တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဦးတည်သော လူနေမှုဘဝပုံစံဖော်ဆောင်ရေးကို အဓိကဦးစားပေးသွားမည်ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း သမ္မတရှီကျင်းပင်က ပြောကြားခဲ့သည်။
ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ကြိမ်သာ ကျင်းပလေ့ရှိသည့် အာဏာရကွန်မြူနစ်ပါတီ ညီလာခံ၌ အဖွင့်မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် တိးတက်မှုများ ရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ပြီး မြေဆီလွှာပျက်စီးမှုကို ထိန်းချုပ်နေစဉ်အတွင်း ရေထုနှင့် လေထုညစ်ညမ်းမှုတို့ကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်သွားမည်ဟု ၎င်းက တတိပေးခဲ့သည်။
“ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ သမိုင်းတွင်မယ့် ကျယ်ပြန်တဲ့ အပြောင်းအလဲတစ်ရပ်နဲ့ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့အမိမြေရဲ့ ကောင်းကင်ယံဟာ အပြာရောင်ပိုတောက်ပလာပြီး တောင်ကုန်းတောင်တန်းတွေဟာလည်း ပိုလို့တောင်စိမ်းလန်းလာပါတယ်။ ရေပြင်ကလည်း ပိုပြီးကြည်လင်တောက်ပနေပါပြီ” ဟု သမ္မတရှီက ပါတီကိုယ်စားလှယ် ၂၃၀၀ အား ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း စီးပွားရေးအလွန်လျင်မြန်စွာ တိုးတက်ခဲ့ခြင်း၏အကျိုးဆက်ဖြစ်သော ဘေးပန်းထိခိုက်မှုများကို ပြန်လည်ကုစားရေးသည် သမ္မတရှီကျင်းပင် အာဏာရယူခဲ့သည့် ဆယ်စုနှစ်တာ ကာလအတွင်း အဓိကဦးစားပေးမူဝါဒများထဲမှတစ်ခု ဖြစ်ခဲ့သည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိလျှင် ရန်လိုသောအင်အားစုများက ယင်းကိုအကြောင်းပြု၍ ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ရေးပျက်ပြားအောင် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ရှီ က ၂၀၁၈ ခုနှစ်တွင် သတိပေးခဲ့ဖူးသည်။
ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးသည်လည်း ကမ္ဘာ့အလယ်တွင် တရုတ်နိုင်ငံ၏ ဂုဏ်သတင်းကိုမြှင့်တင်ရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းရေးကို ဦးတည်သော ကမ္ဘာလုံးဆိုင်ရာ စက်မှုတော်လှန်ရေးအသစ်ဆီသို့ ဦးတည်နိုင်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ရာသီဥတု ပူနွေးလာခြင်း၏ အဓိကအကျဆုံး အကြောင်းရင်းဖြစ်သော ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များထဲတွင် ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု ကင်းမဲ့ရေးကို ၂၀၆၀ ခုနှစ် နောက်ဆုံးထား၍ လုပ်ဆောင်သွားမည်ဟု ရှီက ယမန်နှစ်တွင် ကတိပြုခဲ့သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံး နိုင်ငံဖြစ်သည်။
တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးသတ်မှတ်ချက်နှင့် ကာဗွန်ထုတ်လွှတ်မှု ကင်းမဲ့ရေးမျှော်မှန်းချက်များ ပြည်မီစေရန် တိုင်းပြည်၏ စွမ်းအင်အရင်းအမြစ်များနှင့် ချိန်ညှိလျက် ဖြည်းဖြည်းမှန်မှန် ဖော်ဆောင်သွားမည်ဟုလည်း သမ္မတရှီက ပါတီညီလာခံ၌ ပြောကြားခဲ့သည်။ ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုနည်းသော စီးပွားရေးလုပ်ငန်းများကို အားပေးထောက်ပံ့သွားမည်ဖြစ်ကာ စွမ်းအင်ဆိုင်ရာ အလုံးစုံပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်လျက် ကျောက်မီးသွေးစွမ်းအင်ကို သန့်ရှင်းထိရောက်စွာဖြင့် ဆက်လက်အသုံးပြုရေးကို လုပ်ဆောင်ပြီး စွမ်းအင်စနစ်သစ်ကို ထူထောင်သွားမည်ဟုလည်း သမ္မတရှီက ပြောကြားခဲ့သည်။














