KIA တပ်မဟာ ၉ နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့၏ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

KIA တပ်မဟာ ၉ နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့၏ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 25 October 2022

KIA တပ်မဟာ ၉ နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့၏ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဖားကန့်တွင် တေးဂီတဖျော်ဖြေပွဲအား တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်အဆိုတော်အချို့ သေဆုံးကြောင်း သတင်းများသည် ကောလာဟလသာဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်ဟု ပါရှိသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသည် KIA တပ်မဟာ ၉ လက်နက်ကိုင်အဖွဲ့၏ အခြေပြု နေထိုင်သည့်နေရာနှင့် ၎င်းတို့စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး ပြည်သူများနေထိုင်သည့် နေရာမဟုတ်ကြောင်းနှင့် အများပြည်သူများ မသွားနိုင်သည့် ကန့်သတ်နယ်မြေဖြစ်ကြောင်း သိရှိရသည်ဟု ထုတြ်ပန်ချက်တွင် ပါရှိသည်။

ယင်းနေရာတွင် KIA သည် PDF များနှင့် ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့များ၏စခန်းများအား မကြာခဏတိုက်ခိုက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည်တို့အပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်သွားလာနေသည့် ခရီးသည်တင် ရေယာဉ်များကိုလည်း ပစ်ခတ်နှောက်ယှက်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် တန်ပြန်စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာမီက လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့သည့် သတင်းများသည် ကောလာဟလများသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းများအရ KIA တာဝန်ရှိသူများနှင့် PDF များ သေဆုံးသည်ဟု သိရှိရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement- ROE) နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးနောက် အစိုးရအား ဆန့်ကျင်သည့်အဖွဲ့များ၊ မီဒီယာများနှင့် အတည်မပြုနိုင်သည့် ဆိုရှယ်မီဒီယာပါဖော်ပြချက်များကို အခြေခံပြီး တစ်ဖက်သတ်ဆန်သည့် သတင်းများထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူတို့အနေဖြင့် ဖြစ်စဉ်ကို သေချာစွာစိစစ်ပြီးမှ သတင်းများထုတ်ပြန်ရန်နှင့် ထုတ်ပြန်ရာတွင်လည်း မှန်ကန်တိကျမှု မရှိပါက သတင်းမှားများနှင့် ကောလာဟလများကို ရည်ရွယ်ချက်ရှိစွာ ထပ်ဆင့်ထုတ်လွှင့်ခြင်းမျိုးဖြစ်စေပြီး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ အသိအမှတ်ပြု သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများကို ချိုးဖောက်ရာရောက်ကြောင်း သက်ဆိုင်ရာသံရုံးများနှင့် ကုလသမဂ္ဂထံ ကန်ကွက်သတိပေးမှုများ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်။

အထူးသဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ်(၂) စာပိုဒ်(၇)အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဟူသောအချက်ကို လိုက်နာရန် အရေးကြီးမှုကို အလေးအနက်ထား ထပ်လောင်းဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။