စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက မိမိအသင်းမှာ ချန်ပီယံဆုအတွက် စိန်ခေါ်သူမဟုတ်ကြောင်း မန်ယူအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ဝန်ခံပြောကြားသည်။
စပါးအသင်းသည် ဗုဒ္ဓဟူးနေ့ ညပိုင်းက မန်ယူအသင်းနှင့်ကစားသည့် အဝေးကွင်းပွဲတွင် နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် အမှတ်ပေးဇယား ဒုတိယနေရာတက်ရောက်နိုင်မည့် အခွင့်အရေး လက်လွတ်ခဲ့ရသည်။
စပါးအသင်းအနေဖြင့် တတိယနေရာတွင် ဆက်လက်ရပ်တည်နေသော်လည်း ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် တစ်ပွဲပို၊ လေးမှတ် ကွာဟသွားပြီဖြစ်သလို ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့်လည်း တစ်ပွဲပို၊ ရမှတ်တူ၊ ဂိုးကွာခြားချက် ၁၃ ဂိုး ကွာဟနေသည်။
သို့ဖြစ်ရာ ယင်းပွဲအပြီးတွင် ကွန်တီက ''တစ်ခါတလေမှာ ကျွန်တော်တို့က ချန်ပီယံဆုအတွက် စိန်ခေါ်သူဖြစ်ကြောင်း ကျွန်တော် ကြားမိတယ်။ ကျွန်တော်ကတော့ အချိန်လိုအပ်တယ်လို့ ထင်ပါတယ်။ ၁၀ လ၊ ၁၁ လ လောက်နဲ့ အဆင့် ၉ နေရာကနေ တစ်နှစ်အကြာမှာပဲ ချန်ပီယံစိန်ခေါ်သူဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အင်္ဂလန်မှာရှိတဲ့ ဘီလူးကြီးတွေထက် အမှတ် ၂၀ လောက် ပိုနည်းခဲ့တယ်ဆိုရင်ပေါ့။ ဒီလိုပွဲမျိုးမှာ ရှုံးနိမ့်လို့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ အများကြီး ပိုလုပ်ပြနိုင်ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ယူနိုက်တက်က နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့က ပွဲစကတည်းက ကောင်းကောင်းကစားနိုင်ခဲ့သလို ဂိုးရနိုင်တဲ့အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်'' ဟု ပြောကြားသည်။















