တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် တပ်မတာ်ဖြစ်ပြီး စည်းလုံးညီညွတ်ပါက မည်သူမျှထိခိုက်အောင် ဆောင်ရွက်၍ မရနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်ခန်းမ၌ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသခံတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် တပ်များဖြစ်သဖြင့် ဒေသခံများနှင့်တပ် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ပြီး စုစုစည်းစည်းဖြင့် ညီညီညွတ်ညွတ်ရှိရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့်အင်အားရှိမည်ဆိုပါက မည်သူမျှ မိမိတို့၏ တပ်ရင်းတပ်ဖွဲ့ကို ထိခိုက်အောင် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ကြောင်း၊ အလားတူဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး အတူတကွ စုစည်းညီညွတ်စွာနေထိုင်မည်ဆိုပါက ဒေသကို မည်သူမျှထိ၍ရမည်မဟုတ်သဖြင့် စည်းလုံးခြင်း၏အားကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပူတာအိုဒေသသည် သွားရေးလာရေး ကန့်သတ်ချက်ရှိသည့်နေရာတစ်ခုဖြစ်ပြီး ရာသီမရွေးသွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပူတာအိုဒေသအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများ အားလုံးစည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ နယ်မြေခံတပ်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များတွင် ဒေသခံတိုင်းရင်းသားများနှင့် တိုင်းရင်းသူများပါဝင်ကြောင်း ၎င်းက ဆိုသည်။
တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ စည်းကမ်းတကျရှိစေရန်နှင့် စည်းစနစ်ကျနစေရန်အတွက် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံနေထိုင်ရန် လိုအပ်သကဲ့သို့ ကိုယ်ပိုင်အချိန်များတွင်လည်း စည်းကမ်းရှိစွာဖြင့် လွတ်လပ်စွာ နေထိုင်ရန် ခွင့်ပြုပေးထားကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သတ်မှတ်ဝတ်စုံများ ဝတ်ဆင်ရာတွင် စနစ်တကျရှိရန်လိုအပ်သကဲ့သို့ အရပ်ဝတ်ဝတ်ဆင်ရာတွင်လည်း သေသပ်မှုရှိရန်လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိခြင်းသည် စစ်သည်တစ်ဦးချင်း၏ ဘဝအတွက် ကောင်းမွန်သည့် အလေ့အကျင့်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နေ့စဉ် လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန်ဆောင်ရွက်၍ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင်မည်ဆိုပါက လေ့ကျင့်သား ပြည့်ဝပြီး အရည်အသွေး ပြည့်ဝသည့် စစ်သည်များဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့ကိုင်ဆောင်နေရသည့် လက်နက်များ၊ အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံး ချနိုင်ရန်အတွက် အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ သို့မှသာ စစ်မြေပြင်တွင် လက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တာဝန်ထမ်းဆောင်ချိန်ကာလများတွင် သတိဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်မြေပြင်၌ အချိန်၊ ရာသီဥတု၊ မြေအနေအထားတို့အပေါ်တွင် မူတည်၍ အလစ်အငိုက်တိုက်ခိုက်ကြခြင်းဖြစ်သဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကို မောင်နှင့် တာဝန်ရှိသူများ၊ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့သည်။















