မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၈၂၅ ဝန်းကျင်ရှိနေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၈၂၅ ဝန်းကျင်ရှိနေ
Published 12 December 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြင်ပစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ်၂၈၂၅ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခု နှစ် စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၅၀ ကျပ်၊ ထိုင်းဘတ် ၈၁ ကျပ်၊ ဂျပန်ယန်း ၂၀.၅၀ ကျပ်၊ တရုတ်ယွမ်  ၄၀၅ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်မှ ထပ်မံ၍အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။