သမ္မတရှီကျင်းပင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသော်လည်း တရုတ်သည် ပိုမိုခက်ထန်လာသည်ကို မြင်တွေ့ရဟု အမေရိကန်ပြောကြား

သမ္မတရှီကျင်းပင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသော်လည်း တရုတ်သည် ပိုမိုခက်ထန်လာသည်ကို မြင်တွေ့ရဟု အမေရိကန်ပြောကြား
အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ တက်ရောက်ရန် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးသို့ သမ္မတရှီကျင်းပင် ရောက်ရှိလာစဉ် (Photo-AFP)
အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ တက်ရောက်ရန် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးသို့ သမ္မတရှီကျင်းပင် ရောက်ရှိလာစဉ် (Photo-AFP)
Published 18 October 2022
Ref:AFP

သမ္မတရှီကျင်းပင်သည် တရုတ်နိုင်ငံကို ပိုမိုခက်ထန်သော လမ်းကြောင်းအတိုင်း ဦးဆောင်လျက်ရှိသော်လည်း သမိုင်းတွင်မည့် တတိယမြောက်ရာထူးသက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် ပြင်ဆင်နေစဉ် တူညီသော အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်စိတ်အားထက်သန်လာခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်တွင် စတင်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ၌ သမ္မတ ရှီကျင်းပင်သည် COVID-19 ကပ်ရောဂါနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ၎င်း၏တုံ့ပြန်ကိုင်တွယ်ပုံများကို အမွှမ်းတင်ပြောဆိုခဲ့သည်။ အဆိုပါကွန်မြူနစ်ပါတိ ညီလာခံအတွင်း သမ္မတရှီအနေဖြင့် လူဦးရေ သန်းတစ်ထောင်ကျော်ရှိသော တရုတ်နိုင်ငံအား နောက်ထပ်ငါးနှစ်သက်တမ်းတစ်ကြိမ် ထပ်မံအုပ်ချုပ်ခွင့်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ အာဏာရကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံကို အောက်တိုဘာ ၂၂ ရက်အထိ ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။

“မကြာသေးခင် နှစ်တွေအတွင်း သမ္မတရှီကျင်းပင်ရဲ့ ဦးဆောင်မှုအောက်မှာ မတူကွဲပြားတဲ့ တရုတ်နိုင်ငံကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

“ပြည်တွင်းမှာ ဖိနှိပ်ချုပ်ချယ်မှု ပိုများလာပြီး နိုင်ငံတကာ မျက်နှာစာမှာဆိုရင်လည်း ပိုပြီးခက်ထန်လာပါတယ်။ ဖြစ်စဉ်အတော်များများမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေနဲ့ ကျွန်တော်တို့ ကိုယ်ပိုင်စံတန်ဖိုးတွေကို စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်လည်း တက်ရောက်ခဲ့သည့် စတန်းဖို့ဒ်တက္ကသိုလ်တွင် ပြုလုပ်သည့် ဖိုရမ်တစ်ခုတွင် ဘလင်ကင်က ပြောကြားခဲ့သည်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပေါ့ပေါ့တန်တန်သဘောထား၍ မရနိုင်ကြောင်း ဘလင်ကင်က ဆိုသည်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် မူးယစ်ကုန်ကူးမှုတိုက်ဖျက်ရေး ကဏ္ဍတို့တွင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာ့နိုင်ငံများက လေးလေးနက်နက် မျှော်လင့်နေမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ပူးပေါင်းပါဝင်လာခြင်းမရှိလျှင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်းကို မိမိတို့အနေဖြင့် သိရှိပါကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အပျက်သဘောဖြင့်မဟုတ်ဘဲ အပြုသဘောဖြင့် ပါဝင်ပူးပေါင်းလာရန် ကမ္ဘာ့နိုင်ငံများ၏ တောင်းဆိုမှုများကို လိုလိုလားလား တုံ့ပြန်ရမည်ဖြစ်ကြောင်းလည်း ဘလင်ကင်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား လက်တွေ့ကျသော ထိတွေ့ဆက်ဆံမှုများ မရှိပါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် များစွာပိုမိုခက်ခဲလာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လာမည့်နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်တွေ့ဆုံမှုအဖြစ် သမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတရှီကျင်းပင်တို့ တွေ့ဆုံဖွယ်ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခံထားရသည်။ ယင်းသည် သမ္မတရာထူးကို အသီးသီးထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ၎င်းတို့နှစ်ဦးအကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent