နိုဝင်ဘာ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ရော်ဘာတန်ချိန် ၉၇၈၀ ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၂၈၀၀ ပိုမိုတင်ပို့

နိုဝင်ဘာ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ရော်ဘာတန်ချိန် ၉၇၈၀ ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၂၈၀၀ ပိုမိုတင်ပို့
Published 13 December 2022

နိုဝင်ဘာ တတိယပတ်အတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ရော်ဘာတန်ချိန် ၉၇၈၀ ကျော် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၂၈၀၀ ပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂ ဒသမ ၈၁၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၂ရဝကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၇၀ နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၀ တင်ပို့ခဲ့သည်။

အဆိုပါကာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၆ ဒသမ ၁၃၅ သန်းတန်ဖိုးရှိ ရော်ဘာ ၇၅၁၇ တန် တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၇၃၃၀ ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်းမှ ရော်ဘာ ၁၈၅ တန်ခန့် တင်ပို့ခဲ့ကြောင်းသိရသည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများမှ တစ်ပတ်အတွင်း ရော်ဘာတန်ချိန် ၉၇၈၀ ကျော်တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၂၈၀၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်း ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာ စိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကိုတရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူ အားလုံးကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသား ပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင် ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent