ယုတ္တိဗေဒနှင့် တရားမျှတမှု

ယုတ္တိဗေဒနှင့် တရားမျှတမှု
Published 16 November 2022

ယုတ္တိဗေဒ (Logic) ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ သိပ္ပံပညာပင်ဖြစ်သည်။ ယုတ္တိဗေဒဖြင့် လူတို့သည် အမှန်အမှားကို ခွဲခြားနိုင်သည်။ အတွေးအခေါ်ပညာရှင် အရစ္စတိုတယ်၏ ယုတ္တိဗေဒဆိုင်ရာ ဥပမာတစ်ခုမှာ “လူတိုင်းသည် တစ်ချိန်တွင် သေမည်။ အရစ္စတိုတယ်သည် လူဖြစ်သည်။ ထို့ကြောင့် အရစ္စတိုတယ်သည် တစ်ချိန်တွင် သေမည်” ဟူ၍ဖြစ်သည်။ ယုတ္တိဗေဒဟူသည် ရှေးဟောင်းဂရိဘာသာမူရင်း၌ စကားလုံး သို့မဟုတ် ပြောစကားဟု အဓိပ္ပာယ်ရသည်။ သို့သော် အလွန်ယေဘုယျကျသော အမှန်တရားနှင့် ပတ်သက်သည့် အကြောင်းအရာများ၌ တွေးလုံး သို့မဟုတ် ဆင်ခြင်မှုဟူသည့် အဓိပ္ပာယ် ဖြစ်လာသည်။ ယခုအခါ ယုတ္တိဗေဒဟူသည် ခိုင်မာသော ကောက်ချက်/ဆိုလိုချက်၏ ပုံစံအား စနစ်တကျလေ့လာမှုဖြစ်လာသည်။ ဆိုလိုချက်နှင့်ပတ်သက်သော ယူဆချက်နှင့် ကောက်ချက်ချမှုတို့အကြား ယုတ္တိဗေဒဆိုင်ရာ ထောက်ပံ့မှုနှင့်ပတ်သက်သည့် သီးခြား ဆက်နွှယ်မှုတစ်ရပ်ရှိသည့်အရာကို ခိုင်မာသောအဆိုဟု ခေါ်ဆိုသည်။

ပုံမှန်ဖော်ပြချက်များ၌ ကောက်ချက်များကို ‘ထို့ကြောင့်’ ဟူသောစကားလုံးဖြင့် ဖော်ပြလေ့ရှိသည်။ ယုတ္တိဗေဒ၏ တိကျသော အဝန်းအဝိုင်းနှင့် အကြောင်းအရာအပေါ် တစ်ကမ္ဘာလုံးက လက်ခံထားသည့် သဘောတူညီချက် မရှိပေ။ သို့သော် အစဉ်အလာ သဘောအရ ယုတ္တိဗေဒတွင် အဆိုပြုချက်များကို အဆင့်ခွဲခြားခြင်း၊ ခိုင်မာသော အဆိုအားလုံး၌ တွေ့မြင်နေကျဖြစ်သည့် ယုတ္တိဗေဒဆိုင်ရာပုံစံနှင့်ပတ်သက်၍ စနစ်တကျ ရှင်းလင်းဖော်ပြခြင်း၊ ဟာကွက်များအပါအဝင် ကောက်ချက်များကို လေ့လာခြင်းနှင့် ၀ိရောဓိများအပါအဝင် ဝေါဟာရ^၀ါကျတို့၏ အဓိပ္ပာယ်ရင်းမြစ်ကို လေ့လာခြင်း အစရှိသည်တို့ပါဝင်သည်။ သမိုင်းကိုကြည့်လျှင် ယုတ္တိဗေဒကို ဒဿနိကဗေဒပညာ (ရှေးခေတ်ကတည်းက) နှင့် သချင်္ာပညာ (၁၉ ရာစု အလယ်ပိုင်းမှစ၍) တို့တွင် လေ့လာခဲ့ကြသော်လည်း ယနေ့မျက်မှောက်ခေတ်၌ ကွန်ပျူတာသိပ္ပံ၊ ဘာသာဗေဒ၊ စိတ်ပညာနှင့် အခြားပညာရပ်နယ်ပယ်များ၌ပါ ယုတ္တိဗေဒ ကို လေ့လာ၍လာကြသည်။

မည်သို့ပင်ဆိုစေ တရားမျှတမှုဟူသည်မှာ ယုတ္တိဗေဒအတိုင်း ပြုမူခြင်းပင်ဖြစ်သည်။ ယုတ္တိဗေဒဟူသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်သည့် အချက်အလက်များအပေါ် အခြေပြုထားသကဲ့သို့ လူတိုင်းအတွက် အတူတူပင်ဖြစ်သည်။ တူညီသော အချက်အလက် များ ရှိနေသမျှကာလပတ်လုံး တရားမျှတမှုသည်လည်း တစ်ဦးမှတစ်ဦး လူကိုလိုက်၍ ကွဲပြားခြားနားမည်မဟုတ်ပါ။ လူများ၊ နိုင်ငံများအနေဖြင့် အချင်းချင်း ပြဿနာများ၊ သဘောမတူညီနိုင်မှုများ ဖြစ်ပွားလေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဘက်ဘက် သို့မဟုတ် နှစ်ဘက်စလုံးအနေဖြင့် ယုတ္တိဗေဒနှင့်မညီစွာ၊ တရားမျှတမှုမရှိစွာ ပြုမူသော ကြောင့်ဖြစ်သည်။ လူတိုင်းလူတိုင်းက ယုတ္တိဗေဒနှင့်အညီ တရားမျှတစွာ ပြုမူကြမည်ဆိုပါက ပဋိပက္ခများနှင့် သဘောမတူညီမှုများ ရှိလာနိုင်မည်မဟုတ်ပါ။

တရားမျှတမှု (Justice) ဟူသည် မျှတမှုကိုဆုံးဖြတ်သည့် ဥပဒေရေးရာ သို့မဟုတ် ဒဿနိကဗေဒဆိုင်ရာ သဘောတရားဖြစ်သည်။ တရားမျှတမှုဟူသည် လူ့ဘဝ၏ အနှစ်သာရဖြစ်ပြီး ဘဝနှင့်ပတ်သက်သည့် အရာရာသည် တရားမျှတမှုပေါ်၌သာ အခြေပြုသင့်သည်။ တရားမျှတမှုသည် အခြားစံတန်ဖိုးများအားလုံးကို လွှမ်းခြုံထားသည့် စံတန်ဖိုးတစ်ရပ်ဖြစ်သည်။ တရားမျှတမှုမပါဘဲ မည်သည့်အရာမျှ မှန်ကန်နိုင်လိမ့်မည်မဟုတ်ပါ။ တရားမျှတမှု မရှိသောကြောင့်သာ ဒုစရိုက်မှုများသည် မကောင်းသောအရာများ ဖြစ်ကြခြင်း ဖြစ်သည်။ တရားမျှတမှုသဘောတရားကို အစောပိုင်း၌ ရှေးဟောင်းဂရိတွေးခေါ်ရှင် ပလေတိုက သူ၏ The Republic ဟူသည့်ကျမ်း၌ စတင်ချပြခဲ့သည်။ ၁၇ ရာစုအတွင်း ဂျွန်လော့က်ကဲ့သို့သော သဘောတရားရေးရာ ပညာရှင်များက မျှတမှုနှင့်ပတ်သက်သော ဆင့်ပွားပုံစံတစ်ရပ်အဖြစ် သဘာဝအတိုင်းရှိသည့် အခွင့်အရေးများကို အကြံပြုခဲ့သည်။ လူမှုရေးဆိုင်ရာ သဘောတူညီမှုအစဉ်အလာတွင် တွေးခေါ်ရှင်များက တရားမျှတမှုသည် သက်ဆိုင်ရာလူတိုင်း၏ အပြန်အလှန်သဘောတူညီချက်မှနေ၍ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ၁၉ ရာစုအတွင်း ဂျွန်စတူးအက်မေးလ်အပါအဝင် လက်တွေ့အသုံးကျမှုဝါဒ တွေးခေါ်ရှင်များက အကောင်းဆုံးအကျိုးဆက်များရှိသည့်အရာကို တရားမျှတမှုဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ ယုတ္တိဗေဒနှင့်မညီသော သို့မဟုတ် တရားမျှတမှုမရှိသော လုပ်ဆောင်ချက်မှန်သမျှသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ပျက်စီးရာပျက်စီးကြောင်း အကြောင်းတရားပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent