ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် လာအို၊ ဘရူနိုင်း၊ ထိုင်း လေတပ်ဦးစီးချုပ်များ သီးခြားစီတွေ့ဆုံ၍ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးအတွက် နှစ်နိုင်ငံလေတပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် လာအို၊ ဘရူနိုင်း၊ ထိုင်း လေတပ်ဦးစီးချုပ်များ သီးခြားစီတွေ့ဆုံ၍ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးအတွက် နှစ်နိုင်ငံလေတပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Published 8 November 2022

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် လာအို၊ ဘရူနိုင်း၊ ထိုင်းလေတပ်ဦးစီးချုပ်များ သီးခြားစီတွေ့ဆုံ၍ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးအတွက် နှစ်နိုင်ငံလေတပ်များ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုလေတပ်ဦးစီးချုပ် Brigadier General Khamledk Sengphachanh၊ ဘရူနိုင်းလေတပ် ဦးစီးချုပ် Brigadier General (U) Dato Seri Pahlawan Mohd Shrif Bin Dato Paduka နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်များအကြား လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးတို့အတွက် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် လွန်ပရာဘန် မြို့တော်ရှိ Luang Prabang View ဟိုတယ်၌ ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference-19th AACC) သို့ တက်ရောက်ခဲ့ပြီး “Together for Peace and Stability of ASEAN” အား အသီးသီးဆွေးနွေးခဲ့ကာ အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်များကို အတည်ပြုလက် မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (20th ASEAN Air Chiefs Conference-20th AACC) အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးအတွက် ကာကွယ်ရေးဦးစီးချုပ်(လေ)ထံသို့ လာအိုလေတပ်ဦးစီးချုပ်က ASEAN Air Chief Conference ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုလွှဲပြောင်းပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လာအိုနိုင်ငံကာကွယ်ရေးဝန်ကြီးအား အာဆီယံလေတပ်ဦးစီးချုပ်များနှင့်အတူ သွားရောက်တွေ့ဆုံနှုတ်ဆက်ကြပြီးနောက် လာအိုနိုင်ငံလေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံလေတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

လာအိုနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference-19th AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

 

 

 

Most Read

Most Recent