အက်စတွန်ဗီလာအသင်း၏နည်းပြ စတီဗင်ဂျရတ်သည် ရလဒ်ဆိုးများကြောင့် ဖိအားများအောက် ရောက်နေပြီး လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲတွင် ရလဒ်မကောင်းပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သိရသည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲကစားအပြီးတွင် နိုင်ပွဲ(၂)ပွဲသာ ရရှိသေးပြီး ရမှတ်(၉)မှတ်ဖြင့် အဆင့်(၁၆)နေရာ ရောက်ရှိနေသည်။
လက်ရှိရာသီအဖွင့်ရလဒ်ပိုင်းမှာ ပရီးမီးယားလိဂ်မှ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသော ၂၀၁၅-၁၆ ရာသီပြီးလျှင် အဆိုးရွားဆုံးဖြစ်နေသည့်အတွက် ဂျရတ်အနေဖြင့် ရာထူး မှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု ထင်ကြေးပေးနေကြခြင်း ဖြစ်သည်။
ယခုအခါ အသင်း၏ အမှုဆောင်ချုပ် ပါစလိုးက ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်တို့နှင့် ယှဉ်ပြိုင်ကစားရမည့် လာမည့် ပွဲစဉ်နှစ်ပွဲမှ ရလဒ်ပိုင်းအပေါ် မူတည်၍ ဂျရတ်၏အနာဂတ်ကို ဆုံးဖြတ်ပေးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။















