မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ် အာမခံဖြင့် ပြန်လွှတ်လာ

မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ် အာမခံဖြင့် ပြန်လွှတ်လာ
Photo : Getty Images
Photo : Getty Images
Published 20 October 2022

မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် အာမခံဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုမှ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

အသက် (၂၁) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ၂၀၂၁ အောက်တိုဘာလအတွင်းက ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုကြောင့် ဖမ်းဆီးခံခဲ့သည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အတင်းအကျပ်စေခိုင်းမှု စသည့်စွဲချက်များနှင့်ပါ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ယင်းသို့ အမှုရင်ဆိုင်နေရသည့် ဂရင်းဝုဒ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် အာမခံရခဲ့သော်လည်း စည်းမျဉ်းချိုးဖောက်သည်ဟုဆိုကာ အောက်တိုဘာ (၁၇) ရက်က ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

ဂရင်းဝုဒ်အနေဖြင့် တရားလိုအမျိုးသမီးအား ခြိမ်းခြောက်ခြင်း၊ ရိုင်းစိုင်းသည့်မှတ်ချက်များ ပြောဆိုခြင်းအပြင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်မှုများကြောင့် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဂရင်းဝုဒ်သည် ထောင်တွင် (၂)ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်း၏ရှေ့နေများက အာမခံလျှောက်ထားခဲ့ရာ Minshull St Crown တရားရုံးမှ တရားသူကြီး ဂျွန်ပေါ်တာက ဂရင်းဝုဒ်ကို ခေါ်ယူကာ ကြားနာခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အား ထုတ်မှုအပြင် စွဲချက်များအားလုံးကို ဂရင်းဝုဒ်က မိမိတွင်အပြစ်မရှိဟု ငြင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent