သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၈၈ သန်းကျော် ဝင်ရောက်မြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၈၈ သန်းကျော် ဝင်ရောက်မြှုပ်နှံထား
သီလဝါအထူးစီးပွားရေးဇုန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
သီလဝါအထူးစီးပွားရေးဇုန်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 2 January 2023

သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ အထူးစီးပွားရေးဇုန်ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၁၈၈ ဒသမ ၄၉၀ သန်း ဝင်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် A ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဇုန် B ကိုလည်း အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စက်ရုံပေါင်း ၁၂၂ ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်းဒေါ်လာ ၂၁၄၉ သန်းကျော်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် စက်ရုံပေါင်း ၁၀၂ ခု လည်ပတ်လျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က)ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ (ဆ)ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၁-၆၅၈၁၃၂၊ ၀၉၂၀၁၃၈၂၁ email.dica@mptmail.net.mm နှင့် dica.ip.mm@gmail.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ  ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ  ၁၃၃ သန်းကျော်ဖြင့် တတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent