ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် အရေးပေါ်ဆေးကုသခွင့်ပြုရန် တောင်းဆိုကြောင်း UN ထုတ်ပြန်

ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် အရေးပေါ်ဆေးကုသခွင့်ပြုရန် တောင်းဆိုကြောင်း UN ထုတ်ပြန်
Published 25 October 2022

ဖားကန့်ရှိ KIA တပ်မဟာ (၉) တွင် ကျင်းပသည့် (၆၂) နှစ်မြောက် KIO ထူထောင်ရေးနေ့အကြိုပွဲ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် အရေးပေါ်ဆေးကုသခွင့်ပြုရန် ကုလသမဂ္ဂ (UN) က အောက်တိုဘာ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

ကနဦး အစီရင်ခံစာများအရ သေဆုံးသူများရှိပြီး အရပ်သားများ ထိခိုက်ဖွယ်ရှိကြောင်း သိရသည်ဟု ကုလသမဂ္ဂ (UN) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းအတွက် ကုလသမဂ္ဂ (UN) က အထူးစိုးရိမ်ပူပန်ဝမ်းနည်းကြေကွဲရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် တိုက်ခိုက်ခံရမှု အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂ (UN) က သိရှိရန် ကြိုးပမ်းနေစဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိသူအားလုံး၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းကိုလည်း ကုလသမဂ္ဂ (UN) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်ကမူ ကေအိုင်အေတပ်မဟာ (၉) ဌာနချုပ်အား တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခဲ့သော နေရာသည် KIA တပ်မဟာ (၉) ၏ ဌာနချုပ်နယ်မြေဖြစ်ပြီး အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော နေရာဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအတိအကျမှာ ဖားကန့်နယ်မြေအတွင်းရှိ နိုင်ငံပိုင်သဘာဝသယံဇာတဖြစ်သည့် ကမ္ဘာကျော်ကျောက်စိမ်းများကို တရားဝင်နှင့် တရားမဝင်တူးဖော်နေသည့် ကုမ္ပဏီများနှင့် ရေမဆေး ကျောက်သမားများအပေါ် ဆက်ကြေးတောင်းခံရန် KIA နှင့် KIO ဗဟိုမှ ဖွဲ့စည်းထားသည့် KIA တပ်မဟာ (၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ၎င်းနေရာအား Google Map တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကာ ပြည်သူများနေထိုင်ခြင်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်း နေထိုင်ခြင်းတို့ကို ခွဲခြားကြည့်ရှုနိုင်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ (၉) နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF များနှင့်အတူ သာလွန်အင်အားဖြင့် ကိုးကြိမ်အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင် ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့ တရားဝင်အခွန်ပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ ခုနှစ် မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီး နင်းတိုက်ခိုက်ခြင်း၊ လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျားပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်း၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ်နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်းကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ ၁၁ ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ (၉) နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

လိုင်ဇာ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဆိုသူ ဖေရန်တို့အပါအဝင် KIA နှင့် PDF များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ROE အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။