ကော်သူးလေနယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ စစ်ဘေးရှောင်သုံးသိန်းကျော်ရှိသည့်အနက် တစ်သိန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေ

ကော်သူးလေနယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ စစ်ဘေးရှောင်သုံးသိန်းကျော်ရှိသည့်အနက် တစ်သိန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေ
Published 8 November 2022

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲပေါင်း ၃၈၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် သုံးသိန်းကျော်ရှိသည့်အနက် တစ်သိန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ခရိုင်တပ်မဟာ ခြောက်ခုအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွင် အောက်တိုဘာတစ်လအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ရှိကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၈၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်ခံရမှု ၁၀၇ ကြိမ်ရှိခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံသုံးသိန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး တစ်သိန်းကျော်မှာ အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၁ ခု နှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းကိုလည်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent