ်လ (သို့မဟုတ်) နှစ်လခန့်ကြာမြင့်နိုင်ကြောင်း အဆိုပါရုံးနှင့်နီးစပ်သူများက ခန့်မှန်းပြောဆိုမှုများလည်းရှိကြောင်း သိရသည်။
Passport အသစ်ပြုလုပ်ရန် သွားရောက်စုံစမ်းသူတစ်ဦးက “မနေ့က ဇန်နဝါရီ ၂ ရက်ကစပြီး ပိတ်လိုက်တာလို့ သိရတယ်။ ရုံးလုပ်ငန်းအားလုံးကို ပိတ်ထားလိုက်တာပေါ့။ QR code က ကျပြီးသား။ ဒါပေမယ့် ပိတ်ထားလို့ ဝင်ခွင့်မပြုဘူး။ စာအုပ်ထုတ်လည်း မရဘူး။ သက်တမ်းတိုးလည်း မရဘူးတဲ့။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာလည်း မသိသေးဘူး” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကုန်းကြမ်းပစ္စည်းဖြစ်သည့် စာအုပ်ပြတ်တောက်ခြင်းနှင့် Online Booking စနစ် ဆော့ဖ်ဝဲအသစ် ပြန်လည်ရေးသားနေမှုကြောင့်လည်း Passport ရုံးအား ပိတ်ထားခြင်းဖြစ်နိုင်ကြောင်း Passport စာအုပ်ဝန်ဆောင်မှုပေးခြင်း လုပ်ကိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိ Online Booking စနစ်အားရပ်ဆိုင်းကြောင်းနှင့် QR Code များကို ပွဲစားများမှတဆင့် မတန်တဆစျေးဖြင့် ဝယ်ယူခြင်းမပြုလုပ်ရန် ဒီဇင်ဘာ ၄ ရက်ညပိုင်းက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူခြင်းစနစ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစတင်၍ ရပ်ဆိုင်းကြောင်း၊ ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Online Booking စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် မိမိတို့ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက်အသုံးပြုဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ရှိ Passport ရုံးအား ပိတ်ထားခြင်းကြောင့် QR Code ရက်ချိန်းရရှိထားသူများအနေဖြင့် ဝင်ရောက်၍ မရသေးကြောင်း သိရသည်။















